8/22/11

ကျွန်တော်၊ တရုတ်ပြည်နှင့် ၄င်း၏အမှတ်တရများ (၂)


            ကိုယ့်ဆရာရေ ဒီတခေါက်ကျွန်တော်နဲ့ ဓါတ်တွေ့လာတာကတော့ တရုတ်ပြည်ကြီးရဲ့ ထူးခြားတဲ့ စားသောက်မှုပုံစံပါပဲ။ ကမ္ဘာ့လူဦးရေစုစုပေါင်းရဲ့ လေးပုံတစ်ပုံလောက်ကို ပိုင်ဆိုင်ထားတဲ့ စိနပြည်ကြီးမှာ အစားအသောက်ကောင်းကောင်းကိုမှီဝဲတာဟာ သူတို့အတွက် ပေထက်အက္ခရာမတင်ထားတဲ့ ယဉ်ကျေးမှုတစ်ရပ်ပါ။ နှစ်ကူး၊ မင်္ဂလာဆောင်၊ ကလေးကင်ပွန်းတပ် ကစလို့ စီးပွားရေး၊ နိုင်ငံရေးအထိကို စားပွဲသောက်ပွဲတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍအနေနဲ့ ပါဝင်လို့နေပါတယ်။ တော်ရုံတန်ရုံပြဿနာလောက်ကတော့ စားရင်းသောက်ရင်း၊ ပြောရင်းဆိုရင်းနဲ့ ပြေလည်မှုရသွားတတ်ကြစမြဲပါ နိုင်ငံ့ဧရိယာကျယ်သလို လူဦးရေလည်းထူထပ်တဲ့ဒီနိုင်ငံကြီးမှာ ယဉ်ကျေးမှုဓလေ့ စရိုက်တွေကလည်း တကျောင်းတဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်းဆိုရလောက်အောင်ကိုများပါတယ်။ တောင်ပိုင်းနဲ့မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့အနာက်ပိုင်း ဝေးလို့ထားဦး၊ ကပ်လျက်မြို့နှစ်မြို့တောင် ဘာသာစကားနဲ့ အစားအသောက်ပုံစံကမတူကြဘူး။ အရင်တခေါက်ကျွန်တော်ရောက်ခဲ့တဲ့မြို့က ဟင်းတွေက အချိုအရသာကဲပြီး ဒီတစ်ခေါက်မြို့ကတော့ ဟင်းချိုလောက်နဲ့တင် ကုလား အဘား၊အဘား အော်ရလောက်တယ်။ ဒီနှစ်မြို့က ကားနဲ့သွားရင် လေးနာရီလောက်ပဲ မောင်းရပါတယ်။ အဲဒိ့လောက်ကို ကွဲပြားနေတာဆိုတော့ ကျွန်တော်မသိတဲ့ တခြားမြို့တွေအကြောင်း မပြောတော့ပဲ ကျွန်တော်ရောက်ဖူးတဲ့ ကွမ်းစီးပြည်နယ်က ၂မြို့၊ ၃မြို့အကြောင်းပဲလိုက်ပါတယ်။
            တနေ့တော့ ကျွန်တော်အလုပ်သွားလုပ်နေတဲ့ သင်္ဘောကျင်းက စားသေက်ပွဲတစ်ခုဖိတ်တယ်။ ကျွန်တော့်ကိုတိုက်ရိုက်လာဖိတ်တာတော့ ဘယ်ဟုတ်မလဲ။ ကျွန်တော်နဲ့ အလုပ်အတူတူတွဲလုပ်နေတဲ့ နယ်ခံကိုလာပြောတာပေါ့။ အဲဒီကောင်ကလည်း ကျွန်တော့်ကို ဘာပွဲလဲဆိုတာကို ပြန်ရှင်းမပြ၊ ကျွန်တော်ကလည်း ဝါးတီးဆိုတာနဲ့တင် အင်မတန်ခိုင်လုံတဲ့ အကြာင်းပြချက်ဆိုပြီး သူတို့ခေါ်ရာနောက်ကို ကောက်ကောက်ပါအောင်ကိုလိုက်သွားတာပေါ့။ ထုံးစံအတိုင်းတရုတ်အခမ်းအနားဆိုတော့ အနီရောင်၊ ရွှေရောင်တွေနဲ့ ခမ်းမတစ်ခုလုံးကိုပြင်ဆင်ထားတယ်။ ဒီအချိန်အထိ ဘာလုပ်တဲ့ပွဲမှန်းကို မသိသေးတာ။ အခမ်းအနားစလို့ လူကြီးတွေ၊ဘာတွေ စကားပြောပြီးတော့မှ ကျွန်တော်မျှော်နေတဲ့ အစီအစဉ်ကိုရောက်လာပါတယ်။ အနီရောင်ဆင်တူဝတ်ထားတဲ့ ကောင်လေး၊ကောင်မလေး အယောက် ၂၀ လောက်ဟာ ၂ယောက်တတွဲ တွဲပြီး အတီးအမှုတ်တွေနဲ့ ကခုန်ပြီးထွက်လာကြလေရော။ ရှေ့ဆုံးက ကောင်မလေး ၂ယောက်ကလည်း ရောင်စုံစက္ကူ အပိုင်းအစလေးတွေကိုကြဲလို့။ သီချင်းပြီးအောင် က၊ခုန်ကြပြီးတော့ တစ်ယောက်တစ်ဖက်ဆီ လူသွားလမ်းဘေးမှာ လမ်းကိုမျက်နှာမူပြီးရပ်လိုက်ကြပါတယ်။ အားလုံးညိမ်သွားတာပေါ့။ သြော်..ငါ့နှယ်၊ ကိုယ်စီးတဲ့အကောင် အထီးလား၊ အမလားတောင် မသိတဲ့အဖြစ်ပဲ။ အရိပ်ပြမှ အကောင်မြင်တော့တယ်။ ဒီပွဲဟာသင်္ဘောကျင်းက လူကြီးတစ်ယောက်ရဲ့ သား ဒါမှမဟုတ် သမီး မင်္ဂလာဆောင်နေမှာပေါ့။ ဒါမျိုးတွေက တရုတ်ကားတွေထဲမှာ ပါနေကျမြင်ကွင်းပဲဟာ။ အခြေအနေကို ချက်ချင်းသုံးသပ်လိုက်တယ်။ ဘာရမလဲ ကျွန်တော်ကလည်း ကိုယ့်ဆရာတစ်ယောက်ပြောဖူးတဲ့အတိုင်း လူလည်အာရှသားပဲဟာ။ အတွေးတောင်မဆုံးဘူး တီးသံ၊မှုတ်သံတွေ ပြန်စလာတယ်။ ဟုတ်သားပဲ။ သတို့သားထွက်ရတော့မှာပေါ့။ မင်္ဂလာချိန်ကျပြီလေ။ ဟော..ထွက်လာပြီ။ ဟ..ဝေါနဲ့ဟ။ ဝေါက တရုတ်ကားတွေထဲမှာ ပေါင်ချိန်တို့စီးတဲ့ဝေါမျိုးပဲ။  ဒါပေမယ့် သူကပိုသေးတယ်။ သတို့သမီးတင်လာတာနေမှာပေါ့။ ဝေါပတ်ပတ်လည်မှာ  အနီရောင်ပိတ်စတွေကလည်းကာထားတော့ အထဲကိုမမြင်ရဘူး။ ဘာပဲပြောပြော လူရှေ့သူရှေ့ဝေါနဲ့ ထွက်ရမှာတော့ ရှက်စရာကြီးဗျာ။ ဟုတ်ဘူးလား။ တော်တော်မျက်နှာပူမယ့် အနေအထားကြီး။ အာ…မဟုတ်သေးပါဘူး။ သူများမင်္ဂလာဆောင်ကို ဝင်ခံစားနေလိုက်သေးတယ်။ ကိုယ်နဲ့ဘာဆိုင်တာမှတ်လို့။ ကျွန်တော်လည်း သတို့သမီးကိုမြင်ချင်လှပြီ။ တခါမှ ဒါမျိုးမမြင်ဖူးတာကိုး။ သီချင်းဆုံးတော့ ဝေါပတ်ပတ်လည်ကကန့်လန့်ကာတွေကို ဖြည်းဖြည်းချင်းဖွင့်ကြတယ်။ ဟော…မြင်ရပြီ။ သတို့သမီး.. ဟုတ်ဖူး။ ဝက်ကြီး ..။ ဟုတ်တယ်..ကိုယ့်ဆရာရေ..။ ဝက်မှ အမွှေးနှုတ်ထားတဲ့ ဝက်မတမ်းကို အကောင်လိုက် ပုံမပျက်ကင်ပြီး အောက်ကအသီးအရွက်တွေပေါ် မှောက်လျက်တင်ထားတာ။ ဝက်ကင်ကြီးက ဝေါပေါ်မှာကားလျားကြီးမှောက်လို့။ မှတ်ပြီလား..လူလည်အာရှသားကြီး။ ဝက်အကင်ကို အထူးဟင်းလျာအနေနဲ့ ဝေါတွေ၊ အက၊အခုန်တွေနဲ့ထုတ်လာတာကို တရုတ်မင်္ဂလာဆောင်ထင်မိတဲ့အဖြစ်။ အခမ်းအနားကလား သင်္ဘောကျင်း အနှစ် ၅၀ ဆိုလား၊ နှစ် ၁၀၀ ပြည့်ဆိုလားမသိပါဘူး နှစ်ပတ်လည်တဲ့။ ကောင်းရော…။ သိမှမသိတာကိုး။ သူတို့ဓလေ့ကိုကလည်း အဲဒီ့လောက်ထိကို ဟင်းလျာအပြင်အဆင် ဦးစားပေးကြတာ။
            ကျွန်တော်က ဘာဟုတ်သေးလဲ။ ရေခြားမြေခြားမှာ ဘာသာစကားနားမလည်လို့ ခံလိုက်ရတာ။ တရုတ်စကားပြောတဲ့ ကျွန်တော့်မန်နေဂျာကြီးလည်း ထိတာပဲ။ တနေ့ သင်္ဘောကျင်းကလူတွေဖိတ်လို့ နေလည်စာလိုက်စားရတယ်။ ကျွန်တော်တို့ဘက်က ကျွန်တော်ရယ်၊ စင်္ကာပူက ကျွန်တော့်မန်နေဂျာ စလုံးတရုတ်ဘိုးတော်ကြီးရယ်၊ သူ့လက်စွဲတော် ပြည်ကြီးပေါက်တရုတ်တစ်ယောက်ရယ်ပေါ့။ ဟင်းအမယ်တော်တော်စုံစုံနဲ့ကို ပြုစုကြတာ။ “စလုံး”ကမန်နေဂျာကြီးကိုယ်တော်တိုင် ကြွချီလာတာကိုး။ မြွေသားစွပ်ပြုတ်၊ ငမန်းတောင်ပံတွေ ဘာတွေနဲ့ဆိုတော့ ပွဲကမြိုင်တာပေါ့။ မန်နေဂျာကြီးလည်းပြုံးပြုံး၊ ပြုံးပြုံးနဲ့ကိုနေတာ။ ဟုတ်တယ်လေ။ သူ့ပွဲကိုး။ သူ့ကို ရှိန်ကြလို့ လုပ်ပေးတဲ့ပွဲပဲဟာ။ အဲဒီ့မှာ အသားဟင်းတစ်ပွဲပါလာတယ်။ ဘာဟင်းမှန်းမသိဘူး။ ကြက်ခြေထောက်လို ခြေထောက်တစ်ချေင်းလည်းပါတယ်။ မန်နေဂျာကြီးက သူ့လက်စွဲတော် တရုတ်လေးကိုမေးတယ်။ ဒါဘာသားတုန်းတဲ့။ တကယ်တမ်း မန်နေဂျာကြီးက စလုံးတရုတ်ဆိုပေမယ့် စလုံးတရုတ်တို့ထုံးစံအတိုင်း တရုတ်လိုကလည်း ဟုတ်တိပတ်တိမတတ်ပြန်ဘူး။ ဒါကြောင့် တခြားထိုင်နေကြတဲ့ ပြည်ကြီးတရုတ်တွေကိုမမေးဘဲ၊ သူ့လက်စွဲတော်လေးကို အင်္ဂလိပ်လို ကျိတ်မေးရတာ။ သူ့လက်စွဲတော်လေးကလည်း ခပ်တည်တည်နဲ့ တခြားလူတွေကိုပြန်မေးရတာပေါ့။ သူတို့ချင်းအပြန်အလှန် ပေါက်ဖော်စကားနဲ့ပြောကြပြီးတော့ မန်နေဂျာကြီးလက်စွဲတော်လေးက ရင်ကော့ပြီးစကားပြန်ပေးတယ် “Rabbit” တဲ့။ ယုန်သားပေါ့။ သူမော်ကြွားမယ်ဆိုလည်း၊ မော်ကြွားချင်စရာကိုး ဒီဝိုင်းထဲမှာရှိတဲ့ ပြည်ကြီးပေါက်အချင်းချင်းထဲမှာ သူ့လို  ဘိလပ်စကားပြောနိုင်တဲ့လူက ခပ်ရှားရှားမဟုတ်လား။ ရင်ကော့၊ ခေါင်းမော့ထားတာပေါ့။ ခပ်မာမာပဲ။ သူ့တပည့်ကျော်ကြီးကိုယ်တိုင်က ရှင်းပြနေပြီဆိုတော့ မန်နေဂျာကြီးလည်း တီးတော့တာပေါ့။ သူက ဒီအသားမြည်းချင်နေတာ။ စင်္ကာပူးဒီးယန်းကြီးဆိုတော့ တော်ရုံစိတ်မသန့်ပဲလဲ မစားရဲပြန်ဘူး။ သူက တော်တော်လည်းရွံတတ်ပုံရတယ်။ ခုတော့ တီးပြီလေ။ ယုန်သားဆိုတာ စင်္ကာပူမှာ ရှားပါးမဟုတ်လား။ ကျွန်တော်ကတော့ ယုန်သားနဲ့သိပ်မတူဘူးလို့ထင်တာပဲ။ အသားက မာဆတ်ဆတ်ကြီးကိုး။ အဲဒီအချိန်မှာပဲ သင်္ဘောကျင်းဘက်ကလူတွေထဲကတစ်ယောက်က ဘိဓတဂတ်အိုးကွဲတစ်ယောက်က အင်္ဂလိပ်လိုထပြောတယ်။ ဒါယုန်သားမဟုတ်ပါဘူး၊ ကြွက်သားပါတဲ့။ အေးရော… ကြွက်ထဲမှာတောင် တော်တော်ကြီးတဲ့ကြွက်ဗျာ။ မြေကြွက်ကြီးလားမသိဘူး။ ခြေထောက်ရိုးကြီးတောင်နဲတာမှ မဟုတ်တာ။ ကျွန်တော်ကတော့ ထန်းတောထဲမှာ ကြွက်ကင်မြည်းဖူးနေကြဆိုတော့ ထွေထွေထူးထူးမဖြစ်ပေမယ့် ကိုယ့်ဆရာစင်္ကာပူဒီးယန်းကြီးကတော့ မျက်နှာကြီးကိုနီလာတာပဲ။ ဒါမျိုးကျတော့ တရုတ်သွေးပီသဗျ။ မျက်နှာကြီးသာနီလာတာ လူကြီးရှက်တော့ ခပ်ပြုံးပြုံးဆိုတဲ့အတိုင်း ပြုံးတုန်းတုန်းကြီးကလည်းလုပ်ထားရသေးတယ်။ ပြုံးနေတာလား အံကြိတ်နေတာလားတောင်မသိတော့ပါဘူး။ စဉ်းစားသာကြည့်ပေတော့။ ပါးစပ်ထဲမှာလဲ စားလက်စက တန်းလန်းကြီးနဲ့။ ပြီးတော့မျက်နှာနီကြီးနဲ့ သူ့ရဲ့လက်စွဲတော်စကားပြန်ကို လှမ်းကြည့်ပြီးပြောတယ် “မင်းပြောတော့ ယုန်ဆို…..” တဲ့။ သူ့တရုတ်လေးလဲပြုံးနေပါတယ်။ ဒါပေမယ့် မချိသွားဖြဲ ပြုံးကြီးပါ။ နောက်တခါ ဟင်းဝိုင်းပြန်လည်လာတော့ ကိုယ့်ဆရာတို့ အဲဒီပန်းကန်ကို ထိတောင်မထိတော့ပါဘူး။
            သူတို့ဆီကလူတစ်ချို့ကျတော့ အစားအသောက်ကို လွန်လွန်ကြူးကြူးကို စုံမက်တာဗျ။ မြွေသား၊ ကြွက်သား တွေကထားပါတော့။ ကျွန်တော့် နယ်ခံအသိတစ်ယောက်ပြောပြတာက လူသားတောင်မှောင်ခိုကူးကြတယ်ဆိုပဲ။ ဟုတ်မဟုတ်မသိပေမယ့် သူကတော့ အတိအကျကြီးကိုပြောတာ။ ဟိုးအရင်.. ကျွန်တော့်မေးလ်ထဲကိုလည်းသူငယ်ချင်းတစ်ယေက်က အဲဒီ့ဓါတ်ပုံတွေ Forward လုပ်ဘူးတယ်။ ဒီကကောင်ကလည်း သတ္တိအရမ်းကောင်းတာ။ ချက်ချင်းဖျက်ပြစ်တာ။ ကြည့်တောင်မကြည့်ဘူး။ ထားပါတော့ဗျာ….နောက်တစ်ခေါက်မှပဲ တရုတ်ပြည်ကြီးရဲ့ အသောက်အကြောင်းလေး ဆွေးနွေးကြတာပေါ့ဗျာ။ ခုတော့ ရေလေးဘာလေးချိုးပြီး အပြင်ထွက်ညစာ စားရဦးမယ်။ နောက်ကျလို့ ဆိုင်တွေပိတ်သွားရင် ခေါက်ဆွဲပြုတ်နဲ့နှစ်ပါးသွားနေရမှာစိုးလို့ဗျို့။…….

ကျေးဇူးတင်စွာဖြင့်
လွယ်အိတ်
(၂၂.သြဂုတ်.၂၀၁၁)

8/7/11

လမ်းစလျှောက်မယ့် ကလေးတစ်ယောက်အတွက်


ဒူးမတုန်နဲ့ကလေးရေ…..
ဒီလိုထရပ်လိုက်တာကိုက ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ…
ရပ်နိုင်တော့မှ ဘဝရဲ့ပထမဆုံးခြေလှမ်း မင်းစပြီးလှမ်းရမှာ….။

ကြောက်စိတ်မဝင်နဲ့ကလေး…..
ပထမဆုံးခြေလှမ်းမှာယိုင်လဲ မင်းဒူးပြဲချင်ပြဲမယ်…
လဲရင်ပြန်ရပ် နောက်ထပ်၊ နောက်ထပ် ခြေလှမ်းတွေစမယ်….။

လေးဖက်သွားရင်း ကျေနပ် ….
ထပြီးမရပ်ပဲနေမယ့်အစား ရပ်စမ်း၊လဲစမ်း၊ရဲရဲလှမ်း ကလေး ….
ပြီးရင်ငါတို့ ပြေးလမ်းပေါ်တက်ကြရအောင် ….။

 

စင်္ကာပူစာပေဟောပြောတွင်  ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ရွတ်ဆိုခဲ့သော ကဗျာဖြစ်ပါသည်။