6/30/12

ပခန်းမင်းကြီး ဦးရန်ဝေးနှင့် ကင်းဝန်မင်းကြီး ဦးကောင်း

ညိုမြ ရေးသားသော ကုန်းဘောင်ရှာပုံတော်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။ မြန်မာ့သက်ဦးဆံပိုင်ဘုရင်စံနစ်တွင် မင်းလိုလိုက် မင်းကြိုံက်ဆောင်တတ်သော မှူးမတ်တို့ရှိသကဲ့သို့ မသင့်လျော်လျှင် ရှင်ဘုရင်အမိန့်စာကိုပင် ဆုတ်ပြစ်သော အမတ်တို့လည်း ပေါ်ထွန်းခဲ့ဖူးကြောင်း အမှတ်ရစေ၇န် ရည်ရွယ်ပါသည်။       ။


အိုးဝေမဂဇ္ဇင်း အယ်ဒီတာ ညိုမြ
 မင်းတုန်းမင်း လက်ထက်တွင် ချင်းတွင်းနယ်မြေမှ ဘုန်းကြီးလူထွက် ၂ ဦးတို့ ကောင်းစားကြ၏။ ကောင်းစားသည်ဆိုရာ၌လည်း နည်းနည်းနောနော မဟုတ်ဘဲ နေပြည်တော်တွင် ထိပ်တန်းဖြစ်သော မင်းကြီးရာထူးများ ရရှိကြ၏။ သူတို့ ၂ ဦးမှာ ဖြစ်ရပ်ချင်း များစွာ တူညီကြသဖြင့် "ကံတူအကျိုးပေး"ဟူ၍ပင် ဆိုရလောက်ပေသည်။
    တစ်ဦးကား ပခန်းမင်းကြီး ဦးရန်ဝေးဖြစ်လျက်၊ အခြားပုဂ္ဂိုလ်မှာ ကင်းဝန်မင်းကြီး ဦးကောင်းဖြစ်သည်။ သူတို့ ၂ ဦး၏ ခြားနားချက်မှာ ရှင်ဘုရင်က သူကောင်းပြုခံယူကြပြီးနောက် ဦးရန်ဝေးက ရှင်ဘုရင်ကို အနိုင်ကျင့်လေ့ရှိသဖြင့် သူ့ကို "ပခန်း ရှင်ဘုရင်ကြီး"ဟုပင် မင်းတုန်းမင်းက ခေါ်ဆိုလေ့ရှိသည်။
    ဦးရန်ဝေးမှာ ချင်းတွင်းအနောက်ဘက် ဗန့်ကျီနယ်၊ ဗဒူရွာသားဖြစ်လျက် ၁၁၇၄ ခုဖွား ဖြစ်သည်။ ဦးကောင်းကား ထိုရွာ၏အနောက် ၈ တိုင်ကွာ မုန်တိုင်ပင်ရွာ၌ ၁၁၈၃ခု တွင် ဖွားသည်။
    ဗဒူရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမသည် ဦးရန်ဝေး၏ ဦးရီးဖြစ်၏။ ထိုကျောင်း၌ပင် ဦးရန်ဝေးသည် ဦးဝိသုဒ္ဓဘွဲ့ဖြင့် ခန်းနေဦးပဉ္ဇင်းကြီးဖြစ်လာ၏။ မုန်တိုင်ပင်ရွာမှ မောင်ကောင်းလည်း သာမဏေ ဘဝ၌ ထိုကျောင်းသို့ လာရောက် တပည့်ခံ၏။


နေပြည်တော်သို့
  ပုဂံမင်း နန်းတက်ပြီးနောက် ဦးဝိသုဒ္ဓသည် နေပြည်တော်ရှိ ဗားကရတိုက်သို့ ရောက်ရှိကာ ငွေရေးကျောင်းတွင် ကျောင်းထိုင်ဆရာတော်ဖြစ်လာ၏။ ထိုအချိန်တွင် လွှတ်တော်မင်းသားကြီးဖြစ်နေသူ မင်းတုန်းမင်းသားထံသို့ ဦးဝိသုဒ္ဓသည် မှန်မှန်ကြွရောက် တရားဟော သီလပေးခြင်း ပြုရသည်။
    မကြာမီပင် မုန်တိုင်ပင်မှ ရှင်အာသဘ(မောင်ကောင်း)သည် ငယ်ဆရာ ဦးဝိသုဒ္ဓထံ ရောက်ရှိလာ၏။ အတွင်းတပည့်အဖြစ်နေထိုင်ကာ စာပေကျမ်းဂန် ပေါက်မြောက်အောင် သင်ယူ၏။
    ၁၂၁၁ ခုတွင် မင်းတုန်းမင်းသားက ပညာဗဟုသုတအရာ လေ့လာရှာမှီးသူများ အလိုရှိကြောင်း မိန့်ကြားသဖြင့် ဦးဝိသုဒ္ဓက ရှင်အာသဘကို မင်းသားထံ ပို့ဆက်သရန် လူဝတ်လဲစေရ၏။ မင်းတုန်းမင်းသား တစ်နေ့သ၌ ရှင်ဘုရင်ဖြစ်မည်ကို ကြိုတင်သိမြင်သော ရှင်အာသဘက "အမှီကောင်းကြီးကို ရလေပြီ"ဟု ဝမ်းမြောက်စွာပင် ရဟန်းသိက္ခာ ချ၏။


လူထွက်ကြပြီ
    များမကြာမီ မင်းတုန်းမင်းသား၏ အထပ်ထပ် လျှောက်တင် တိုက်တွန်းသဖြင့် ဦးဝိသုဒ္ဓသည်လည်း လူဝတ်လဲရလေသည်။ ဦးရန်ဝေးမှာ မင်းတုန်းမင်းသား၏ အကြီးတော်ရာထူးကို ရရှိလျက်၊ ဦးကောင်းမှာ အိမ်တော်ဘဏ္ဍာစာရေး ဖြစ်လာ၏။
    မင်းတုန်းမင်းသား ထီးနန်းရရှိပြီးနောက် ဦးရန်ဝေးကို ပခန်းမင်းသားကြီးအဖြစ် ဝန်ကြီးခန့်အပ်၏။ မိဖုရားကြီး စကြာဒေဝီနှင့်တိုင်ပင်၍ ခမည်းတော် သာယာဝတီမင်း၏ ကိုယ်လုပ်တော် သန်လျင်မြို့စားနှင့် ထိမ်းမြားပေးလေသည်။ နေ့စဉ် ပခန်းမင်းကြီး အိမ်တော်သို့ မင်းတရားကြီးက ပွဲတော်အုပ် ပေးပို့သည်။ လခတော်ငွေ ၂၀၀၀ ကျပ် ရရှိရာ မင်းကြီးကတော် ၁၀၀၀ ကျပ်၊ မိမိအတွက် ၅၀၀ ကျပ်၊ ငယ်သားများအတွက် ၅၀၀ ကျပ် ဟူ၍ ဝေခွဲ သုံးစွဲလေသည်။


ဝန်ကြီး၏နှမ
    တစ်ကြိမ်က ဦိးရန်ဝေး၏နှမ ဒေါ်နီသည် မုဆိုးမဘဝ၌ နွမ်းပါးသဖြင့် မောင်ကြီးထံ လာရောက်ခိုလှုံ၏။ မင်းကြီးလည်း နှမဖြစ်သူကို ထောက်ပံ့ရန် နည်းလမ်းရှာရင်း ရွှေပန်းထိန်တော်သားများထံ ရောက်ရှိသွား၏။  ရွှေပုခက်တစ်ခုကို စီခြယ်နေရာမှ ပိုလျှံသော ၄၅ ကျပ်သားရှိ ရွှေတုန်းတစ်ခုကို တွေ့ရှိလေသည်။ "နန်းတော်ကမေးလျှင် ဤရွှေတုန်းကို ငါ ယူသွားသည် ပြောလိုက်"ဟု မှာထားကာ ယူသွားလေသည်။ အိမ်သို့ ရောက်သောအခါ နှမမယ်နီသို့ ၎င်းရွှေတုံးပေးလိုက်လေသည်။ နောက်နေ့တွင် ယောအတွင်းဝန် ဦးဘိုးလှိုင် လာရောက်မေးမြန်းရာ "မောင်လှိုင်၊ ငါက မင်းတရားကြီးပိုင် ရွှေတုံးကို ယူလာတာ မှန်ပါသည်။ ငါ့မှာ ဆင်းရဲသော နှမတစ်ယောက်ကို ထောက်ပံ့ရန် တာဝန်ရှိနေတယ်။ ငါ ရရှိသည့် ရိက္ခာတော်က လောက်ငရုံပဲ ရှိတယ်။ လာဘ်တံစိုးလက်ဆောင်လည်း  ငါဘယ်တော့မှ မယူခဲ့။ ဒါကြောင့် ခိုးခြင်း ခိုးလျှင် ငါ့အရှင်သခင်ရဲ့ ပစ္စည်းကို ခိုးပြီး နောင်သံသရာမှာလည်း အတုံ့အလှည့် ခံရပါလျှင် ကိုယ့်အရှင်သခင် အိမ်မှာပဲ ခွေးဖြစ်ဖြစ် ခံရတာက မြတ်တယ်လို့ ငါအောက်မေ့ပြီး ယူခဲ့တာပဲ"ဟု ဖြေကြားလိုက်လေသည်။
    ထိုစကားကို မင်းတုန်းမင်းကြီး ကြားတော်မူလျှင် များစွာ သဘောကျတော်မူလျက် ထိုရွှေတုံးကို နန်းတော်က ငွေတစ်ထောင်ပေး၍ ရွေးတော်မူစေ၏။ မင်းကြီးနှမ မယ်နီကိုလည်း အနောက်ဆောင် မိဖုရားက ခေါ်တော်မူကာ ပြုစုကျွေးမွေး လက်ဆောင်တော်များလည်း ပေးကြလေသည်။


ဆင်ကြန်မယ်
    မင်းတုန်းမင်းက ခမည်းတော်၏ မိဖုရားငယ် တစ်ဦးနှင့် ဦးရန်ဝေးကို ပေးစားရာတွင် ရှေ့သွားနောက်လိုက်ညီဟန်တူ၍ ရာဇဝင်၌ ဘာမျှကဲ့ရဲ့သံ မကြားရပါ။ သို့သော် ၁၂၁၃ ခု၌ ဦးကောင်းကို "ဆင်ကြန်မယ်"နှင့် အိမ်ထောင်ချပေးရာ၌ သတို့သားမှာ အသက် ၃၀၊ သတို့သမီးမှာ ၅၉နှစ် ဇရာပိုင်းရောက်နေသူ ဖြစ်လေသည်။ တရားသူကြီးဦးဘိုး* ကွယ်လွန်ရာ၌ ၎င်းကတော် မုဆိုးမ ဆင်ကြန်မယ်ကို လူပြန်တော် လူပျိုကြီး ဦးကောင်းက ယူစေခြင်း ဖြစ်သည်။ ဦးကောင်းကို မင်းတုန်းမင်းက အနိုင်ကျင့်ခြင်းမှာ ထိုအချိန်မှ စတင်ဟန်ရှိ၏။ ဦးကောင်းက မလွန်ဆန်ဝံ့ပုံမှာ "ရှင်ဘုရင် ကျေနပ်လျှင် ပြီးရော"ဟူသော သဘောနှင့် ဆင်ကြန်မယ်ကို မစုံမက်စေကာမူ ကောင်းစွာ ပေါင်းသင်းနေထိုင်ခြင်းက ထင်ရှားစေပေသည်။
    ထိုအိမ်ထောင်ရေးနှင့် ပတ်သက်၍ ဦးကောင်းက ဘာမျှ မပြောစေကာမူ ဂယက်များရှိခဲ့သည်။ ၁၂၂၄ ခုနှစ်တွက် ရတနာနဒီမြစ် တူးဖော်ပြီး၍ မန္တလေးမြို့အနီး ထိုမြစ်ကမ်း တစ်လျှောက်တွက် မှူးတော်မတ်တော်တို့အား ဥယျာဉ်ခြံမြေများကို စိုက်ပျိုးစေ၏။ မင်းကြီးဦးကောင်းက သူ့ခြံအတွက် အုန်းပင်မျိုးကောင်းမျာူ ရလို၍ မြောက်ထားဝယ် ဗိုလ်မောင်ပိန်ထံ မျှတရန် တောင်းခံ၏။ ဦးကောင်းနှင့်ဗိုလ်ပိန်မှာ မင်းတုန်းမင်းသား အိမ်တော်ပါများဖြစ်၍ အလွန် ရင်းနှီး ခင်မင်ကြသည်။ ဗိုလ်ပိန်ထံမှ အုန်းပင်ပေါက်များ ပေါ်မလာသဖြင့် ဦးကောင်းက လှေတော်သံအလိုက် စာချိုးလိုက်သည်မှာ-
         သွေယွန်းလို့
         ရွှေခွန်းလေ မမှန်မကန်
         ပွေလွန်းလှပြန် ၊
         စိုက်ပျိုးရန် သစ်ပင်ပေးမယ်လို့
         ရှေးလေး ဆိုရှာတဲ့
         သူ့နှုတ်သံ-သွေဖောက်ပြန် ၊
         ဗိုလ်များမှန် ပိန်တာတူးရယ်
         ဖျောက်ဘူးနော် ငယ်ကဥာဏ်
         ဆယ်ဆဖန် ။    ။
    ဗိုလ်ပိန်မှာ နာမည်နှင့်လိုက်အောင် တကယ် ပိန်သေး ကြုံလှီသူ ဖြစ်သည်။ ကတိပျက်ပြယ်သော ငယ်ကျင့်ကို ယခုတိုင် ပယ်ဖျက်ခြင်းမရှိဘဲ ဆယ်ဆကဲနေဟန် ကလိလိုက်ခြင်းဖြစ်သည်။ ထိုအချိန်က စလေဦးပုညမှာ နန်းတော်တွင် လက်ဖက်ရည်တော်မှူးအဖြစ် ဆောင်ရွက်လျက်ရှိရာ ဗိုလ်ပိန်က လူငှား၍ အရိုက်ခိုင်းသည့် သဘောဖြင့် မင်းကြီးဦးကောင်းထံသို့ ပြန်စာ ရေးပေးစေခဲ့သည်။
        ချဲ့ဟောင်းမို့
        နွဲ့နောင်းလေး ကြင်ရန်ဆင်ကြန်
        ဆယ်မီးလောက် လှန်
        သိမ်းမွေခံ-လုံအမတ်က
        မိုးနတ်စွဲ စိတ်ထင်
        အူလိုက်ချင်။
        အပြစ်တင်စာ မစုပါနှင့်
        လာလုပြီ မျှော်လို့နေ
        ဒေါ်အို့ဖေ။
    "ကွယ်လွန်သူ ဦးဘိုးက သုံးစွဲပြီးသော အဟောင်းအမြင်းဖြစ်သူ ဆယ်မီးလောက် လှန်ပြီးသော ပစ္စည်းကို အလုံဝန်မင်းက သိမ်းကျုံး အမွေခံလိုက်ပြီးနောက် ထိုဆင်ကြန်မယ်ကို ဒေဝစ္ဆရာ နတ်သမီးလေးတမျှ ယုယချော့မြူနေခြင်းမှာ အ ၍၊ အူ ၍ ဖြစ်၏။ သူတစ်ပါးကို ပြစ်တင်စာ ရေးမနေပါနှင့်။ အုန်းပင်ပေါက်များ မကြာမီ လာမည်ကို အဘွားအိုကြီး၏ လင်တော်မောင်က မျှော်လို့သာနေပါတော့"ဟု ပြန်အုပ်၏။
    နောက်တစ်ရက်တွင် ဗိုလ်ပိန်ထံမှ အုန်းပင်ပေါက် ၁၀၀၊ ကွမ်းသီးပင်ပေါက် ၁၀၀ စသဖြင့် ဦးကောင်းအိမ်သို့အရောက် ပို့စေရာ ဆင်ကြန်မယ်က မှတ်ချက်ချသည်မှာ "တကတဲတော်၊ ဗိုလ်မင်းက သစ်ပင်ပေးတာနှင့် အဆမတန်ဘူး။ တွေ့ကရာတွေ လျှောက်ပြီးရေးပေးလိုက်လို့ မနေ့က နန်းတော်ဗိုလ်ရှုခံမှာ သူ့စာဖတ်ပြီး တဟားဟား ရယ်မောနေကြသတဲ့။ ရှက်စရာကြီး။ သူတို့အချင်းချင်းသာ ရေးဖို့ကောင်းပါတယ်။ ကျွန်မကို ထည့်ရေးဖို့ မကောင်းပါဘူး။ ဗိုလ်မင်း ပေးပို့လိုက်တဲ့ သစ်ပင်ကလေးတွေ ကြည့်လို့ကောင်းကြောင်း ပြောပြလိုက်ပါ"ဟူ၏။


ဝန်ကတော် နံပါတ် ၂
     ဗိုလ်ပိန်ထံမှ သရော်စာသည် ဦးကောင်း၏ဘဝကို ပြောင်းလဲစေ၏။ ထိုသို့ဖြစ်၍ မကြာမီ ဦးကောင်းသည် အလုံသို့ပြန်ကာ ထိုမြို့သူကြီး၏ နှမ အသက် ၂၈ နှစ်အရွယ် မရွှေမယ်ကို ဝန်ကတော် နံပါတ် ၂ အဖြစ် ကောက်ယူ သိမ်းပိုက်လေသည်။
    ထိုအချိန်၌ ဦးကောင်း၏အသက်မှာ ၄၂ နှစ်၊ ဆင်ကြန်မယ်မှာ ၇၀ နှစ်၊ နောက်ဇနီး မရွှေမယ်မှာ ဦးကောင်းထက် ၁၄ နှစ်ငယ်သည်။ မယားကြီး ဆင်ကြန်မယ်ကို မယားငယ်က ပျပ်ဝပ်စွာဖြင့် ခြေဆုပ်လက်နယ် ဝတ်ပြုရ၏။ အမှန်မှာ ထိုအချိန်၌ မင်းကြီးဦးကောင်း ကိုယ်တိုင် ဆေးပေးမီးယူ ပြုစုသူ လိုအပ်နေပြီ ဖြစ်၏။ မင်းတုန်းမင်း ပေးစားခဲ့သူ မိခင်အရွယ်အမျိုးသမီးနှင့် ၁၀နှစ်ကျော်မျှ မလွဲမသွေ ပေါင်းသင်း နေထိုင်ခဲ့ခြင်းမှာ သစ္စာမဏ္ဍိုင် မြဲခိုင်ကြောင်း ထင်ရှားပေသည်။ မင်းတုန်းမင်းက အပြစ်ဆိုဖွယ် မရှိပါချေ။


ဆန်ပုစ္ဆာ
    တစ်ချိန်က မင်းတုန်းမင်းက ပုစ္ဆာတစ်ခု ထုတ်ပြန်သည်မှာ "ဆန်တစ်စေ့ကို အပြန် ၃၀ မည်သူ စားနိုင်မည်လဲ၊ စားနိုင်သူအား မြင်းတစ်ကောင်နှင့် ပုဆိုး ဆုတော်ချမည်"ဟူ၍ ဖြစ်၏။ ဦးကောင်းသည် မင်းလိုလိုက် မင်းကြိုက်ဖြစ်စေရန် စဉ်းစားဝေဖန်ခြင်းမပြုဘဲ ရုတ်ခြည်းပင် "စားနိုင်ပါကြောင်း"ဟု လျှောက်တင်၏။
    ဆန်တစ်စေ့၏ အပြန် ၃၀ မှာ အစေ့ပေါင်း ၁၇၃, ၇၄၁, ၈၂၃ ဖြစ်ကြောင်း တွက်ချက်ကြည့်မှ သိရ၍ ဦးကောင်းအလျှောက်မှားမှန်း သိရ၏။ ထို့ကြောင့် ဒဏ်ခတ်သည့်အနေဖြင့် ရေထမ်းကာ ဥယျာဉ်တော်အတွင်း သစ်ပင်များ ရေလောင်းရ၏။ ထိုဒဏ်မှ လွတ်လိုလျှင် မိမိ၏အမှားကို ရုတ်ခြည်း စာစပ် တင်ဆက်ရမည် ဆို၍ ဦးကောင်းစာဆိုပုံကား-
        ပုဆိုးနှင့် မြင်းပါ
        ဆုတော်ခံမယ်လို့
        ပြန်သုံးဆယ်ဆန်ကို စားတယ်
        မှားချက်က နာ။
        နောက်တစ်ခါ
        ကြောက်ပါပေါ့ သက်ဆုံး
        သည်တစ်ပွဲမှာဖြင့် အလွဲကံချော်လို့
        ဥယျာဉ်တော်မှာ ရေလောင်းမယ်
        ငယ်ရင်းဟန်ကြွယ်တဲ့
        ဆင်ကြန်မယ် ဖြူပြာနွဲ့ရယ်
        မင်း ကူလှည့်အုံး။        ။
    မင်းတုန်းမင်းက ဦးကောင်းကို အနိုင်ကျင့်ပုံနှင့် ဦးရန်ဝေးက မင်းတုန်းမင်းကို ခွလုပ်ပုံများကို ဖော်ပြရာ၌ ဝန်ကြီး ၂ ပါး တစ်လှည့်စီ ပွဲထွက်စေမှ ပိုကောင်းပေလိမ့်မည်။
    ထိုအကြောင်းအရာများကို ကုန်းဘောင်မင်းဆက် ဦးမောင်မောင်တင်၏ ကင်းဝန်မင်းကြီး သမိုင်း၊ မြကေတု၏ နန်းဓလေ့နှင့် ရွှေသွေး၏ နန်းတွင်းရေး စာအုပ်များမှ ကိုးကားထားပါသည်။


ဘုရင်၏ အမိန့်ကို ဆုတ်ပစ်
    ကရင်နီစော်ဘွားက မိမိ၏ပိုင်နက်ကို မင်းတုန်းမင်းက သိမ်းပိုက်တော်မူရန် လျှောက်တင်ချက်ကို ဘုရင်က သဘောတူ၍ သိမ်းယူရန် အမိန့်တော်ကို လွှတ်တော်သို့ တင်ပို့၏။ ပခန်းမင်းကြီးက "မင်းတို့ဘုရင် တောင်နားမလည် မြောက်နားမလည်နှင့် ဤအမိန့်မျိုးထုတ်ရသလား"ဟုဆိုကာ အမိန့်တော်ကို ဆွဲဆုတ်ပစ်လိုက်သည်။ ရှင်ဘုရင်က စိတ်ဆိုးသဖြင့် နန်းတော်သို့ ချက်ချင်းဝင်စေဆိုရာ "မင်းတို့ဘုရင်က အားတိုင်းခေါ်လို့ ငါ မလာနိုင်ဘူး"ဟု ပြောလွှတ်ကာ ၅ ရက်ကြာမှ နန်းတော်သို့ ဝင်သည်။
ဘုရင်    ။           ။ အဘယ်ကြောင့် ငါ့အမိန့် ဖျက်သနည်း။
ပခန်း   ။       ။ ဤအရာသည် ဘုရင့်အလုပ် မဟုတ်။ လွှတ်တော်ဝန်ကြီးများသို့ ဘုရင်က မေးသင့်သည်။ ကရင်နီနယ်ကိုသိမ်းလျှင် ယိုးဒယားနယ်စပ် ဖြစ်သွားလိမ့်မည်။ ကုလားဖြူများကလည်း ထကြွမည်။ လွှတ်တော် မတိုင်ပင်ဘဲ အရမ်းအမိန့်ထုတ်နေလျှင် လွှတ်တော်ကို အဘယ်ကြောင့် ထားသေးသနည်း။ ဖျက်သိမ်းသင့်တော့သည်သာ။
    ထိုသို့ လျှောက်တင်ပြီးနောက် ညီလာခံမှ ဦးရန်ဝေး ဆင်းသွားသည်။ အမှန်မှာ ညီလာခံကို ဘုရင်က သိမ်းမှ သာလျှက် မှူးကြီးမတ်ကြီးများ ထွက်ခွာခွင့် ရှိသည်။
    ကရင်နီနယ်သည် ယိုးဒယားနှင့်လည်းကောင်း၊ ကုလားဖြူများ သိမ်းပိုက်ထားသော အောက်မြန်မာပြည်နှင့် နယ်နိမိတ်ချင်း ဆက်စပ်နေ၏။ ထိုနေရာ၌ ကြားနယ်မြေ (Buffer State)အဖြစ် အင်အားကြီးသော တိုင်းပြည်များ တိုက်ရိုက်ထိပါးမှုများကို နည်းပါးစေလေသည်။ ထိုသို့သော ကြားနေနယ်မြေများ လိုအပ်ပုံကို ပခန်းမင်းကြီးက နားလည်ပြီးဖြစ်၍ ကရင်နီစော်ဘွားက နယ်မြေ ဆက်သခြင်းကို ပယ်လိုက်ခြင်း ဖြစ်ပေသည်။


သပြေငါးရွာ
    ၁၂၁၈ ခုတွင် ဦးကောင်းသည် ဘုရင်အမိန့်တော်အတိုင်း "တိန္တုက" ဇာတ်ကို ပျို့သဘော ရေးသားတင်ဆက်၏။ ထို့ကြောင့် ဆုလာဘ်အဖြစ် ပခန်းကြီးခရိုင်ရှိ "သပြေငါးရွာစား"ခန့်အပ်၏။ ဦးကောင်းက ထိုဆုကို လက်မခံလိုဘဲ မိမိ၏ မူလစားရာ ရွာသစ်ကြီး (စစ်ကိုင်းနယ်)ကိုသာ ဆက်လက်စားလိုကြောင်း တင်လျှောက်၏။ ထိုအခါ မင်းတုန်းမင်းက "သပြေငါးရွာသည် ပညာရှိတို့ကိုမှ ပေးသောရွာဖြစ်သည်။ စားလိုရာ လျှောက်တင်ခွင့် ရှိသလော"ဟု ငေါက်ငမ်း မိန့်ဆိုသည်။ ဦးကောင်းသည် ကြောက်အားကြီးစွာဖြင့် "ကျွန်တော်မျိုး အတင် အလျှောက် မှားပါကြောင်း " ဝန်ခံ သံတော်ဦး တင်ရလေသည်။


မသင့်သူကို ဖမ်းပို့
    ၁၂၂၈ ခု၊ မြင်းခုံတိုင် အရေးတွင် ပါဝင်သူများကို သူပုန်အဖြစ်ဖြင့် ဖမ်းဆီး၊ လွှတ်တော်သို့ ပို့အပ်ရမည်ဟု မင်းတုန်းမင်း အမိန့်တော်ရှိရာ အဝေးမြို့ဝန်၊ မြို့သူကြီးများက သူတို့ မလိုသူများအား သူပုန်အဖြစ် ရောနှောထည့်သွင်း ပို့ကြသောကြောင့် ထောင်နှင့်မဆံ့ ဖြစ်နေ၏။ ထို့ကြောင့် ပခန်းမင်းကြီးက "နောက်ထပ် သူပုန် ဟူ၍ မဖမ်းစေနှင့်"ဟု အမိန့် ထုတ်ဆင့်လေသည်။ ဘုရင်က အမေးတော်ရှိရာ ပခန်းမင်းကြီးက "ဤကိစ္စတွင် ရှင်ဘုရင်တာဝန်မကင်း ဖြစ်သည်။ သူပုန်များသည် သားတော် မြင်ကွန်းစား၏ လူများဖြစ်ရာ သားမကောင်း၍ နီးရာဓားကို ကြောက်ရပြီး လိုက်ပါရသည်။ သားသမီး မကောင်း မိဘခေါင်းဖြစ်သည်။ အဝေးမြို့ဝန်တို့သည် ဤအချက်ကောင်းကိုယူပြီး ရာထူးစည်းစိမ်တိုးတက်ရေး မျှော်ကိုးကာ မိမိနှင့် မသင့်မတင့် သူများကို သူပုန်အဖြစ် ဆွဲထည့်နေသည်ကို ရှင်ဘုရင် နန်းတော်ထဲနေပြီး ဘာသိလဲ"ဟုပြောပြီး နန်းတော်မှ ဆင်းသွားသည်။


ရွှေထီးဆောင်းခွင့်
    ၁၂၂၃ခုတွင် ဦးကောင်းကို အလုံမြို့ဝန် ခန့်လေသည်။ "ငါ့သခင်သည် ငါ့ကို သဒ္ဓါယုံကြည်တော်မူ၍ အလုံမြို့ကြီးကို ဝန်ခန့်လေပြီ။ ရွှေထီးဆောင်းခွင့် သနားတော်မြတ် ခံရလျှင်ကောင်းမည်"ဟု ယူဆကာ နံ့သာဖြူနန်းတော်၌ ဘုရင်စံတော်မူခိုက် သံတော်ဦးတင်၏။ မင်းတုန်းမင်းက "ဓား၊ ထီး စသော အဆောင်အရွက် မြို့ရွာကံကျွေးများကို မင်းဧကရာဇ်က အရည်အချင်းအလျောက် ကြည့်ရှုပေးမြဲဖြစ်သည်။ ယခုကဲ့သို့ မှူးမတ်က အလိုရှိသည့် အရာကို တင်လျှောက် တောင်းဆိုရသည်မဟုတ်"ဟု ပြတ်ပြတ် မိန့်တော်မူလိုက်သည်။ ဤအကြိမ်၌လည်း ဦးကောင်းက အတင်အလျှောက် မှားကြောင်း ရှိခိုး ဝန်ခံလေသည်။


မိန်းမ အပိုမယူရ
    တစ်ခါသော် ဝန်စု မှူးစုတို့သည် သားမယား တစ်ယောက်မက အမြှောင်အပို ထားကြသည့်အတွက် ရရှိသော ရိက္ခာတော်ငွေနှင့် မလောက်မင ရှိကြသည်ကို မင်းတုန်းမင်းကြားသိတော်မူ၍ သားမယား တစ်ယောက်ထက် အပိုမယူ ကြရန် ဥပဒေလုပ်လိုသော ဆန္ဒဖြစ်၏။ ပခန်းမင်းကြီးနှင့်တိုင်ပင်တော်မူရာ ဝမ်းမြောက်စွာ ထောက်ခံလေသည်။ သို့သော် ဤဥပဒေကို ဝန်ကြီး မှူးကြီးများအတွက်သာ မထားဘဲ ရှင်ဘုရင်ကိုပါ ဤဥပဒေဘောင်အတွင်း နေတော်မူစေလျှင် များစွာသင့်လျော်မည်ထင်ကြောင်း လျှောက်သဖြင့် မင်းတရားကြီး ဆိတ်ဆိတ်နေ၏။


ဆွေမျိုးအတွက် ကင်းလွတ်ခွင့်
    ၁၂၃၈ ခုတွင် ဦးကောင်း၏ဇာတိ မုန်တိုင်ပင်ရွာ ဆွေမျိုးသားချင်းများ သူ့ထံ အလည်လာကြ၏။ ထိုအချိန်၌ ဦးကောင်းမှာ သေနတ်ဝန်ဖြစ်လျက် သူ့ဆွေမျိုးအချို့မှာ မြို့နယ်ဆိုင်ရာ သေနတ်စု အမှုထမ်းအဖြစ် စာရင်းဝေပုံကျ ပါဝင်ရသူများ ဖြစ်သည်။ ထိုသူတို့က "သေနတ်အမှုထမ်းအဖြစ်မှ လွတ်ကင်းချမ်းသာစွာ နေရအောင် ကြည့်ရှုစောင်မပါ"ဟု ပန်ကြားကြ၏။ ထိုကိစ္စကို မင်းတရားကြီးအား လျှောက်တင်သောအခါတွင် "ငါ၏ မင်္ဂလာအိမ်တော်ပါ ရိုးရင်းဖြစ်၍ သင့်အား အဂ္ဂမဟာ သေနာပတိ ဝန်ရှင်တော်နေရာ၌ ခန့်ထား သူကောင်းပြုတော်မူခဲ့သည်။ ငါ့ အမှုတော်ကို ဆတက်ထမ်းပိုး ထမ်းရွက်ကြအောင် အားထုတ် တိုက်တွန်းသင့်ပါလျက် အမှုထမ်းနေသူများကိုပင် အမှုမထမ်းရအောင် အမိန့်တော်ခံသည်မှာ မှားသလော၊ မှန်သလော"ဟု မေးတော်မူ၏။
    ဤတွင်လည်း ဦးကောင်းသည် သူ၏ ထိပ်ထက် မိုးကြိုးနှက်သကဲ့သို့ ကြောက်ရွံ့ခြင်း ပြင်းစွာ ဖြစ်လျက် မိမိသည် အမှားကြီး မှားပါကြောင်း ရှိခိုး တောင်းပန်ရပြန်၏။


တခမ်းတနား ဝန်ကတော်
    တစ်နေ့သော် ပခန်းမင်းကြီးသည် လောကမာရဇိန် ကျောက်တော်ကြီးဘုရားပွဲသို့ သွားရာတွင် လမ်းခရီး၌ အတွင်းဝန်ကတော်တစ်ယောက်သည် လှည်းယဉ် ခြောက်စထောင်ကို စီးနင်းလိုက်ပါလျက် ရွှေထီးဆောင်းကာ အဆောင်ကိုင်များ ဝန်းရံ၍ တခမ်းတနား သွားလာနေသည်ကို မြင်ရလေသည်။ ထို့ကြောင့် ဦးရန်ဝေးက မိမိ၏လှည်းသမားအား ထိုဝန်ကတော်ကို ကြိမ်လုံးဖြင့် ဆင်း၍ရိုက်ခိုင်းလိုက်ရာ အုတ်အုတ်ကျက်ကျက် ဖြစ်ကုန်၏။ ဝန်ကတော်လည်း အရှက်ရပြီး နေအိမ်သို့ ပြန်သွား၏။ ရှင်ဘုရင်ထံသို့ ထိုသတင်းပေါက်ကြားပြီး ထိုည ညီလာခံတွင် ပခန်းမင်းကြီးအား "အဘယ်ကြောင့် ဤသို့ဆုံးမရကြောင်း"မေးတော်မူရာ မင်းကြီးက "ဤဝန်ကတော်အား ဆင်းရဲသားများက မြင်လျှင် သူ့လင်သည် တံစိုးလက်ဆောက် ရ၍ ဤသို့ ခမ်းနားကြီးကျယ်စွာ သွားလာနိုင်သည်ဟု ထင်မြင်ကြလိမ့်မည်။ သူ့လင်ကို ချီးမြှောက်သော ရိက္ခာထက် အဆမတန်အောင် စိတ်ကြီး ဝင်ကာ သွားလာနေသဖြင့် ရိုက်ရပါကြောင်း" တင်လျှောက်လေသည်။


မိုးကုတ်စာချုပ်
    ၁၂၃၆ ခုနှစ်တွင် ဦးကောင်းသည် မြန်မာသံအဖွဲ့ခေါင်းဆောင်ကာ ဥရောပတိုက်လှည့်လည်ရာမှ ပြန်ရောက်လာ၏။ ညီလာခံ၌ ရှင်ဘုရင်အား လျှောက်တင်ရာဝယ် ဗြိတိသျှကျွန်း၌ စက်မှုလုပ်ငန်း တိုးတက်ပုံ၊ စစ်သည်တော်များ လက်နက်ခေတ်မီပုံ၊ ဘုရင်မကြီးက မိုးကုတ်ကျောက်တွင်း အရောင်းအဝယ် ပြုလုပ်လို၍ အာမခံစာချုပ် ပြုခဲ့ပုံများ ပါရှိလေသည်။ မိုးကုတ်အကြောင်းကို ကြားရချိန်၌ ရှင်ဘုရင်၏ မျက်နှာတော် ရုတ်ခြည်း ညှိုးသွားသည်။
"မိုက်လှချည်လား ငကောင်းရဲ့၊ မောင်မင်းတို့ မိုးကုတ်ကျောက်တွင်း ရောင်းဝယ်နိုင်ခွင့် အာဏာ ငါက အပ်နှင်းတော်မူလိုက်သလား"
    ဘုရင်၏ မိန့်မြွက်သံကို ဦးကောင်းမှာ တစ်စုံတစ်ရာ ပြန်လည် သံတော်ဦးတင်ရန် မဝံ့တော့ဘဲ ခေါင်းငိုက်စိုက် ငြိမ်ကျသွားလေတော့သည်။
    ညီလာခံ ရုပ်သိမ်း၍ မင်းတုန်းမင်းတရားကြီး အတွင်းတော်သို့ ရောက်လျှင် မိဖုရားကြီးငယ်တို့ ခေါ်ယူ စုဝေးတော်မူကာ "မမတို့ သည်တစ်ခါဖြင့် ဈေးတောင်းခေါင်းရွက်၊ ရက်ကန်းရက်၊ ပဲပြုတ်ရောင်း အသက်မွေးဖို့ပဲ စိတ်ကူးကြတော့။ မင်းကြီးငကောင်းက မိုးကုတ်ကျောက်တွင်းကို မဆင်မခြင် သူ့သဘောအတိုင်း အင်္ဂလိပ်ဘုရင်မထံ ရောင်းခဲ့ပြီ၊ စာချုပ်ခဲ့ပြီ။ ပြည်ပိုင်မင်း အချင်းချင်း လောဘ ဒေါသ နောက်ကို လိုက်မိကြရင် စစ်ဖြစ်ဖို့ပဲ ရှိတော့တယ်"ဟု မိန့်ကြား၏။
    မိဖုရားအများ မတုန်မလှုပ် ကြားနေကာ ငိုင်နေကြ၏။ စကြာဒေဝီ မိဖုရားခေါင်ကြီးသာလျှင် ဣနြေ္ဒမပျက် ပြန်လည်တင်လျှောက်ဖော် ရ၏။
    "ပူတော် မမူပါနှင့် မောင်တော်ဘုရား၊ ရောင်းတဲ့လူက သူ့ဥာဏ်နှင့် ရောင်းခဲ့ရင် အရောင်းအဝယ် ပျက်အောင် နည်းပရိယာယ်နှင့် ဖျက်တာပေါ့ မောင်တော်"
    "အနို့.... ဘယ်လိုစီမံရင် ကောင်းမည်လဲ"
    "သားတော် ငဘိုးလှိုက် ရှိသားကဘဲ၊ သူ့ကို ခေါ်ယူ တိုင်ပင်ပါ ဘုရား" 
    ဤတွင်မှ ဦးခေါင်းမီးလောက်နေသော ရှင်ဘုရင်ကြီးမှာ ရာထူးကျ၍ အမရပူရတွင် အကျယ်ချုပ်နှင့်နေသော ယောအတွင်းဝန် ဦးဘိုးလှိုင်ကို သတိရကာ အမြန်ခေါ်စေ၏။ ဦးဘိုးလှိုက်က "ဤကိစ္စအတွက် စိုးရိမ်ကြောင့်ကြတော် မမူပါနှင့် ဘုရား။ ကျွန်တော်မျိုး တာယန်ယူ ဖြေရှင်းပါမည်။ ငမောက်ကျောက်အပါအဝင် နန်းစဉ် ရတနာကျောက် ၃ လုံးကိုသာ အဝယ်တော်များနှင့် အရေးဆိုရာ၌ အသုံးပြု ပါရစေ ဘုရား"ဟု တင်လျှောက်၏။ မင်းတုန်းမင်းက ဦးဘိုးလှိုင်ကို အာဏာကုန် လွှဲအပ်လေသည်။
    အချုပ်ကို ဆိုသော် အင်္ဂလိပ် ကိုယ်စားလှယ်များ ရောက်ရှိလာချိန်၌ ဦးဘိုးလှိုင်က "စာချုပ်အတိုင်း ကတိမပျက် မိုးကုတ်ကျောက်တွင်းကို ရောင်းချမည်ဖြစ်ကြောင်း၊ တန်ဖိုးကို ဆုံးဖြတ်နိုင်ရန် ထိုတွင်းထွက်များကို ဦးစွာ ဈေးဖြတ်ရန်လိုအပ်ကြောင်း"ပြောကြားရာ တရုတ်ရာပြတ်ကို သက်သေအဖြစ် ထားရှိလျက် အငယ်ဆုံး နန်းစဉ်ကျောက်ကို စတင်ပြသည်။ ဂွမ်းတစ်ပိဿာ အလယ်ရှိကျောက်သည် ဂွမ်းပုံကို ဖောက်ထွင်းကာ အရောင် တဝင်းဝင်းနှင့် မျက်တောက်ခတ်နေသယောင် ရှိ၏။
 လှိုင်     ။         ။ ဒီပတ္တမြား ဘယ်လောက်တန်သလဲ။
 ရာပြတ် ။         ။ တစ်တိုင်းပြည်တန် ကျောက်ဖြစ်ပါသည်။
    ကျောက်များကို ဆက်လက်ပြသရာတွင် ဒုတိယပတ္တမြားမှာ ၃ ပြည်ထောင် တန်ဖိုးရှိကြောင်း၊ တတိယ ငမောက်ကျောက်မှာ ၇ ပြည်ထောင် တန်ကြောင်း ရာပြတ်က သတ်မှတ်လေသည်။ ငမောက်ကျောက်ကို ဂွမ်း ၇ ပိဿာဖုံးထားသော်လည်း နန်းတော်တစ်ဆောင်လုံး ထိန်ထိန်လင်းနေသည်။ အင်္ဂလိပ်များက တန်ဖိုးများလှ၍ ဘုရင်မကြီးနှင့် တိုင်ပင်ပါရစေ ဆို၏။
   ဦးဘိုးလှိုင်က စာချုပ်ကို အင်္ဂလိပ်များလက်မှ တောင်းယူ ကြည့်ရှုပြီးနောက် "ဒီ စာချုပ်သက်တမ်းဟာ ယနေ့ကုန်ဆုံးသွားပြီ။ အဝယ်တော် မပြီးပြတ်မှုကြောင့်လည်း အင်္ဂလိပ် ဘုရင်မကြီး ဂုဏ်သိက္ခာ ကျစေပါတယ်"ဟု ဆိုပြီး အများရှေ့၌ပင် ထိုစာချုပ်ကို ဆုတ်ပစ်လိုက်သည်။
    သို့လျှင် ဦးကောင်း၏ အမှားတော်ပုံကို ဦးဘိုးလှိုင်က အဖတ်ဆယ်ခဲ့ပေသည်။




*   စုဖုရားလတ်ရှင်းတမ်းတွင် ကွယ်လွန်သူ စစ်သူကြီး ဦးဘိုး ဟုဆိုသည်။









6/19/12

ကျွန်တော်တက္ကသိုလ်ကျောင်းသား (၃)

      "မြကျွန်းညိုညို ကွမ်းခိုရာ တက္ကသိုလ်မှာဆို။ ...." ဆိုတဲ့သီချင်းကို ငယ်ငယ်တုန်းက ကြားမိတိုင်း တက္ကသိုလ်ကျောင်းသားကြီးဘဝကို စိတ်ကူးယဉ်ရူးခဲ့တာကို ပြန်သတိရမိတယ်။ ၈ တန်း၊ ၉ တန်းလောက်က ဆရာမင်းလူ ဝတ္ထုလေးတွေထဲမှာ တက္ကသိုလ်နောက်ခံ ပိတ်ကားပေါ်မှာ အပျော်၊ အလွမ်းလေးတွေနဲ့ တက္ကသိုလ်ကျောင်းတော်သူ၊ ကျောင်းတော်သားတွေအကြောင်းကို ပီပီပြင်ပြင် ရေးထားတာများ ဖတ်လိုက်ရရင် အဲဒီ့တနေ့တော့ ထမင်းကို ဘာဟင်းနဲ့စားလိုက်မှန်း မသိအောင်ကို စိတ်ကူးထဲမျောနေတော့တာ။ ငါသာ တက္ကသိုလ်ကျောင်းသားကြီးဖြစ်ခဲ့ရင်နဲ့ စတဲ့စိတ်ကူးတွေပေါ့။ ဒီကြားထဲ ဒွေးပြန်ရိုက်တဲ့ " ကျေပါတယ် မအေးစိန်" တို့၊ ဒါရိုက်တာမောင်မျိုးမင်းရိုက်တဲ့ "နှင်းဆီဝိုင်"တို့၊ စတဲ့ ရုပ်ရှင်တွေက ငယ်ငယ်က တက္ကသိုလ်အိပ်မက်ကို မီးလောင်ရာလေပင့် ပေးပြန်တယ်လေ။ အဲတုန်းကရိုက်တဲ့ကားတွေကလည်း ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ တကယ်ဝင်ရိုက်နိုင်ကြတာ မဟုတ်လား။ မင်းသား၊ မင်းသမီးတွေကလည်း အိုက်တင်ကောင်း၊ ဇတ်ပို့ဇတ်ရံတွေကလည်း တကယ့်ကျောင်းသားအရွယ်တွေ ဆိုတော့ ရုပ်ရှင်ကြည့်ရင်းကို ကိုယ်တိုင်ကျောင်းသားတစ်ယောက်ဖြစ်နေသလိုကို တက္ကသိုလ် အရသာခံစားရတာ။ ခုနောက်ပိုင်းကားတွေမှာတော့ ကျောင်းသားကားဆို မကြည့်လိုက်နဲ့ MICT Park ထဲကျောင်းတက်ပြတော့တာပဲ။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ မင်းသားကိုလည်းကြည့်လိုက်ဦး၊ ငယ်ထိပ်မှာ ဆံပင်မရှိတော့တဲ့ မင်းသားအိုကြီးတွေဖြစ်ရင်ဖြစ်၊ မဟုတ်ရင် မိတ်ကပ်အဖွေးသားလေးနဲ့ ဂျော်ဒကီးတွေလို ရှုတ်ရှက်ခတ်နေအောင်ဝတ်ထားပြီး ခံစားချက်မရှိတဲ့ မျက်နှာသေကြီးတွေနဲ့ မင်းသားပေါက်စတွေဖြစ်၊ ဇတ်ပို့တွေကြည့်တော့လည်း လိုတာထက်ပို လန်ပြန်နေအောင်ဝတ်ပြီး ကျီးကန်းအာသလို၊ ဝိုင်းအာနေတဲ့ ငတိ၊ ငတိမတွေ။ အပြင်လောကနဲ့ ကင်းကွာလွန်းလို့ ဘယ်လိုမှကို တက္ကသိုလ်အာရုံသွင်းလို့မရတဲ့ ကားတွေချည်း။ ကိုယ်ပဲ အသက်ကြီးသွားပြီး ဘိုးတော်ကြီး ဖြစ်လာလို့လားတော့ မသိ။ ထားပါတော့ဗျာ ...  မဆီမဆိုင် ကိုယ့်တက္ကသိုလ်ကျောင်းသားဘဝအကြောင်းကနေ ရုပ်ရှင်ဆီ ရောက်သွားပြန်ပြီ။

     ဆယ်တန်းအောင်လို့ တက်မဲ့ တက္ကသိုလ်ကြီးကို ရောက်ကရော " မြကျွန်းလည်းမညိုနိုင်တော့ဘူး။ ကွမ်းလည်းမခိုနိုင်တော့ပါဘူး"။ "စာပေ၊ ဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ " ဆိုတဲ့ သီချင်းစာသားအတိုင်းဖြစ်ဖို့များ ဝေလာဝေး၊ ကျောင်းစာကြည့်တိုက်လေးတောင် စတည်တုန်း။ ဂီတမပြောနဲ့ ဂီတာတောင် ကျောင်းပင်မအဆောက်အအုံနဲ့ တော်တော်လှမ်းတဲ့ ကင်တင်းထဲမှာမှ တစ်လက်လောက်ရှိတာ။ သာချက်ကတော့ 9 လောက်ကိုရှိတယ်။ အင်းပေါ့လေ... ကိုယ်က ပထမဆုံးအသုတ်ဆိုတော့ ဂလောက်တော့ ခံရမှာပါ့။ သူငယ်တန်းကနေ ဆယ်တန်းအထိ ယောက်ျားလေးကျောင်းမှာ နေလာပြီး၊ ယောက်ျားလေး တက္ကသိုလ်ကြီးကို တက်ရတော့လည်း ကိုယ့်အတွက်ဘာမှ သိပ်တော့ မထူးခြားသွားဘူး။ ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်ရတာနဲ့ အပြင်အဝတ်အစားဝတ်ရတာပဲ ကွာတယ်။ (ခုတော့ ကျောင်းတော်သားကြီးတွေ စတိုင်ပန်အပြာနဲ့ တီရှပ်အဖြူ ဝတ်နေရရှာပါပြီ။ .. ဒုက္ခိ..)။ ဝတ္ထုတွေထဲက တက္ကသိုလ်အထိန်းအမှတ် သစ်ပုတ်ပင်ကြီးတွေ၊ ကံ့ကော်ပင်တွေ၊ ရေတမာပင်တွေ အသာထား။ လောက်လောက်လားလား အရိပ်ခိုစရာ ညောင်ပင်တောင်မရှိ။ ရိုမက်တစ်ဆန်ချက်များပြောပါတယ်။ မနက်ကျောင်းကားမရှိလို့ (ကျွန်တော်တို့တုန်းက ကျောင်းကားရှားပါတယ်။) ကျောင်းကို တစ်ခုတည်းသော လိုင်းကား မ.ထ.သ ၂၁၈ နဲ့များ လာလိုက် လို့ကတော့ ကျောင်းရောက်လို့ ဒုတိယအတန်းချိန်မှီရင် ကံကောင်း။ လူလည်း ချွေးတလုံးလုံး ဖုံတလိမ်းလိမ်းနဲ့ မျောက်ရုပ်ပေါက်နေလောက်ပြီ။ အတန်းထဲမှာ ငမ်းစရာ မိန်းကလေးမရှိလို့တော်သေး။ သူ့အရပ်နဲ့ သူ့ဇတ်တော့ ကိုက်တယ်ဗျ။ ဘယ်သူငယ်ချင်းမှလည်း တယောက်မျက်နှာတစ်ယောက် စေ့စေ့ကြည့်တာမှ မဟုတ်တာ။ ယောက်ျားလေးအချင်းချင်း မင်းမျက်နှာကြီး ကြည့်နေမယ့်အစား အသေသာခံသွားမယ်ဆိုတဲ့ ကောင်တွေချည်းပဲ။

    ဒါနဲ့ ကျွန်တော်တို့ ကျောင်းကြီးရဲ့ တည်နေရာကို ပြောပြရဦးမယ်။ ကျောင်းက ရန်ကုန်မြစ်ဝနားက သီလဝါဆိုတဲ့အရပ်မှာ ရှိတာဗျ။ ကျောင်းရှေ့မုခ်ဦးကို လမ်းကလေးကျော်လိုက်ရင် ဇာမဏီရေလှောင်ကန်ကြီး၊ ကျောင်းအနောက်ဖက်မှာ လယ်ကွင်းတွေ၊ လက်ဝဲဖက်မှာ အိမ်ခြေ ၂၀၊ ၃၀လောက်ရှိတဲ့ရွာ၊ (ဒါတောင်ကျွန်တော်တို့ ကျောင်းဆောက်တော့မှ ပေါ်လာတဲ့ရွာထင်တယ်။)၊ ရွာဘေးမှာ ၄စီးရှိပြီး ၃ စီးလောက် အမြဲပျက်နေတတ်တဲ့ မ.ထ.သ ၂၁၈ ကားဂိတ်နဲ့၊ အရက်ပုန်းရောင်းတဲ့ တဲ၊ ကျောင်းညာဖက်မှာ စေတီနဲ့ဘုန်းကြီးကျောင်း။
အစရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ တက္ကသိုလ်အဆောင်အယောင်တွေနဲ့ ပြည့်စုံနေတဲ့ မဟာတက္ကသိုလ်တော်ကြီးပရဝုဏ်ထဲကို ခြေချတဲ့နေ့မှာကို ငါဟဲ့...ယူနီဗာဆီတီ စတူးဒန့်ဆိုပြီး ကြွေးကြော်ချင်စိတ် ပေါက်လာမိတယ်။

ကြုံလို့ ကြွားရဦးမယ် ကျောင်းတက်လာတာ ငါးနှစ် (သန်လျင်ကျောင်းမှာ သုံးနှစ်ခွဲ) ထဲမှာ အသိမရှိတဲ့ တာဝ(ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်) သာ ချောင်းပေါက်အောင်ရောက်တာ၊ ကျောင်းဘေးက ဖန်ချက်တောရဆိုတဲ့ ဘုန်းကြီးကျောင်းကို တစ်ခါမှ မရောက်ဖြစ်တာ။ ဆရာတော်တွေလည်း ကံဆိုးရှာပါတယ်။ လူ့ဘောင်လောကကို စွန့်ခွာပြီးတောရ လာဆောက်တည်နေပါတယ်ဆိုမှ ဘေးမှာ မျောက်လောင်းပေါင်းထောင်ချီနေတဲ့ တက္ကသိုလ်ကြီးတစ်ခု ဖုန်း၊ဒိုင်းဆို ပေါ်လာပါလေရော။ ကျောင်းတင်ပဲလားဆိုတော့ မဟုတ်ဘူးဗျ။ ဒီဖက်မှာကျောင်း၊ ဟိုဖက်မှာ ကျောင်းသားတွေ အဆောင်။ Golden Flower ကနေ လာဆောက်ပေးတာ။ ယောက်ျားလေးတွေအဆောင်ဆိုတော့ ကျားကျားလျားလျားဖြစ်အောင်ထင်တယ် ပန်းရောင်ဖျော့ဖျော့လေး သုတ်ထားပေးတယ်။ အဆောင်နာမည်လည်းကြည့်ပါဦး ကန့်ကော်ဆောင်တဲ့။ ကောင်းရော။ ဒီအဆောင်နဲ့ ကျောင်းကြားမှာ ဘယ်ကဘယ်လိုဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်သွားတယ်တော့ မသိပါဘူး။ ပြောရဦးမယ်.. ဘုန်းကြီးကျောင်းနာမည် "ဖန်ချက်တောရ" ဆိုတာကို ဘုန်းကြီးကျောင်းအဝင်ဝမုခ်ဦးမှာ ကမ္ဗည်းထိုးတားတယ်။ ဒါပေမယ့် စာလုံးတွေကလည်းသေး၊ အုတ်တံတိုင်းအဖြူပေါ်မှာ ဆေးအဖြူနဲ့ရေးထားတဲ့အပြင် အချိန်ကလည်းနည်းနည်းကြာပြီဆိုတော့ စာလုံးတွေက နည်းနည်းပျက်နေတယ်။ ဒါကို မျက်စိအတော်ကောင်းတဲ့ ကျောင်းသားတစ်ယောက်က 
"ဟင်... ဘုန်းကြီးကျောင်းနာမည်ကလည်း အဆန်းပဲ။"
"ဘာဖြစ်လို့လဲ "ဆိုတော့
"ကြည့်ပါလား၊ ဘုန်းကြီးကျောင်းနာမည်ကြီးက "မန်ချက်စတာ" တဲ့" ဆိုပြီး အတည်ကြီးပြောတာဗျ။
ဘယ်လောက်တောင် ဘောပွဲကိုက်ထားတဲ့ ကောင်လဲမသိဘူး။ 
"ဖန် (မန်) + ချက် (ချက်) +ေ (စ) + တာ (တာ) ဆိုပြီး" မြင်ချင်တာမြင်တာ။ အဲလိုကောင်တွေ။

ဘုန်းကြီးကျောင်းပဲ မရောက်တာလား၊ မင်းတို့ကျောင်းနဲ့ ကျိုက်ခေါက်ဘုရားနီးနီးလေးပဲ ရောက်ဖူးလားဆိုရင်၊ ဟုတ်ကဲ့ ရောက်ဖူးပါတယ်။ တစ်ခါတိတိကို ရောက်ဖူးပါတယ်။ ကျွန်တော့်ရဲ့  ဘယ်နှနှစ်မြောက်မွေးနေ့မှန်းမသိတဲ့ မွေးနေ့တစ်ခုမှာ အမှတ်တရအဖြစ် တစ်ခေါက်တိတိရောက်ဖူးပါတယ်။ ကျွန်တော်တို့ အခင်ဆုံး သူငယ်ချင်းတစ်စု လုပ်နေကြထုံးစံတစ်ခုရှိတယ်။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက် မွေးနေ့ရောက်ရင် မွေးနေ့ရှင်က မတည်ပြီး (ဇော်လတ်ဆိုတဲ့ကောင်ကတော့ ချွင်းချက်ပေါ့လေ။ ကိုယ်ကတောင် လမ်းစရိတ်ပြန်မပေးလိုက်ရရင် ထီသွားထိုး။ ကျိန်းသေပေါက်တယ်။) သူငယ်ချင်းတွေစုပြီး တနေရာရာသွားကြတယ်။ အများအားဖြင့် မြကျွန်းသာထဲက ဘီယာဆိုင်သွားတတ်ကြတယ်။ သူငယ်ချင်းတွေမွေးနေ့အများစုက သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာဆိုတော့ ဒီလတွေရောက်ရင် ကိုယ်တို့တသိုက် မြကျွန်းသာထဲမှာ တဝဲလည်လည်၊ တမူးမူးနဲ့ပေါ့ဗျာ။ အဲဒီ့တခေါက် ကျွန်တော့်မွေးနေ့မှာတော့ ကျိုက်ခေါက်ဘုရား သွားချင်တယ်ဆိုလို့ သူငယ်ချင်းတွေက ကြည်ကြည်ဖြူဖြူ ဆဲဆိုပြီးလိုက်ပို့ကြတယ်။ (ညီညီဆိုတဲ့အကောင် အဆိုးဆုံး။ သွားမရှိတဲ့ အဘွားကြီးအို ပီကေ စားနေသလို ပွစိ၊ ပွစိနဲ့ ....)။ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်ဘုရားကို ကျွန်တော်တို့ကျောင်းရှိတဲ့ မုခ်ဖက်ကနေတက်၊ လက်ယာရစ်တစ်ပတ်ပူဇော်တာတွေ၊ အလှူငွေထည့်တာတွေကို ဘင်လာဒင်အိမ်ကို ညဖက်ဝင်စီးတဲ့ အမေရိကန်ကွန်မန်ဒိုအမြန်နှုန်းနဲ့ လုပ်ဆောင်ပြီးသကာလ "ချစ်ကောင်းဆိုင်"သွားဖို့ GTCသွားတဲ့လမ်းဘက်မုခ်က ပြန်ဆင်းလာခဲ့ကြတယ်လေ။ ဒါကြောင့် ၁ ခေါက်တိတိရောက်ဖူးတယ်လို့ ပြောတာပါ။

"ချစ်ကောင်းဆိုင်..." နာမည်လေးက လှတယ်။ အဆိုတော်ချစ်ကောင်းကို ကြိုက်လွန်းလို့မှည့်ထားတာလား။ ဆိုင်ရှင်နာမည်ကိုက ချစ်ကောင်းလား။ လာသမျှဖောက်သည်တွေက ချစ်လည်းချစ်သွားစေ၇မယ်။ ကောင်းလဲကောင်းသွားစေရမယ်ဆိုတဲ့ အဓိပ္ပါယ်လား၊ ဘာလားတော့ မသိဘူး။ ကျွန်တော်တို့ သိတာက ချစ်ကောင်းဆိုင် သည် ထန်းရည်ဆိုင်ဖြစ်သည်။ အဆိုတော်ချစ်ကောင်းနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့တွဲဆိုတဲ့ "လူကြမ်းလေး" သီချင်းထဲက အလိုက်အတိုင်းဆိုရရင်တော့ "ဦးချစ်ကောင်းနဲ့ ထန်းရည်ဆိုင် ... ဦးချစ်ကောင်းနဲ့ ထန်းရည်ဆိုင်။" အဲလို ဆိုရမယ်ထင်တယ်။ ဆိုင်က သန်လျင် GTC သွားတဲ့လမ်းမဘေးမှာ ကပ်ရက်ရှိတာ။ သူ့နယ်တဝိုက်မှာတော့ သူကနာမည်ကြီးပဲ။ ထန်းရည်ကောင်းလို့တော့ မဟုတ်လောက်ဘူး။ သူ့ဆိုင်ကထန်းရည်တွေလည်း သူများထန်းရည်ဆိုင်တွေကလိုပဲ ဘီအီးတွေ၊ ဘာတွေနဲ့ ရောတာပဲ။ ဆိုင်နေရာနဲ့ အခင်းအကျင်းကြောင့် နာမည်ကြီးတာ ဖြစ်လိမ့်မယ်။ သန်လျင်က တခြားထန်းရည်ဆိုင်တွေနဲ့မတူတာကတော့ ထန်းပင်အောက်မှာကို တဲထိုးပြီး ဆိုင်ဖွင့်ထားတာ။ တဲက တော်တော်ကြီးတယ်။ ဘေးမှာ အကာတွေ ဘာတွေလည်းမရှိဘူး။ တဲဆိုပေမယ့် သန့်ရှင်းတယ်ဗျ။ လေဝင်လေထွက်ကောင်းတော့ အသက်ရှုချောင်တယ်။ လမ်းမဘေးကပ်လျက်ဆိုပေမယ့် ကားလမ်းမနဲ့တဲက တော်တော်လှမ်းသေးတော့ ကားသံတွေ၊ ဘာတွေလည်း သိပ်ဆူဆူညံညံမရှိဘူး။ အေးဆေးပဲ။ ထိုင်စရာခုံ မထားပေးဘူး။ မြေကြီးပေါ် သင်ဖြူးဖျာခင်းပေးထားတယ်။ အလယ်မှာ ခြေတံတိုထမင်းစား စားပွဲခပ်ကြီးကြီးတလုံးရှိတယ်။ သူငယ်ချင်းတွေ အားလုံးဝိုင်းထိုင်ပေါ့။ ပဲကြီးလှော် တွေကို ဖျာပေါ်ကြဲပေးထားတယ်။ ချစ်ကောင်းဆိုင်က ထန်းရည်ကို မြူနဲ့ရောင်းတယ်။ တခြားသန်လျင်က ထန်းရည်ဆိုင်တွေလို ပုလင်းလိုက်မဟုတ်ဘူး။ အဲ.. လေးမြူလောက်မှာရင်တော့ ကျည်တောက်နဲ့ချပေးတယ်။ ဝါးကျည်တောက် ခပ်ကြီးကြီးထဲကို ထန်းရည်ထည့်ထားတာ။ သဘာဝ အအေးဓါတ်လေးရတာပေါ့ဗျာ။ ကျွန်တော်ထင်တယ် တစ်ကျည်တောက်ဆို ၁၀ လီတာလောက်တော့ ရှိမယ်ထင်တယ်။ ဓနိမိုးတဲအောက်က မြေကြီး အေးအေးလေးမှာထိုင်၊ ထန်းရည်ခပ်ချဉ်ချဉ်လေးတစ်ခွက်လောက်သောက်၊ ဘေးက ဒလဟောတိုက်လာတဲ့ လေအေးတွေကို ခံစား၊ ပဲကြီးလှော်လေးကို တမြုံ့မြုံ့ဝါးပြီး ခါးတွင်းချဉ်လာရင် ခြင်္သေ့သုံးကောင်ဆေးပေါ့လိပ်လေး ဖွာပြီး တလူလူတက်သွားတဲ့ မီးခိုးငွေ့လေးတွေကို တရိပ်ရိပ်လိုက်ကြည့်နေရတာလောက်ကောင်းတဲ့ စည်းစိမ်ဘယ်မှာ ရှိမှာတုန်းဗျာ။ ထန်းရည်က ဆေးပေါ့လိပ်နဲ့မှ လိုက်တာဗျ။ ပုံမှန်ဆို ဆေးပေါ့လိပ်က သောက်နေကျမဟုတ်ရင် ရှတတလေးဖြစ်ပေမယ့် ထန်းရည်လေးဝင်သွားလို့ ခံတွင်းချဉ်လာရင် ဆေးပေါ့လိပ်က အကောင်းဆုံးပဲ။ အဆီခံပြောင်းဖူးဖက်လေးကို အံသွားနဲ့ဖွဖွလေးခဲပြီး ယူစမ်းဗျာ။ တကယ့်ဖီးလ်။ ဒါမျိုးအချိန်ကို ဒူဘိုင်းက ဆဲဗင်းစတားဟိုတယ်ကြီးပေါ်မှာထိုင်ပြီး King label ခွက်နဲ့တောင် မလဲနိုင်ဘူး။ ချစ်ကောင်းဆိုင်က အမြည်းလား။ စုံပါ့။ ရန်ကုန်မှာ မရှိတဲ့ လယ်ကြွက်ကျော်တို့၊ ဘာတို့လည်းရှိတယ်။ အလိုက်ဆုံးကတော့ ပဲကြီးသုတ်။ ပဲကြမ်း ကျွတ်ကျွတ်လေးတွေကို ကြက်သွန်နီများများ၊ ဆီရွှဲရွှဲမှာ ဆား၊ အချိုမှုန့်နည်းနည်းနဲ့ သုတ်ထားတာ။ ဘာစားကသလဲတော့ မမေးနဲ့။ ဒါမျိုးမစားတတ်ဘူးလား။ ဆေးဘဲဥသုတ်စားမလား၊ ဒါမှမဟုတ် ကြက်ဥမွှေကြော်ပူပူလေးစားမလား။ ရှိပါ့။ စားကောင်းကောင်းနဲ့စားပြီး ဗိုက်ပြဿနာတတ်ရင်တော့ မပြောတတ်ဘူး။ ဒါမျိုးတွေ သိပ်မစားတတ်တဲ့ ကျွန်တော့်သူငယ်ချင်း ညီညီတို့အတွက်တော့ ကျောင်းတော်ကြီးမှာ အပတ်တကုတ်ပညာရှာနေတဲ့ သားတော်မောင် အကောင်းစားလေးတွေ ဆာရင်စားဖို့ (အမေတွေလည်း သိပြီးသာပါ။ ကျောင်းမှာ မရှိမှန်း) အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးတွေ ဖွင့်ကြပေါ့ဗျာ။ ငဖြိုးအိမ်က ဟင်းချက်တာ ကောင်းတယ်ဗျ။ မြန်မာပီပီ ဆီတော့ အသုံးများတယ်။ ဒီကောင်က ကျွန်တော့်မာတာမိခင် ချက်တဲ့လက်ရာကို ကြိုက်တယ်။ အောင်ကိုမြတ်အိမ်ကတော့ တရုတ်စားသောက်ဖွယ်ရာတွေပေါ့။ ဗမာဟင်းပဲဖြစ်ဖြစ်၊ ရခိုင်ဟင်းပဲဖြစ်ဖြစ်၊ တရုတ်ဟင်းပဲလာလာ နောက်ဆုံးတော့ အမြည်းဖြစ်သွားကြတာချည်းပဲ။ ကံကောင်းထောက်မလို့ ကျွန်တော့်အိမ်က အမဲကြော်ဖြစ်ဖြစ်၊ ငဖြိုးအိမ်က ဆတ်သားခြောက်ကြော်ဖြစ်ဖြစ် ပါလာလို့ကတော့ ထန်းရည်မြူတွေက စီမံကိန်း လျာထားချက်နဲ့ပြည့်မှီတဲ့အပြင် ဟိုဖက်ပါ လွန်လွန်သွားတတ်တယ်။ တကယ်တမ်း ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ဒီခွေးမသောက်တဲ့ အရည်တွေသောက်တာ ကျွန်တော်၊ ငဖြိုး၊ ငညီ နဲ့ ဇော်လတ်လောက်ပဲ ရှိတယ်။ ရှမ်းဆိုတဲ့ ငတိရယ်၊ အောင်ကိုမြတ်ဆိုတဲ့ တရုတ်လေးရယ်၊ တခါတခါပါလာတတ်တဲ့ သက်ဝေဆိုတဲ့ တွတ်ပီရယ်က လုံးလုံးမသောက်။ ချစ်ကောင်းဆိုင်မှာဆို ဒီကောင်တွေ ဝိုင်းဘေးမှာ ဘောလုံးဂျာနယ်ထိုင်ဖတ်နေတဲ့ကောင်တွေ။ အပါယ်ခံတွေပေါ့။ ဒါတောင် ဇော်လတ်နဲ့ ညီညီက သိပ်သောက်တာမဟုတ်ဘူး။ ဒါပေမယ့် သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ အချိန်တန် ငွေရှင်းရင်တော့ စုပေါင်းကျခံစေသတည်းပေါ့။ သုံး၊လေး နာရီလောက် ချစ်ကောင်းဆိုင်မှာ ခွေးမသောက်တဲ့အရည်တွေသောက်ပြီးရင် ထန်းရည်ဆိုင်ရှေ့က လိုင်းကားတားစီးပြီး မဟာရန်ကုန်ရွှေမြို့တော်ကြီးကို counter ပစ်ဖို့ ချီတက်ကြပါလေတော့သည်။

ကျောင်းသားဘဝက သူငယ်ချင်းများအား အမှတ်တရ ပြန်ရေးပါသည်။
နောက်တခေါက်မှ ငယ်ကျိုးငယ်နာများဖေါ်ထုတ်ပါမည်။ ရန်ဖြစ်ဖူးသူများ သတိထားကြပါကုန်လော့ ....။

ကျေးဇူးတင်စွာဖြင့်
 လွယ်အိတ်
(၁၉.ဇွန်.၁၂)





6/18/12

သမိန်ဗရမ်း-၁ (နိုင်ပန်းလှ)

ဒေါက်တာနိုင်ပန်းလှ ပြုစုသော ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှ ကူးယူဖေါ်ပြပါသည်။

တကောင်းပြည်မှ ဧကရာဇ်မင်းသည် တရုတ်နိုင်ငံတွင် နန်းစည်းစိမ် သမ္မတိကိုခံစားနေစဉ် ကာမဏိ (ကာမ္မနိ)ဟူသော လူစွမ်းကောင်းတယောက် ရှိသည်။ ကာမဏိသည် သူမတူအောင် လက်ရေးကောင်းသည်။ ဓါးခုတ်၊ လှံထိုး မြင်းစီးတိုင်သည့်အရာတွင် ပြိုင်ဘက်ကင်းသည်။ "ကာမဏိသည် လူမဟုတ်၊ နတ်ဒေဝါနှင့်တူသည်"ဟု အမျိုးမျိုးချီးမွမ်းပြောဆိုကြသည်။

တနေ့သော် စိန့်ပြည့်ရှင် ဧကရာဇ်မင်းသည် ညီလာခံထွက်တော်မူ၍ မှူးမတ်သေနာပတိများနှင့် ဆွေးနွေးတိုင်ပင်၏။ "င့ါသူရဲကောင်း ဗိုလ်ကာမဏိနှင့် တပါးသော သူရဲကောင်းတစ်ဦးတို့အား မြင်းစီးချင်းစစ်ထိုးသည့်ပွဲကို ပသို့ ငါ ရှုစားရမည်နည်း။ ကာမဏိနှင့် စစ်ထိုးဝံ့သော သူရဲကောင်းတစ်ဦးကို မည်သည့်ဧကရာဇ်မင်းတွင် တွေ့နိုင်ပါသနည်း။ သူရဲကောင်းတစ်ဦးနှင့် တစ်ဦးမြင်းစီးချင်း စစ်ထိုးသည်ကို ငါရှုစားလိုလှသည်။ " ဟု မိန့်တော်မူ၏။

"ရတနာပူရ အင်းဝပြည်နှင့် ဟံသာဝတီပြည်ရှိ ဧကရာဇ်မင်းနှစ်ပါးတို့သည် အစဉ်သဖြင့် စစ်ခင်းလျက်ရှိပါသည်။ ထိုဧကရာဇ်မင်းနှစ်ပါးတွင်  စီးချင်းတွင်အလွန်ကောင်းသည့် သူရဲကောင်းများ ရှိပါသည်။" ဟုမှူးမတ်များကလျှောက်ထားလျှင် စိန့်ပြည်ဧကရာဇ်မင်းသည် လွန်စွာဝမ်းသာအားရ၍ ရတနာပူရအင်းဝပြည်သို့ စစ်ချီရန် စစ်အင်္ဂါများ စီရင်စေ၏။

အချိန်ကောင်း အခါကောင်းရသော် ကြည်းတပ်တွင်မြင်းစီး၍ စိန့်ပြည်ဘုရင်သည် အင်အားကြီးမားစွာဖြင့် ရတနာပူရအင်းဝနိုင်ငံသို့ ချီတော်မူသည်။ စိန့်ပြည်ဘုရင်၏ စစ်အင်အားကြီးမားပုံကား ဝဿန္တ မိုးဥတုတွင် မိုးကြီးသည်းထန်စွာရွာသွန်းသဖြင့် တောအလုံးကို မိုးရေတွေဖုံးလွှမ်းထားသကဲ့သို့ ဖြစ်လေသည်။ အထက်မှအောက်သို့စီးကျသော တောင်ကျရေများကို တာဆီး၍မရနိုင်သလို စိနမင်း၏စစ်တပ်မကြီးသည် အင်းဝသို့ ဒလဟောချီလာသည်။ စည်မောင်းသံများမှာ တသောသောညံလျက်ရှိတော့သည်။အင်းဝနှင့်နီးလတ်သော် တပ်စခန်းချ၍နေတော်မူ၏။

   ရတနာပူရ အင်းဝရွှေနန်းရှက် ဘုရင်မင်းခေါင်သည် တရုတ်စစ်ချီလာသည်ကိုကြားလျှင် မြို့ပြ၊ ကျုံးမြောင်းများကို ခိုင်ခံ့မြဲမြံအောင် ပြုပြင်၍နေတော်မူ၏။ မြို့ပြင်သို့ထွက်၍ တိုင်ခိုက်ခြင်းမပြုပဲ မြို့တွင်း၌သာ အခိုင်နေလေသည်။

   စိန့်ပြည်ဘုရင်သည် သူရဲသူခက်များအား "လက်နက်ကောင်ဆောင်ခြင်းမပြုသော လူသူများကို အန္တရာယ်မပြုရ။ ငါ့အမိန့်ကိုမနာခံလျှင် ခေါင်းဖြတ်သတ်ပစ်မည်"ဟု ကြေငြာချက်ထုတ်တော်မူ၏။ ထို့နောက် အင်းဝရွှေနန်းရှင်ဘုရင်မင်းခေါင်ထံ ရာဇသံစာရေး၏။ ပဏ္ဏာလက်ဆောင်များကား မကန်းရုပ်ဖြင့် ပိုးအဝတ်အုပ်တစ်ရာ၊ ရွှေသမင်ရုပ်ဖြင့်ပိုးအုပ်တစ်ရာတို့ ဖြစ်သည်။ ရာဇသံစာနှင့် လက်ဆောင်ပဏ္ဏာများကို မြန်မာစကားတတ်သောစော်ဘွားတစ်ဦးကို နောက်လိုက်များနှင့်တကွ အင်းဝသို့စေတော်မူ၏။ စော်ဘွားသည် လက်ဆောင်ပဏ္ဏာများနှင့် ရာဇသံစာကိုယူ၍ အင်းဝရွှေနန်းသခင် ဘုရင်မင်းခေါင်ထံ ဝင်ရောက်ဆက်သလေ၏။ ဘုရင်မင်းခေါင်လည်း စာကိုမြန်မာဘာသာနှင့် ပြန်ဆိုဖတ်ကြားစေ၏။ စာတွင်
       "စိနပြည့်ရှင် ဧကရာဇ်မင်း ကြားရောက်အပ်သော၊ အင်းဝရွှေနန်းရှင်သခင်။ ယခု ငါတို့စစ်ချီလာသည်မှာ ဆန္ဒနှစ်မျိုးရှိပါသည်။ တစ်မျိုးကား အင်းဝမင်းသည် ငါတို့လက်အောက်ခံ၍ လာရောက်ရှိခိုးရန်ဖြစ်သည်။  အခြားတစ်မျိုးကား သူရဲကောင်းချင်းစီးချင်းထိုးသည်ကို မျက်မှောက်ပြုလျက် ရှုစားလိုခြင်းဖြစ်သည်။ အကယ်၍ အင်းဝဘက်မှ မြင်းစီးသူရဲကောင်းရှူံးခဲ့လျှင် အင်းဝကိုကြည်သာစွာဖြင့် ငါ့လက်အပ်ရန်ဖြစ်သည်။ အကယ်၍ ငါတို့ဘက်မှ သူရဲကောင်း ရှုံးခဲ့သော် စိနပြည်သို့ ငါတို့ ဆုတ်ပြန်ပါမည်။ အင်းဝပြည်ရှိ တဲငယ်တစ်ခုကိုမျှ မပျက်ဆီးစေရပါ။ သို့ဖြစ်၍ အင်းဝရွှေနန်းရှင်၏ ဆန္ဒကိုပြန်ကြားစေလိုပါသည်။ "
ဟု ပါရှိလေသည်။ ဘုရင်မင်းခေါင်သည် စာပါအကြောင်းအရာတို့ကို သိရပြီးလျှင် လွန်စာဝမ်းသာအားရတော်မူ၏။

    "သည်တစ်ကြိမ် စစ်ကိစ္စပြောဆိုရသည်မှာ လွန်စွာပင် တရားနည်းလမ်းကျလှပေသည်။ တိုင်းသူပြည်သား၊ ပုဏ္ဏား၊ ရဟန်းများကို ပူပင်သောက မရောက်စေရတော့ပါ။ တရားဓမ္မနှင့် ပြည့်ဝသော မင်းဧကရာဇ်များအတွက် သင့်တင့်လှပေသည်"
ဟုမိန့်တော်မူပြီး ပြန်စာနှင့်တကွ လက်ဆောင်ပဏ္ဏာများကို စော်ဘွားလက်သို့ အပ်တော်မူသည်။ လက်ဆောင်များကား ခေါမစောင်အုပ်နှစ်ဆယ်၊ ခေါင်းအုံးနှင့်တကွ သဇင်ပန်းအပွင့်သုံးဆယ်ပါသော တင်းတိမ် အတောင်ငါးဆယ်ဖြစ်သည်။ စာတွင်
  "စိန့်ပြည့်ရှင်ဧကရာဇ်မင်း ဆန္ဒရှိသည့်အတိုင်း သူရဲကောင်းအချင်းချင်း မြင်းစီး၍ ဓါးလှံကိုင်လျက် စစ်ထိုးမှုကို ရှုစားရန် ကောင်းသည်ဟု ငါလည်းမြင်ပါသည်။ လွန်စွာ ငါဝမ်းသာပါသည်။ သို့သော် သည်တစ်ကြိမ် စစ်ထိုးမည့်ကိစ္စမှာ မဟာယုဒ္ဓ(စစ်ကြီး)ဖြစ်သဖြင့် အလျင်လို၍မရပါ။ အင်းဝမှာ သူရဲကောင်းရွေးချယ်ရဦးမည် ဖြစ်သဖြင့် ၇ ရက်မျှ ဆိုင်းငံ့စေလိုသည်။ တနည်းဆိုရသော် စစ်တပ်ဗိုလ်ပါများနှင့်ချီလာသော အဆွေတော် ဧကရာဇ်မင်းသည် ခရီးဝေးမှလာခဲ့ရသဖြင့် ပင်ပန်းချေမည်။ အမောမပြေသေး။ ဗိုလ်ပါများနှင့်တကွ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာဖြင့် အနားယူကြပါဦး။ အဆွေတော်၏ ရာဇသံ၌ပါသည့်အတိုင်း အချိန်တန်လျှင် အကြောင်းကြားစေမည် ဖြစ်ပါကြောင်း "

  ယင်းစာနှင့် လက်ဆောင်များကို ရရှိလျှင် စိန့်ပြည့်ရှင်ဧကရာဇ်မင်းလည်း လွန်စွာဝမ်းသာ၏။ ဗိုလ်ပါ၊ သူရဲသူခက်များကို ပျော်ရွှင်စွာအပန်းဖြေကြစေသည်။

   ဘုရင်မင်းခေါင်သည် မှူးမတ်သေနာပတိများနှင့် ဆွေးနွေးတိုင်ပင်တော်မူစဉ် "စိန့်ပြည့်ရှင်၏ သူရဲကောင်းကာမဏိနှင့် မည်သူတစ်ဦးတစ်ယောက်သည် မြင်းစီးချင်းထိုးဝံ့ပါသနည်း" ဟုမေးတော်မူ၏။ ခစားနေကြသော မှူးမတ်ဗိုလ်ပါ သူရဲသူခက်များအနက် မည်သူမျှခေါင်းမမော်ဝံ့ပေ။ တိတ်ဆိတ်စွာနေသဖြင့် ဘုရင်မင်းခေါင်သည် လွန်စွာကြောက်ရွံ့စိုးရိမ်တော်မူ၏။ စိတ်သောကရောက်တော်မူ၏။"

   အင်းဝပြည်၏ ဂြိုလ်အနေအထားကို ကြည့်ရှုစေရာ ပုဏ္ဏား၊ ဟူးရားတို့က " အင်းဝပြည်၏ ဂြိုလ်အနေအထားမှာ အားလုံးကောင်းမွန်ပါသည်။ ရှေ့သို့ လာဘ်လာဘ ရရန်လည်းရှိပါသေးသည် " ဟု လျှောက်တင်ကြသည်။ ဘုရင်မင်းခေါင်လည်း ဝမ်းသာတော်မူ၏။ သူရဲကောင်းရှာရန် မြို့အနှံ့မောင်းလည်ခတ်စေသည်။
   "အကြင်သူတစ်ဦးသည် စိန့်ပြည့်ရှင်မင်း၏ သူရဲကောင်း ဗိုလ်ကာမဏိနှင့် စီးချင်းတိုက် ပေးနိုင်ခဲ့ပါမူ ထိုသူရဲကောင်းအား ရတနာပူရအင်းဝရွှေနန်းရှင်က မဟာဥပရာဇာအဖြစ် ချီးမြှင့်တော်မူမည်။ "
ဟူ၍ အင်းဝမြို့အနှံ့အပြားသို့ ကြေညာမောင်းကို လည်ခတ်စေ၏။ သို့သော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ကာမဏိအား စစ်ထိုးဝံ့သူ မရှိချေ။"

    ယင်းသောအခါ ထောင်တွင်း အကျဉ်းကျနေသော သမိန်ဗရမ်းအား စောင့်ရသည့် ထောင်စောင့်များသည် သူရဲကောင်းကိစ္စကို အချင်းချင်းပြောဆိုကြသည်။

    "ယခု ငါတို့ရွှေနန်းရှင် ဧကရာဇ်မင်းခေါင်က မဟာဥပရာဇာပေးမည်။ နန်းထက်ဝက်ပေးမည် ဆိုသည့်တိုင်အောင် ကာမဏိကို စစ်ထိုးဝံ့သူ မရှိပါသဖြင့် ငါတို့အင်းဝပြည်ကြီး ပျက်စီးရတော့မည် တကား။ "
ယင်းသို့ဆိုသည်ကို သမိန်ဗရမ်း ကြားရလျှင်

   "ငါသည် ထောင်တွင်း၌ ကြာမြင့်စွာပင် ဒုက္ခခံနေခဲ့ရသည်။ ဆင်စီး၍လည်းကောင်း၊ မြင်းစီး၍လည်းကောင်း ခြေလက်ကို မဆန့်တန်းရသည်မှာ ကြာလှပြီ။ ဘယ်လက်ကို ညာသို့တိုင်အောင်၊ ညာလက်ကို ဘယ်သို့တိုင်အောင် မလှည့်ရသည်မှာ ကြာလှပြီဖြစ်၍ ငါပူပန်ပါ၏။ တရုတ်သူရဲကောင်း ဗိုလ်ကာမဏိကို အနည်းငယ်မျှ ငါမကြောက်။ သူ့ကိုအနိုင်ယူဖို့ မည်သို့မျှ မခက်ခဲ။ သည်တာဝန်ကို ငါယူခဲ့သော် အရှင်နှစ်ပါးတို့၏ အမှုကို ငါ့ပုခုံးနှစ်ဖက်ဖြင့် ထမ်းသလိုဖြစ်တော့မည်။ သည်ကဲ့သို့ပြုဖို့ မသင့်တင့်ပါတကား"
ဟု စဉ်းစားပြီး တိတ်ဆိတ်စွာပင်နေလေ၏။ နောက်တနေ့တွင်လည်း ကြေငြာမောင်းလည်ခတ်သည်ကို ထောင်စောင့်များ ကြားရလျှင်

      "သည်တစ်ကြိမ် တရုတ်စစ်ချီလာသည်မှာ အင်အားကြီးမားလှသည်။ ငါတို့ဘက်က သူရဲကောင်းကို ရှာသည်မှာလည်း မည်သူမျှ တာဝန်မယူဝံ့သေး။ သည်မြို့တစ်မြို့ကို မဆိုထားနှင့်ဦး၊ အင်းဝထက် ဆယ်နှစ်ဆကြီးသော မြို့ဖြစ်သည့်တိုင်အောင် တရုတ်တို့ကို ခံနိုင်မည်မဟုတ်။ ငါတို့ မြန်မာနိုင်ငံကို တရုတ်တို့ အမှန်ရတော့မည်။ "
ဟု အချင်းချင်းဆိုကြပြန်၏။ သမိန်ဗရမ်းလည်းနားထောင်လျှက်

   "အင်းဝမြို့သည် ပဲခူးမြို့သို့ချီရန် လမ်းစဖြစ်၏။ အင်းဝသည် ဟံသာဝတီ၏ မုခ်ဝနှင့်လည်းတူသည်။  ယခု စိန့်ပြည့်ရှင် ဧကရာဇ်မင်းသည် သူရဲကောင်းချင်း မြင်းစီး၍ စစ်ထိုးသည်ကို ရှုစားလိုသောဆန္ဒဖြင့် စစ်ချီလာခြင်းဖြစ်သည်။ ကာမဏိကို ခံဝံ့သူ အင်းဝတွင် မရှိပါက သူ့ဆန္ဒပြည့်ဝမည်မဟုတ်။ အင်းဝကို ရပြီးသော် ဟံသာဝတီသို့ ဆက်လက်ချီပေဦးမည်။ ငါ့မှာလည်း ထောင်တွင်း၌ ကြာမြင့်စွာ နေခဲ့ရပြီ။ အင်းဝပျက်သော် ဟံသာဝတီသို့ ငါပြန်ရောက်ဖို့ မရှိတော့ပြီ။ သည်စစ်ကို ငါတာဝန်ယူတိုက်မှ တော်တော့မည်။ တရုတ်စစ်ကို ဟံသာဝတီသို့ မစုန်စေတော့ပြီ။"
ဟု စိတ်တွင် စဉ်းစားဆင်ခြင်ပြီး ထောင်စောင့်တို့အား
  "စိန့်ပြည်မှ သူရဲကောင်း ကာမဏိကို ပသို့ကြောင့် ကြောက်ရမည်နည်း။ သူ့မှာ ဥာဏ်ပညာ အစွမ်းသတ္တိ မည်မျှရှိသနည်း။ ကောင်းကင်ပျံနိုင်သည့် နတ်သားကိုသာ ငါကြောက်သည်။ ဤမြေချာတွင် ကာမဏိသည် ငါတို့လို လူတစ်ယောက်သာ ဖြစ်သည်။ သူ့အား ကြောက်စရာမရှိ။ သူ့ကိုနိုင်အောင် ငါတာဝန်ယူ တိုက်ဝံ့သည် " ဟုဆို၏။ ယင်းစကားကို ထောင်စောင့်တို့ကြားလျှင် ဝမ်းသာအားရစွာဖြင့်

    "ငါ့ရှင် တာဝန်ယူ၍ တိုက်ဝံ့လျှက် အလွန်ကောင်းမည်။ ငါ့ရှင်လည်း ဒုက္ခမှ လွတ်ကင်းရမည်။ ယဿပတ္တိနှင့် ပြည့်စုံသော ဥပရာဇာမင်း ဖြစ်ရမည်မချွတ်။ နောင်ကို ငါ့ရှင်၏ ဘုန်းရိပ်ကို ငါတို့ ခိုလှုံရတော့မည် " ဟုဆိုကြ၏။

    "ယခု ကာမဏိအား အနိုင်ယူစစ်ထိုးဖို့ ငါတာဝန်ယူသည်မှာ ယဿပတ္တိကို လို၍မဟုတ်။ အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲ၍ ကိတ္တိယဿကျော်စောခြင်းနှင့် ပြည့်စုံစေလိုသည်။ မြို့သူမြို့သား ရဟန်းပုဏ္ဏားများအား ချမ်းသာသုခတို့နှင့် ပြည့်စုံစေလို၍ ဖြစ်သည်။"
ဟု ဆို၏။ ထို့နောက် ထောင်မှူးသည် စစ်သေနာပတိထံသွား၍ သမိန်ဗရမ်း (ဗညာဓရေမ်) ဆိုသည့် စကားများကို တင်လျှောက်သည်။ သေနာပတိလည်း ဝမ်းသာအားရဖြင့် ဘုရင်မင်းခေါင်ထံ ဝင်ရောက်သံတော်ဦးတင်လေ၏။ ဘုရင်မင်းခေါင်လည်း ထိတ်လန့်နေရာမှ သတိရလာ၏။

   "အင်း သမိန်ဗရမ်းကို ငါမေ့နေလိုက်တာ။ သမိန်ဗရမ်းသည် ဆင်စီး၊ မြင်းစီး၍ တိုက်ခိုက်ရာမှာ အလွန်လျင်မြန် ဖျတ်လတ်ပေါ့ပါးလှသည်။ ဥာဏ်ပညာ အစွမ်းသတ္တိရဲရင့်မှုမှာ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ကာမဏိနှင့် စစ်ထိုးစေမှ သင့်မည်"ဟု စိတ်တွင် ပေါ်ပေါက်လာ၏။ လွန်စွာ ဝမ်းသာအားရတော်မူ၏။ ထို့နောက် မှူးမတ်သေနာပတိများအား

   "သမိန်ဗရမ်းသည် ဟံသာဝတီတွင် သူရဲကောင်းဖြစ်သည်ကို ငါမေ့နေသည်။ ယခုမှ ငါသတိရလာသည်။ သမိန်ဗရမ်းကို သစ္စာရေတိုက်ပြီး ထောင်တွင်းအကျဉ်းချထားရာမှ ထုတ်ခဲ့ချေ "
ဟု မိန့်တော်မူ၏။ အမိန့်အတိုင်း သမိန်ဗရမ်းအား သစ္စာရေတိုက်ပြီးသော် ထောင်တွင်းမှ ထုတ်၍ ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြသည်။ သမိန်ဗရမ်းကိုမြင်လျှင် ရွှေနန်းသခင် ဘုရင်မင်းခေါင်သည် လွန်စွာဝမ်းသာ အားရတော်မူ၏။

   "ရတနာပူရ အင်းဝပြည်အနီး၌ တပ်တည်နေသော တရုတ်စစ်တပ်မှ သူရဲကောင်းကာမဏိနှင့် ခံဝံ့သူတစ်ယောက်ကို ငါတို့ ရှာ၍မရသေး။ သည်တာဝန်ကို မင်းယူဝံ့မည်လော" ဟု မေးတော်မူ၏။

   "ရွှေနန်းရှင်၏ ကျေးဇူးတော်ကို ဆပ်သည့်အနေဖြင့် ကာမဏိနှင့် စီးချင်းတိုက်မည့် တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ပါမည်။ စိန့်ပြည့်ရှင်ကို ရွှေနန်းသခင် အရှက်မရစေပါ။ သို့သော် အရှင်မင်းကြီးထံမှ မြင်းကောင်းတစ်စီးကို ကျွန်ုပ်တောင်းခံလိုပါသည်။ ကျွန်ုပ်စိတ်ကြိုက်မြင်းကို ရပါမူ ကာမဏိလောက်ကို မဆိုထားနှင့်၊ နတ်သိကြားမှလွဲ၍ မည်သူ့ကိုမဆို ကျွန်ုပ်ရအောင် တိုက်ဝံ့သည်" ဟု သမိန်ဗရမ်း လျှောက်ထားလေ၏။ ဘုရင်မင်းခေါင်လည်း ဝမ်းသာ အားရတော်မူ၏။

     "ငါ့မှာ မြင်းတွေ သောင်းသိန်းမျှရှိသည်။ မင်း ဘာမျှမပူနှင့်။ မင်းစိတ်ကြိုက်မြင်းကို ရွေးယူချေ။" ဟု မိန့်တော်မူ၏။
   "ရွှေနန်းသခင် ပိုင်သော မြင်းတွေ အမြောက်အမြား ရှိသည်ကား မှန်ပါ၏။ မြင်းကောင်း မရမည်စိုးသည်။ အကောင်းမှန်လျှင် ရှားသည်ချည်း။ ဆင်ကောင်းသည်ကို စီးပြီးမှ သိနိုင်သည်။ မြင်းကောင်းသည်ကို သိလိုလျှင် သူ့ကုန်းထက်မှာ လက်တင်ကြည့်မှ သိမည်။ သူရဲကောင်းအစွမ်းကို သိလိုလျှင် တိုက်ခိုက်စေပြီးမှ သိနိုင်သည်။ ကိုးရည်မီသော ရွှေဖြစ်ကြောင်း သိလိုပါက မှတ်ကျောက်တင်ကြည့်မှ သိနိုင်သည်။ မိန်းမကောင်းမည်သည် မယားဝတ်တရားနှင့်ညီပြီး လှပ၍ အကျင့်သိက္ခာ လက္ခဏာများနှင့် ပြည့်စုံမှ မိန်းမကောင်းမည်ပေမည်။ ချိုဆိမ့်သည့် အရသာကောင်းကို သိလိုလျှင်လည်း မြည်းကြည့်ပြီးမှ သိနိုင်ပါသည်။ စိတ်ကောင်းရှိမရှိ သိလိုလျှင်လည်း သံသယကင်းသည့်အထိ စမ်းသပ်ပြီးမှ သိနိုင်ပါသည်။ ယခု ကျွန်ုပ်တင်ပြသည့် ဥပမာတို့သည် ရှာရခက်သည့် ပစ္စည်းကောင်းတွေ ဖြစ်ပါသည်"
ဘုရင်မင်းခေါင်ကြားလျှင် ရယ်တော်မူ၏။ လွန်စွာသဘောကျတော်မူ၏။ ထို့နောက် ရှိသမျှ မြင်းကြီးငယ်ဟူသရွေ့ကို သမိန်ဗရမ်းအားပြစေ၏။ ဘုရင်မင်းခေါင် ကိုယ်တော်တိုင် ထွက်ကြည့်တော်မူ၏။

   မြင်းရှိသရွေ့ သောင်းသိန်းမက ပြသသော်လည်း သမိန်ဗရမ်း စိတ်ကြိုက်မြင်း တစ်ကောင်မျှ မတွေ့ရပေ။ မြန်မာ မှူးမတ် သေနာပတိများလည်း ရယ်မော၍ သရော်ကြ၏။ လှောင်ပြောင် ပြောဆိုကြ၏

  "သည်မွန်သူရဲကောင်းမှာ စကားများများပြောသော နှုတ်ရေးကောင်းသူသာဖြစ်သည်။ မြင်းရွေးဟန်ပြုပြီး အခွင့်ကောင်းအခါကောင်း ယူမည်။ မြင်းတွေ သောင်းသိန်းမကကို ပယ်သည်။ သည်မြင်းတွေအားလုံးမှာ စစ်ပွဲတွင်  အမြဲတိုက်ခိုက်ခဲ့ဖူးသည်ချည်း။ အားလုံးပင် မြင်းကောင်းချည်း ဖြစ်ကြသည်။ တစ်စီးမျှ မရွေးချယ်ဘဲ အချိန်နှောင်းအောင်ပြုသည်။ လမ်းရလျှင် ပြေးမည် မချွတ်"
ဟူ၍ အမျိုးမျိုး တီးတိုးပြောဆိုကြသည်။ သို့သော် ဘုရင်မင်းခေါင်သည် မည်သို့မျှ သံသယမဖြစ်။ သမိန်ဗရမ်းအား ယုံကြည်တော်မူသည်။ မြို့တွင်းရှိသမျှ မြင်းများအနက် တစ်စီးမျှစိတ်ကြိုက်မတွေ့ကြောင်းကို သမိန်ဗရမ်းလျှောက်ထား၏။ ဘုရင်မင်းခေါင်သည် သေနာပတိများအား မြို့ပြင်သို့ထွက်၍ ကျေးရွာဇနပုဒ် နိဂုံးများ၌ မြင်းကောင်းတစ်စီး ရရှိသည်အထိ ရှာစေတော်မူ၏။
   ဘုရင်မင်းခေါင်နှင့် စိန့်ပြည့်ရှင်တို့ အချိန်းအချက် ပြုထားသည့် အချိန်မှစ၍ မြို့ပြင်ရှိဇနပုဒ်များတွင် ဘေးအန္တရာယ်မရှိ နဂိုမူလပကတိအတိုင်း အေးချမ်းစွာ ဝင်ထွက်သွားလာနိုင်ပေသည်။ သေနာပတိများသည် အမိန့်တော်အတိုင်း မြို့ပြင်သို့ထွက်ကာ မြင်းရှိသောကျေးရွာများသို့ လှည့်လည်ရှာဖွေကြသည်။ များမကြာမီ မြင်းမသားအမိ နှစ်စီးတို့အားတွေ့မြင်ကြသည်။ မြင်းရှင်မှာ မုဆိုးမဖြစ်သည်။ ရေကန်အနီးတွင် မြင်းမသားအမိတို့သည် မြက်စားလျက်နေကြသည်။ ရေကန်၏အနံမှာ ငါးလံမျှရှိ၍ ရေနက်သည်။ မြင်းပျိုသည် ရေကန်ကို နေ့စဉ် ခုန်လွှား၍သွားလာမြဲဖြစ်၏။ မုဆိုးမသည် ဆန်ကိုဖွပ်ပြီး ဖွဲနုကို ပြာထုတ်၏။ ရသမျှဖွဲနုကို မြင်းသားအမိတို့အား ခေါ်ကျွေးလျက်ရှိ၏။ မြင်းမသည် အားနည်းသဖြင့် ရေကန်ကို မခုန်လွှားနိုင်။ ရေကို ဖြတ်ကူး၍လာရသည်။ မြင်းပျိုသည် အလွန်အားကောင်း၍ ရေကန်ကို ခုန်လွှားကာ ဖွဲနုကိုလာစား၏။
 ယင်းသို့ မုဆိုးမသည် နေ့စဉ်ပင် မြင်းသားအမိတို့အား ဖွဲနုကို ခေါ်ကျွေးသည်။ ထိုမြင်းပျိုကို သေနာပတိတို့မြင်ကြလျှင် "မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်။ အားကောင်းလွန်းသည်" ဟု ဆိုကြပြီး ဝိုင်းဝန်း၍ဖမ်းဆီးရန် ကြိုးစားကြ၏။ ကြာမြင့်စွာကြိုးစားသော်လည်း မြင်းပျိုကိုဖမ်း၍ မရပေ။ သို့ဖြစ်ရာ မုဆိုးမအား ခေါ်၍ဆို၏။

  "ယခု နင့်မြင်းပျိုကို ငါတို့ကြိုက်နှစ်သက်သည်။ မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်။ နင့်မြင်းကို ငါတို့ယူ၍ ရွှေနန်းရှင်အား ဆက်သရမည်။ အမြန်ဖမ်းပေးပါ။"ဟု ဆိုလျှင် မုဆိုးမက "မြင်းပျိုကို အလိုရှိပါက သေနာပတိများ ဤအနီးအနား၌ မနေကြပါနှင့် ။ အဝေးသို့ ခေတ္တရှောင်နေကြပါ" ဟုဆို၏။ သေနာပတိများလည်း ခပ်လှမ်းလှမ်းသို့ ထွက်သွားကြသည်။ သို့စဉ် မုဆိုးမသည် မြင်းပျို၏လည်တွင် ကြိုးတပ်၍ သစ်ပင်ကြီးနှင့် ချည်နှောင်လိုက်သည်။

  သေနာပတိများလည်း ဝမ်းသာစွာဖြင့် ရောက်လာကြပြီး မြင်းပျိုကို ယူသွားကြ၏။ မြို့တွင်းသို့ရောက်လျှင် ရွှေနန်းရှင်အား မြင်းပျိုကို တွေ့ရပုံ အလုံးစုံကို တင်လျှောက်ကြ၏။ ဘုရင်မင်းခေါင်သည် မြင်းပျို၏ ကောင်းသော ကြန်အင်လက္ခဏာကို မြင်လျှင် လွန်စွာသဘောကျ၏။ ထို့နောက် သမိန်ဗရမ်းအားခေါ်ပြီး မြင်းပျိုကိုကြည့်စေ၏။ လှပဝဖြိုး၍ မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်ကို သမိန်ဗရမ်းမြင်လျှင် ကြိုက်နှစ်သက်၏။ မြင်းပျို၏ ကျောထက်တွင် လက်ကို တင်ကြည့်၏။ အနည်းငယ်မျှ နိမ့်မကျ။ မြို့တွင်းမှ မြင်းများနှင့်မတူ။ ခွန်အားဗလကောင်းသော မြင်းကောင်းဖြစ်သည်ကို သိရ၏။ ပြိုင်ဘက်ကင်းသော မြင်းဖြစ်၍ စိတ်ကြိုက်ဖြစ်သဖြင့် ကကြိုးတန်ဆာများကို ချည်စေ၏။

   "ကျွန်ုပ် စိတ်ကြိုက်မြင်းကို ရပါပြီ။ မြင်းနှင့် ရင်းနှီးရန်နှင့် စစ်ထိုးတတ်အောင် မြင်းကို လေ့ကျင့်ခွင့် ပြုတော်မူပါ" ဟု သမိန်ဗရမ်း လျှောက်ထားလေ၏။ ရွှေနန်းသခင်လည်း ခွင့်ပြုတော်မူသဖြင့် သမိန်ဗရမ်းသည် တုတ်၊ ဓားနှင့် လှံတို့ကိုကိုင်၍ မြင်းထက်သို့တက်ကာ မြို့ပြင်သို့ ဒုန်းဆိုင်းနှင်လေသည်။ လမ်းတွင် မြေမှုန်များ ထသဖြင့် မြင်းနှင့်လူကို မမြင်ရတော့ပေ။ မြန်မာသေနာပတိများသည် သမိန်ဗရမ်းအား သံသယဖြစ်ကြသည်။

    "သမိန်ဗရမ်း ပလီသည်။ ရွှေနန်းသခင်ကို လိမ်လည်လှည့်ဖျား၍ ဟံသာဝတီသို့ ထွက်ပြေးပြီ"
ဟု ဆိုကြ၏။ ဘုရင်မင်းခေါင်သည် ယင်းသို့ မှူးမတ်များဆိုကြလျှင် ပူပင်တော်မူ၏။ ထောင်မှူးအား ခေါ်၍မေး၏။

  "သမိန်ဗရမ်းသည် သစ္စာရှိသည်။ ဖြောင့်မတ်လွန်းသည်။ ရွှေနန်းသခင်အား လိမ်လည်၍ ထွက်ပြေးမည် မဟုတ်ပါ။ မြင်းပျိုသည် အရိုင်းဖြစ်သဖြင့် စီးကျင့်ရရန် လေ့ကျင့်ခြင်း ဖြစ်ပေသည်။ ကျင့်သားရလျှင် မုချပြန်လာမည်ကို ကျွန်တော်ယူဆပါသည်။ ရွှေနန်းရှင် ဆိုင်းငံ့၍ စောင့်တော်မူပါ။"
ဟု လျှောက်ထား၏။
  သို့သော်လည်း ဘုရင်မင်းခေါင်သည် သံသယစိတ် မကုန်သေးသဖြင့် အတွင်းဆောင်သို့ ဝင်တော်မမူဘဲ စောင့်မျှော်လျက် နေတော်မူ၏။ သေနာပတိများကိုလည်း သမိန်ဗရမ်းအလာကို စောင့်စားနေစေ၏။
သမိန်ဗရမ်းသည် နံနက်ပိုင်းမှစ၍ မြင်းကို ဒုန်းစိုင်းနှင်ကာ မြို့ပြင်သို့ထွက်ပြီး စိတ်တိုင်းကျအောင် လေ့ကျင့်သည်။ နေစောင်း၍ သုံးချက်တီးအချိန်တွင် မြင်းကိုအလှစီးလျက် မြို့တွင်းသို့ ဝင်လာလေ၏။ မြင်းကို အမျိုးမျိုး လေ့ကျင့်ခဲ့သည်။ မြင်းကို အလှစီး၍ သမိန်ဗရမ်း ဝင်လာသည်ကို အဝေးမှမြင်ရလျှင်ပင် သေနာပတိများက အသံကျယ်စွာဖြင့်
"သမိန်ဗရမ်း ပြန်လာပြီ။ သမိန်ဗရမ်း ပြန်လာပြီ။ ထောင်မှူးပြောသည့်အတိုင်း မှန်ပေသည်"
ဟု ဟစ်အော်ကြ၏။ ဘုရင်မင်းခေါင်လည်း သမိန်ဗရမ်း ဝင်လာသည်ကို မြင်လျှင် လွန်စွာ ဝမ်းသာအားရတော်မူ၏။
 "သမိန်ဗရမ်းသည် ယောက်ျားကောင်းတစ်ယောက်ဟူ၍ မှတ်ယူနိုင်ပြီ။ သစ္စာတရား ခိုင်မြဲပေသည်။ မြင့်မြတ်သော စိတ်ရှိသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်။ ပြိုင်ဘက် ကင်းသည်။"
ဟု စိတ်တွင်ချီးမွမ်းတော်မူ၏။ သမိန်ဗရမ်းသည် မြင်းထက်မှသက်၍ ရွှေနန်းသခင်ထံ ဝင်ရောက်ရှိခိုးလျက်

   "ကျွန်ုပ်သည် စိတ်တိုင်းကျ မြင်းကို လေ့ကျင့်ပြီးပါပြီ။ ကာမဏိဦးခေါင်းသည် ကျွန်ုပ်လက်က မလွတ်တော့ပြီ။ ရွှေနန်းသခင်ထံ အရဆက်သပါမည်။ သို့ဖြစ်၍ သံခြင်းတစ်ခုကို ကျွန်ုပ်လိုပါသည်။ ကာမဏိဦးခေါင်းကိုဖြတ်ပြီး မြေသို့မကျမီ ချွန်းဖြင့်ချိတ်၍ သံခြင်း၌ထည့်ကာ ရွှေနန်းသခင်အား ဆက်သပါမည်" ဟု လျှောက်ထားလေ၏။ ထိုအခါ မှူးမတ်များက

  "ရွှေနန်းရှင်က သူ့ကို ချီးမွမ်းဖန်များလို့ သူ့စကား ကြီးမားလှသည်။ ဘဝင်မြင့်လွန်းသည်။ ကြုံးဝါးလွန်းပေသည်" ဟု တီးတိုးဆိုကြ၏။
ဘုရင်မင်းခေါင်သည် ပတ္တမြားစီသော မြင်းကကြိုးတန်ဆာ၊ ရွှေရောင်ခေါင်းပေါင်း၊ နဝရတ်ကိုးသွယ် လက်စွပ်နှင့်တကွ စစ်ထိုးရန် လက်နက်ပစ္စည်း ဟူသမျှကို သမိန်ဗရမ်းအားပေးတော်မူ၏။ မြင်းကို အလှဆင်မြန်းရန် မင်းနန္ဒမိတ်အား တာဝန်ပေးတော်မူ၏။ သမိန်ဗရမ်းအလား စိတ်တိုင်းကျ လိုအပ်သမျှ ပစ္စည်းများကို ပေးစေ၏။ ထို့နောက် တရုတ်ပြည့်ရှင်ထံသို့ ရာဇသံစာနှင့် စစ်ထိုးမည့် အချိန်ကာလကို ချိန်းချက်ပြုတော်မူ၏။ လက်ဆောင်ပဏ္ဏာနှင့် ရာဇသံစာကို မင်းမဟာရာဇာလက် အပ်၍စေတော်မူ၏။


သမိန်ဗရမ်း-၂ (နိုင်ပန်းလှ)

ဒေါက်တာနိုင်ပန်းလှ ပြုစုသော ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှ ကူးယူဖေါ်ပြပါသည်။ 

မင်းမဟာရာဇာသည် အင်းဝမြို့ပြင်သို့ထွက်၍ တရုတ်ပြည့်ရှင်အား လက်ဆောင်များနှင့် ရာဇသံစာကို ဆက်သလေ၏။ စာတွင်
"ရတနာပူရအင်းဝ ရွှေနန်းသခင် ကြားရောက်အပ်သော စိန့်ပြည့်ရှင်မင်း။ ငါတို့၏ သူရဲကောင်း တစ်ဦးနှင့်တစ်ဦး မြင်းစီးချင်းတိုက်ခိုက်သည်ကို မျက်မှောက်ပြုလျက် ရှုစားလိုသည့်အတိုင်း ယခုအခါ ငါတို့ဘက်က အစစအရာရာ စီစဉ်ထားပြီး ဖြစ်ပါသည်။ လာမည့် ကြာသာပတေးနေ့တွင် ၇ ရက် ပြည့်မြောက်ပြီး ဖြစ်သည်။ ၎င်းနေ့တွင် ချိန်းဆိုထားသည် ဖြစ်ပါ၍ စစ်ထိုးမည့် သူရဲကောင်းကို စေလွှတ်လိုသည်။ မြင်းစီးချင်း ထိုးမည့်စစ်ပွဲကို ငါတို့မင်းနှစ်ပါးနှင့် မှူးမတ်သေနာပတိများ ရှုစားကြရပေတော့မည်"

   ဘုရင်မင်းခေါင်ထံမှ စာကိုရလျှင် စိန့်ပြည့်ရှင်လည်း လွန်စွာဝမ်းသာ၏။ မကန်းခြေသည်း ငါးခုပါသော ခြေနင်းတစ်စုံနှင့် ပုလဲစီသော ရွှေကကြိုးတစ်ဆင်စာတို့ကို လက်ဆောင်တုံ့တော်မူ၏။ ဘုရင်မင်းခေါင်လည်း နှလုံးမွေ့လျော်တော်မူ၏။ မင်းနှစ်ပါးတို့ ချိန်းချက်ပြုပြီးသော် အင်းဝမြို့မုခ်ဝ အရှေ့ဘက်ကျုံးနားတွင် စစ်ကွင်းကို စီရင်စေ၏။ စစ်ကွင်းတဖက်စီတွင် သာလာယံဇရပ်များ ဆောက်လုပ်စေ၏။ စစ်ပွဲကို ဇရပ်ထက်မှ တစ်ဖက်စီ တစ်ဖက်စီတွင်နေပြီး မင်းနှစ်ပါးတို့ ရှုစားကြရန်ဖြစ်သည်။ စစ်ကွင်း၏ အနံမှာ ဆယ်ဧကမျှ ကျယ်ပြန့်သည်။

   နှစ်ဖက်သော မှူးမတ်သေနာပတိများသည် မိမိတို့သက်ဆိုင်ရာ ဇရပ်များကို ဆောက်လုပ်ကြသည်။ ဇရပ်များတွင် လှပတင့်တယ်စွာ တင်းတိမ်ကာခြင်း၊ ဗိတာန်မိုးခြင်း၊ အလံတံခွန်များဖြင့် မွမ်းမံ၍ ကျက်သရေမင်္ဂလာတို့နှင့် ပြည့်စုံအောင် ပြုပြင်ကြသည်။ ချိန်းဆိုထားသည့် နေ့ရက် အချိန်ကာလရောက်လတ်သော် ရေမြေ့ရှင် မင်းနှစ်ပါးတို့သည် မိမိတို့၏ ဇရပ်သို့ အသီးသီးထွက်တော်မူကြ၏။ မှူးမတ်သေနာပတိ ဗိုလ်ပါ သူရဲသူခက်များလည်း တစ်ဖက်တစ်ချက်စီတွင် အသီးသီးနေရာယူကြသည်။
ဗိုလ်ကာမဏိသည် ရွှေဖြင့်ပြီးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်သည်။ ရွှေခါးစည်းကို ချည်သည်။ မြင်းစီးချင်း၌ သုံးရသည့်လက်နက်များကို လွယ်လျက် မြင်းထက်သို့တက်ကာ စစ်ပွဲရှုမည့် ပရိတ်သတ်ထု၏ အလယ်ဗဟိုသို့ ထွက်ခဲ့လေသည်။
သမိန်ဗရမ်းသည် အင်္ကျီကိုဝတ်ပြီး ရွှေစလွယ်ကို သိုင်းသည်။ ရွှေဖြင့် မွမ်းမံထားသော ခေါင်းပေါင်းအနီကို ပေါင်းသည်။ ရွှေဆွဲကြိုး၊ ရွှေလက်ကြပ်၊ ရွှေလက်ကောက်၊ ရွှေလက်စွပ်များကို ဝတ်ဆင်သည်။ လက်သန်းတွင် နဝရတ်ကိုးပါး လက်စွပ်တစ်ခြည်ကို ဝတ်သည်။ ပြီးလျှင် ဓါးရှည်ကိုလွယ်ကာ မြင်းထက်သို့တက်၍ ပရိသတ်တို့၏ အလယ်ဗဟိုသို့ မြင်းကိုကလျက် ထွက်ခဲ့လေသည်။
    သမိန်ဗရမ်းသည် ချပ်ဝတ်တန်ဆာဖြင့် အပြည့်အဝ ဝတ်ဆင်ထားသော ကာမဏိအားကြည့်ပြီး လှံဖြင့်ထိုးရန် နေရာကို ရှာ၏။ ထိုးခုတ်ရန် နေရာကို မမြင်သဖြင့် အကြံထုတ်၏။

    "ကာမဏိသည် ချပ်ဝတ်တန်ဆာကို အပြည့်ဝတ်ထားသည်။ လက်နက်လည်း ပြည့်စုံသည်။ လျင်မြန်ပေါ့ပါးသည်။ သူ့မြင်းနှင့် ငါ့မြင်းမှာ အင်အားတူမျှကြသည်။ ထိုးခုတ်ဖို့နေရာကိုရှာရန် သူ့အားပရိယာယ်ပြု၍ ကစေမှတော်မည်။ မြင်းတို့မည်သည် ကခုန်ရသဖြင့် အင်အားပျော့လာချေမည်။ သို့မှသာလျှင် သူ့အား ငါအနိုင်ယူ ထိုးခုတ်ဖို့ လွယ်ကူမည်" ဟု စဉ်းစားဆင်ခြင်ပြီး သိမ်မွေ့စွာဖြင့် ကာမဏိကို ဆို၏။

   "ငါတို့ နှစ်ဦးသည် အခြားသော သူရဲကောင်းများထက် ဂုဏ်ထူးဝိသေသနှင့် ပြည့်ဝသော သူရဲကောင်းများဖြစ်ကြသည်။ ယခု ငါတို့နှစ်ဦးသည် အဝသာန်(အဆုံး)ကာလအဖြစ် သေရေးရှင်ရေးအတွက် စစ်ထိုးခြင်း ဖြစ်ပေသည်။ ငါတို့၏ ကျော်ကြားသည့်အမည်ကို ရာဇဝင်တွင်ရစ်အောင် အဆုံးကာလာရောက်သည်အထိ တည်ရှိစေလိုသည်။ ယခု ငါတို့သည် အနိုင်အရှုံးကို တစ်ခါတည်း ဆုံးဖြတ်နိုင်ရန် တိုက်ခိုက်လိုက်ပါက စစ်ထိုးသည့် ပုံပန်းသဏ္ဌာန် ဟန်အမူအရာအားလုံးကို ပရိတ်သတ်များ မြင်ရမည် မဟုတ်။ ငါတို့သည် တစ်ဦးကိုတစ်ဦး အန္တရာယ်မပြုကြနှင့်ဦး။ အဆွေတော်သည် မြင်းထက်တွင် လက်နက်ကိုင်၍ သီချင်းသီဆိုလျက် ကဟန်ရှိသမျှ ကပြပါ။ အဆွေတော် ကပြသလိုတူအောင် ငါလိုက်၍ကမည်။ နောက်တဖန် ကဟန်အမျိုးမျိုးဖြင့် ငါကပြမည်။ ငါ ကသလို တဖန်တူအောင် အဆွေတော်လိုက်ကစေလိုသည်။ မင်းဧကရာဇ်နှစ်ပါးနှင့် မှူးမတ်သေနာပတိ ဗိုလ်ပါများအား ပြသရန်ဖြစ်ပါသည်။ ငါတို့ သူရဲကောင်းနှစ်ဦးသည် ကဟန်ရှိသမျှ ကုန်စင်အောင်ကပြပြီးသော် အနားယူလိုက အနားယူကြမည်။ ထိုအခါကျမှ အနိုင်အရှုံးကိုယူရန် အစွမ်းကုန် တိုက်ခိုက်ထိုးခုတ်ကြစေလိုသည်။ အဆွေတော် သဘောတူလျှင် သည်အကြောင်းကို နှစ်ဦးနှစ်ဖက်သော မင်းဧကရာဇ် နှစ်ပါးတို့ထံ အကြောင်းကြားစေမည်။"
ဟု သမိန်ဗရမ်းဆိုသည်ကို ကာမဏိကြားလျှင် ဝမ်းသာ၏။ "သင့်တော်ပါသည်။ သို့သော် ငါတို့သည် ဧည့်သည်ဖြစ်၍ အဆွေတော်သည် အိမ်ရှင်ဖြစ်၏။ ငါသည် ဧည့်သည်ဖြစ်၍ အလျင်ကမည်။ ငါကသလို တူအောင် အဆွေတော် လိုက်၍ကပါ" ဟု ကာမဏိဆိုပြီး ဓါး၊ လှံ၊ ဒိုင်း၊ လွှားတို့ကိုကိုင်၍ မြင်းကိုနှင်ကာ သီဆိုကခုန်သည်။ သမိန်ဗရမ်းသည် ကာမဏိကသလိုတူအောင် လိုက်၍ကသည်။ ယင်းသို့ ကာမဏိကသလို သမိန်ဗရမ်းသည် တူအောင်နောက်မှလိုက်၍ကသည်ကို စိနပြည့်ရှင်နှင့်တကွ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်တို့က စိတ်ဝင်စားစွာ ရှုစားတော်မူကြ၏။ ကြည့်ရှု၍အလွန်ကောင်းသည်။ ပုံပန်းသဏ္ဌာန်ကောင်းလှသည်။ လျှင်မြန်ဖျတ်လတ်၍ သွက်လက်ချက်ချာသည်။ နတ်မြင်းသည်များ၊ ဇော်ဂျီဝိဇ္ဇာဓိုရ်များ လာရောက်ကပြနေသလားဟူ၍ ထင်မှတ်လောက်ပေသည်။

    ယင်းသောအခါ နှစ်ဖက်သော စစ်သေနင်္ဂဗျူဟာဗလဂ္ဂ စစ်သည် သူရဲတို့သည် လက်နက်များနှင့်တကွ စီးချင်းတိုက်ပွဲကို အားရပါးရ ရှုစားကြသည်။ ဧကရာဇ်မင်းနှစ်ပါးတို့နှင့်တကွ မှူးမတ်သေနာပတိ ဗိုလ်ပါများသည် ကာမဏိနှင့် သမိန်ဗရမ်းတို့အား လွန်စွာချီးကျူးထောမနာ ပြုကြသည်။

     ဧကရာဇ်မင်းနှစ်ပါးတို့၏ မင်းပုရိသတ် ဗိုလ်ပုံအလယ်တွင် နတ်မြင်းသည်တော်များ ဆင်းသက်လာ၍ လက်နက်စုံညီစွာဖြင့် လှပတင့်တယ်စွာ ကပြနေသလို ဖြစ်တော့သည်။ မျက်စိနှစ်လုံးဖြင့် အလျင်မှီအောင် မကြည့်နိုင်ကြပေ။ ကာမဏိကိုကြည့်ပြီး သမိန်ဗရမ်းကို ကြည့်ရသည်။ ရှုမငြီးဖွယ် ရှုကွင်းရှုကွက်ကောင်းလွန်း၍ မျက်စိတံခွန်ဟု ဆိုလောက်သည်။ မျက်စိပသာဒကျလှသည်။ ကာမဏိ ကဟန်ကုန်လျှင် သမိန်ဗရမ်းသည် ကဟန်အမျိုးမျိုးဖြင့် ကပြပြန်သည်။ ကာမဏိလည်း တု၍စီးသည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍စီးသည်။ ကာမဏိလည်း လက်နှစ်ဖက်ကို ဆန့်တန်း၍စီးပြသည်။ ကာမဏိ၏ ချပ်ကြိုးအချိတ်အဆက်ကို မြင်သာအောင် သမိန်ဗရမ်းသည် ပရိယာယ်လုပ်၍ ကသည်။ ဓါး၊ လှံ၊ ဒိုင်း၊ လွှားတို့ကိုကိုင်လျက် လက်ဝဲလက်ကို လက်ယာသို့ချ၍ လက်ယာလက်ကို အထက်သို့မြှောက်တန်းလိုက်သည်။ လည်ကို ကိုင်း၍ချသည်။ ကာမဏိလည်း တု၍ပြုလုပ်သည်။ ပက်လက်လှန်၍လည်းကောင်း၊ မှောက်လျက်လည်းကောင်း၊ လက်ယာလက်ကို ဝဲဘက်သို့ချ၍ လက်ဝဲလက်ကို အထက်သို့ဆန့်တန်း၍လည်းကောင်း၊ လည်ကို ဘယ်ပြန်၊ ညာပြန်လှည့်၍ လည်းကောင်း၊ မော့၍လည်းကောင်း၊ နောက်ကျောသို့လည်းကောင်း အမျိုးမျိုးအဖုံဖုံ ပြုလုပ်၍စီးပြသည်။

      ကာမဏိသည် သမိန်ဗရမ်း၏ ပရိယာယ်ကိုမသိ။ မြန်မာတို့၏ ကဟန်ပင်ဖြစ်သည်ဟု မှတ်သည်။ အနည်းငယ်မျှ သံသယမရှိပေ။ သမိန်ဗရမ်းကသမျှ တစ်စမကျန်တူအောင် တု၍ကပြသည်။ လက်ကိုအထက်သို့မြှောက်ထားစဉ် ကာမဏိ၏ ချိုင်းကြားနှစ်ဖက်တွင် ချပ်ကြိုးအဆက်ပြတ်၍ ဟနေသည်ကို လည်းကောင်း၊ လှုံဖြင့်ထိုး၍ ဓါးရှည်ဖြင့်ခုတ်နိုင်သည်တို့ကို သမိန်ဗရမ်းသည် အမှတ်တမဲ့ မှတ်သားလိုက်ပြီး သည်နောက် "ကဟန်ကုန်ပြီ " ဟု ရုတ်တရက်ဆို၍ အနားယူလိုက်သည်။

  "ငါတို့သည် ကဟန်အမျိုးစုံကို ကပြပြီးပြီ။ ယခုအချိန်မှစ၍ အရှုံးအနိုင်ကို ဆုံးဖြတ်ရန် ငါတို့အစွမ်းရှိသလောက် ထိုးခုတ်တိုက်ခိုက်ကြပါစို့ ။  " ဟု သမိန်ဗရမ်းဆိုသည်။

   ကာမဏိလည်း "ကောင်းပြီ၊ တိုက်မည်" ဟု ဆို၍ မြင်းကိုနှင်ကာ သမိန်ဗရမ်းထံ ဝင်လာသည်။ သမိန်ဗရမ်းလည်း ထွက်၍ခံနှင့်သည်။ အမျိုးမျိုးအဖုံဖုံ ထိုးခုတ်တိုက်ခိုက်ကြသော်လည်း ချက်ကောင်းမရကြပေ။ သို့စဉ် သမိန်ဗရမ်းကြံ၏။ "သည်လိုသာ ထိုးခုတ်တိုက်ခိုက်နေလျှင် သူ့ကိုနိုင်ဖို့ခက်သည်။ သူ့မြင်းမှာ အင်အားမလျော့သေး။ သူ့မြင်းကို အင်အားလျော့အောင် ပြုပြီးမှ သူ့ကိုထိုးခုတ်ရန် လွယ်တော့မည်။"

   ယင်းသို့ အကြံရပြီးသည်နှင့် ရှုံးလေဟန် ဆုတ်၍ပြေးသည်။ ကာမဏိလည်း သမိန်ဗရမ်းပြေးလျှင် ဒုန်းစိုင်း၍လိုက်သည်။ တစ်ချီတစ်ချီတွင် သမိန်ဗရမ်းသည် ရုတ်ခြည်းလှည့်၍ တိုက်ခိုက်သည်။ ထို့နောက်ပြေးပြန်သည်။ ထို့နောက် လှည့်၍တိုက်ခိုက်ပြန်သည်။ ယင်းသို့ ပြေးတစ်ချီ တိုက်တစ်လှည့်နှင့် ပြေးရင်းလွှားရင်းပင် ဖြုတ်ချည်းလှည့်၍ ထိုးခုတ်ပြန်သည်။ ကြာလျှင် သမိန်ဗရမ်း၏ ပရိယာယ်ကြောင့် ကာမဏိ၏ မြင်းအင်အားမှာ ပျော့ညံ့လာတော့၏။ ကာမဏိလည်း မောပန်းလာ၏။ သို့ဖြစ်၍ သမိန်ဗရမ်း၏ အလှည့်ကို အလျင်မီအောင် ကာမဏိမလိုက်နိုင်တော့ပေ။

   သို့စဉ် ကာမဏိလက် အထက်သို့ မြှောက်ထားသည့် အခွင့်ကောင်းရသည်နှင့် သမိန်ဗရမ်းသည် ကာမဏိ၏ ချိုင်းကြားကို ဗြုန်းဒိုင်း လှံဖြင့်ထိုးလိုက်သည်။ တဖက်သို့ စောင်းကျစဉ် ကာမဏိ၏ လည်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်လိုက်သည်။ ကာမဏိ၏ ဦးခေါင်းလည်း ထက်ပိုင်းပြုတ်ကျလေ၏။ မြေသို့မရောက်မီ သံချွန်းဖြင့် ဖြင်းခနဲချိတ်ယူပြီး သံခြင်း၌ထည့်ကာ သီဆိုကခုန်လျက် ပရိတ်သတ်ဗိုလ်ပုံအလယ်မှ ဖြုန်းခနဲခွာ၍ ဘုရင်မင်းခေါင်ရှိရာ သာလယံဇရပ်ရှေ့သို့ မြင်းကိုနှင်ခဲ့လေသည်။

စိနပြည့်ရှင်မင်းနှင့်တကွ မှူးမတ်သေနာပတိ ဗိုလ်ပါများသည် မမျှော်လင့်ဘဲ ကာမဏိကျ၍ သမိန်ဗရမ်းနိုင်သည်ကိုမြင်လျှင် ဖျပ်ဖျပ်လန့်မျှ အံ့သြကြသည်။ ထို့နောက် ကာမဏိအလောင်းကို သိမ်းဆည်း၍ သင့်တော်သောနေရာ၌ မြှပ်နှံကြပြီးလျှင် မိမိတို့တပ်စခန်းသို့ အသီးသီးပြန်ကြသည်။ 

သမိန်ဗရမ်းသည် ကာမဏိ၏ ဦးခေါင်းကို ခြင်းဖြင့်ယူ၍ လာရောက်ဆက်သလျှင် ဘုရင်မင်းခေါင်သည် လွန်စွာပီတိသောမနဿ ဖြစ်တော်မူသည်။ ထို့နောက် မှူးမတ်ဗိုလ်ပါများနှင့်တကွ အင်းဝမြို့တွင်းသို့ ဝင်တော်မူ၏။ အင်းဝသားများသည် သမိန်ဗရမ်းအား ချီးကျူးထောမနာပြုကြ၏။ "သမိန်ဗရမ်းသည် နတ်မြင်းသည်တော်အလား စွမ်းပကား ကြီးမားပါပေသည်။ ကာမဏိခေါင်းကို မြေသို့မခစေဘဲ ယင်းသို့ ပြုနိုင်ချေသည်" ဟုဆိုကြ၏။ သမိန်ဗရမ်းအား အမျိုးမျိုးမြှောက်စား၍ ကောင်းချီးသြဘာပေးကြသည်။

တရုတ်ဘက်မှ ဗိုလ်မင်းတပ်မင်းများသည် ကာမဏိကျဆုံးသဖြင့် ဗြုန်းဗြင်းဆန်ပြီး လွန်စွာ မကျေမနပ်ဖြစ်ကြသည်။

    "အရှင်မင်းကြီးသည် အင်းဝနိုင်ငံကို လက်အောက်ခံပြုလို၍ စစ်ချီခဲ့သည် မဟုတ်လော။ ကာမဏိလို သူရဲကောင်းတစ်ယောက် ကျဆုံးခဲ့သော်လည်း အင်းဝကို ကျွန်ုပ်တို့ ရအောင် တိုက်နိုင်ပါသေးသည်။ အင်းဝမြို့ရိုးကို နင်းပြီးမှ အချည်းအနှီး အလာဟဿ ပြန်သွားရမည်ဆိုလျှင် ကျွန်ုပ်တို့သည် မြန်မာတို့အား အလွန်ရှက်လှပါသည်။ ကျွန်ုပ်တို့သည် တစ်ယောက်လျှင် မြေကြီးတစ်တုံးစီဖြင့် အင်းဝမြို့တွင်းသို့ ပစ်သွင်းလိုက်ပါကလည်း အင်းဝမြို့ရိုးမှာ တစ်ခဏချင်း မြုပ်သွားနိုင်ပေသည်။ "ဟု စိနပြည့်ရှင်မင်းထံ လျှောက်တင်ကြသည်။

    "ငါသည် မြင့်မြတ်ကြီးမားသော ခတ္တိယမင်းတစ်ပါးဖြစ်သည်။ သစ္စာစကား ဆိုထားပြီးလျက် ပြန်လည် ဖျက်ပစ်ရန် လားလားမျှ မတော်ပေ။ မင်းတို့အလိုအတိုင်း လိုက်နာခဲ့သော် နောင်ကို မြန်မာတို့က "တရုတ်တို့သည် သစ္စာမရှိ၊ ကတိမတည်"ဟု ကဲ့ရဲ့ပြောဆိုကြချေမည်။ ငါသည် လူ့စည်းစိမ်သမ္ပတ္တိ၊ ရွှေငွေဥစ္စာပစ္စည်းကို မဆိုထားနှင့်ဦး။ သိကြားမင်း၊ နတ်မင်း၏ ဒိဗ္ဗကမ္ပတ္တိ ဥစ္စာပစ္စည်းထက် သစ္စာတရားကို ပို၍ချစ်သည်" ဟု မိန့်တော်မူပြီးလျှင် မှူးမတ်ဗိုလ်ပါ သေနာပတိများနှင့် စစ်တပ်ကြီးကို နုတ်၍ စိနပြည်သို့ ပြန်တော်မူသည်။

    ရတနာပူရ အင်းဝရွှေနန်းထက်တွင် ဘုရင်မင်းခေါင်သည် ညီလာခံသို့ ထွက်တော်မူလျှင် မှူးမတ်သေနာပတိများအား "ငါ၏ ရာဇပုရောဟိတ် ဟူးရားတို့က အင်းဝ၏ ဂြိုလ်အနေအထား ကောင်းမွန်သည်။ မြတ်သော လာဘ်လာဘတွေ ရမည်ဟု ဟောပြသည့်အတိုင်း မှန်ပေသည်။ သို့ဖြစ်၍ ရာဇပုရောဟိတ်နှင့် မြင်းရှင်မုဆိုးမတို့အား ဥပဘောဂနှင့် ပရိဘောဂများ ချီးမြှင့်စေ"ဟု မိန့်တော်မူ၏။ ထို့နောက် ဆက်လက်၍

 "သည်တစ်ကြိမ် စိနပြည့်ရှင်မင်းသည် ငါတို့နိုင်ငံသို့ အင်အားကြီးမားစွာဖြင့် စစ်ချီလာသည်မှာ မြေပြင်ကြီးတုန်လှုပ်သွားသကဲ့သို့ပင် ဖြစ်တော့သည်။ တရုတ်သူရဲကောင်း ကာမဏိကို ခံဝံ့သူမရှိ။ ငါ၏ ထီးဖြူနန်းလျာကို တည်တံ့ခိုင်မြဲအောင် သမိန်ဗရမ်းတစ်ဦးတည်းသာ တာဝန်ယူ၍ တွန်းလှန်ပေးခဲ့သည် မဟုတ်လော။ ငါတို့ဘက်က သမိန်ဗရမ်းနိုင်သဖြင့် တရုတ်တို့သည် ပြောဆိုထားသည့် ကတိအတိုင်း တပ်နုတ်၍ ပြန်သွားကြလေပြီ။ သမိန်ဗရမ်းသည် နှစ်သက်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော၊ ကြည်လင်လှပတင့်တယ်သော ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ပေသည်။ ယခုအခါ သမိန်ဗရမ်းအား ငါ၏ ရာဇာဓိတာ သမီးကညာကို အပ်နှင်း၍ မဟာဥပရာဇာအဖြစ် ထားတော်မူမည်။ မှူးမတ်သေနာပတိများ ပသို့မြင်ကြပါသနည်း" ဟု မိန့်တော်မူ၏။ သို့စဉ် မှူးမတ်များက မည်သို့မျှ မတင်လျှောက်မီ သမိန်ဗရမ်းသည် ဦးခိုက်လျက်
"အရှင်မင်းကြီး၏ ရွှေဖဝါးတော်အောက်တွင် ကျွန်ုပ်ခစား၍ သည်တစ်ကြိမ် အမှုတော်ကို ထမ်းပေးသည်မှာ ဆန္ဒလေးပါးရှိပါသည်။
(၁) ကျွန်ုပ်သည် သုံ့ပန်းအဖြစ် သံခြေချင်းခတ်ထားသည့် ဒုက္ခမှ လွတ်မြောက်လိုသည့် ဆန္ဒတစ်ပါး။
(၂) အဝသာန်အဆုံးကာလတိုင်အောင် ကျွန်ုပ်၏ ကိတ္တိယဿ ကျော်စောမှုကို တည်တံ့စေလိုသည့် ဆန္ဒတစ်ပါး။
(၃) ကျွန်ုပ်အား ကွပ်မျက်စေလိုသည့် ဆန္ဒတစ်ပါး။
(၄) သို့မဟုတ် ကျွန်ုပ်အား ဟံသာဝတီပြည်သို့ ပြန်ခွင့်ပြုစေလိုသည့် ဆန္ဒတစ်ပါး
ပေါင်း ဆန္ဒလေးပါးဖြစ်ပါသည်။ ယခု အရှင်မင်းကြီးသည် ကျွန်ုပ်အား ရာဇဓိတာသမီးကညာပေး၍ မဟာဥပရာဇာ အိမ်ရှေ့မင်းအရာဖြင့် ချီးမြှင့်တော်မူမည်ဟု မိန့်တော်မူသည်မှာ မနှိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူးပင် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ် လက်မခံပါရစေနှင့်။ အရှင်မင်းကြီးပေးသည့်ဆုကို အရှင်မင်းကြီးအား ပြန်လည်ဆက်သပါသည်"ဟု လျှောက်ထားလေ၏။ ဘုရင်မင်းခေါင်ကြားတော်မူသော် 
"သမိန်ဗရမ်းသည် သူရဲကောင်း မျိုးရိုးဇာတိ ပီသည်။ အသက်ကို မနှမြော။ သေဘေးကို မကြောက်။ စည်းစိမ်သမ္ပတ္တိကို မမက်မော။ ရဲရင့်သည်။ မြင့်မြတ်သော သူရဲကောင်းဖြစ်ပေသည်။ သူ့ကျေးဇူးဂုဏ်တွေများသည်။ အင်းဝပြည်ကို ရန်သူအန္တရာယ်မှ လွတ်ကျွတ်အောင် ကူညီကယ်တင်မှု ပြုထားပေသည်။ သူ့အား ကွပ်မျက်ရန်မသင့်။ ဟံသာဝတီသို့လွှတ်လိုက်ရန်မှာလည်း ရာဇာဓိရာဇ်နှင့် ငါတို့သည် အချင်းချင်း စစ်ခင်း၍ မပြီးဆုံးကြသေး။ သူ့အား အင်းဝမှာ ထားမှ တော်မည်"ဟု စိတ်တွင်ဆို၍ တိတ်ဆိတ်စွာ နေတော်မူပြီး အတွင်းဆောင်သို့ ဝင်တော်မူသည်။ သို့နှင့် ခစားနေကြသော မှူးမတ်သေနာပတိများနှင့်တကွ သမိန်ဗရမ်းလည်း မိမိတို့၏ နေရာအသီးသီးသို့ သက်ကြကုန်၏။


ဒေါက်တာနိုင်ပန်းလှ
B.Sc (Hons)Ph.D,
LL.D(Pacific Western Un.)
L.A. USA










လွယ်အိတ်။      ။ သမိန်ဗရမ်းနှင့် ကာမဏိတို့၏ စီးချင်းတိုက်ပွဲအကြောင်းကို သမိုင်းပြုစုသူတို့မှ အမျိုးမျိုးကောက်ချက်ဆွဲကြသည်ကို ဖတ်ရှုမှတ်သားဖူးပါသည်။ အထင်အရှားအားဖြင့် ဒေါက်တာနိုင်ပန်းလှနှင့် ခေတ်ပြိုင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက (စကားချပ်။  ။ ထူးခြာချက်မှာ အဆိုပါမြန်မာ့အထင်အရှား သမိုင်းပညာရှင် နှစ်ဦးလုံးကို ခရစ်နှစ် ၁၉၂၃၊ တန်ခူးလတွင် ဖွားမြင်၍ ဒေါက်တာနိုင်ပန်းလှက ဒေါက်တာသန်းထွန်းထက် ရက်ပိုင်းမျှပို၍ အသက်ကြီးသည်။) သမိန်ဗရမ်းနှင့် ဂါမဏိစီးချင်းတိုက်ပွဲမှာ မြန်မာသမိုင်းပညာရှင်တို့မှ မျိုးချစ်စိတ်ဓါတ်ကို ဦးစားပေး၍ ဖြည့်စွက်ရေးသားခဲ့ကြသည်ဟု ဖွင့်ဆိုရှင်းပြခဲ့သည်။ ယင်းကို ဒေါက်တာသန်းထွန်းရေးသားသော ခေတ်ဟောင်းမြန်မာရာဇဝင်ကျမ်း၊ မြန်မာရာဇဝင်စာတန်းအမှတ်တစ် (တတိယအကြိမ်) စာ-၁၉ ၌
"သက္ကရာဇ် ၇၇၅ နှင့် ၈၃၇ ခုများတွင် တရုတ်စစ်ရောက်၍ သူရဲကောင်းတစ်ယောက်ချင်း စီးချင်းကစားရာတွင် အနှစ် ၆၄နှစ်သာ ခြားလျက် ဇတ်လမ်းတူ၍ မြန်မာဖက်မှ ဇာတ်လိုက်မှာ နှစ်ကြိမ်စလုံး သမိန်ဗရမ်းဖြစ်နေသည်မှာ တစ်နေရာရာတွင် မှားအံ့လောဟု သံသယဖြစ်စရာ ကောင်းနေပါသည်။ ထို့ကြောင့် တရုတ်မှတ်တမ်းများ၌ ရှာဖွေကြရာ ထိုအခါက မြန်မာနှင့်ရန်ဖြစ်သည်ဟု မတွေ့ရချေ။ "ဟု ဖေါ်ပြထားသည်။ သက္ကရာဇ်မှာ မြန်မာသက္ကရာဇ်ဖြစ်မည်ဟု ယူဆရ၍ ခရစ်နှစ်အားဖြင့် ၁၄၁၃ နှင့် ၁၄၇၅ ခန့် ဖြစ်ပေမည်။



ဒေါက်တာနိုင်ပန်းလှ၏ ကျမ်းတွင်လည်း မြန်မာနှင့် စစ်ပြုခဲ့သော တိုင်းပြည်မှာ တရုတ်ပြည်ဖြစ်ကြောင်းကို ခိုင်လုံသော အထောက်အထားမရှိကြောင်း ရှင်းပြထားသည်။ ယင်းကို ဒေါက်တာနိုင်ပန်းလှပြုစုသော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (အဋ္ဌမအကြိမ်) စာ -၃၃၇ ၌
"မြန်မာပေမူတွင် တရုတ်ဦးတည်ဘွားဟုဆို၏။ မွန်ပေမူတွင် တရုတ်ဧကရာဇ် ဟုဆို၏။ အမည်နာမကိုတိကျစွာ မပြဆို။ သည်အကြောင်းကို တရုတ်ရာဇဝင်၌လည်း မတွေ့ရသဖြင့် အချို့ရာဇဝင်ဆရာတို့က တရုတ်မဟုတ်ဟု မှတ်ယူကြသည်။ သို့သော် သိန္နီကို မင်းရဲကျော်စွာ တိုက်ခဲ့သည်ကို ထောက်၍ ကာမဏိသည် ရှမ်းတရုတ်ဖြစ်လေသလားဟု တွေးတောဖွယ်ရာရှိပါသည်" ဟူ၍ လည်းကောင်း၊
စာ-၃၂၉ ၌
"မွန်မူတွင် တကောင်းပြည်မှ ဧကရာဇ်မင်းသည် တရုတ်နိုင်ငံတွင် မင်းပြုစဉ်ဟု ဆိုသဖြင့် တရုတ်ပြည်မကြီးကို ဆိုလိုဟန်မတူ။ တကောင်းပြည်၌ရှိသော တရုတ်ကို ဆိုလိုဟန်တူ၏။ "
ဟူ၍ ရှင်းပြထားသည်။


ကျွန်တော့်သီးခြားကိုယ်ပိုင် အမြင်အားဖြင့် အင်းဝခေတ်တွင် မြန်မာ့စာပေအဆင့်အတန်းသည် လွန်စွာထွန်းလင်းခဲ့၍ ပင်လေးပင်၊ ရှင်လေးပါးကဲ့သို့သော စာဆိုအာဇာနည်များ ပေါ်ပေါက်ခဲ့သည်။ ယင်းကဲ့သို့ စာပေယဉ်ကျေးမှု မြင့်မားသည်နှင့်အညီ အင်းဝခေတ်၏ အခြေအနေကို ပေါ်လွင်စေသော စာပေမှတ်တမ်းများလည်း ကျန်ရှိခဲ့သည်။ ဆရာနိုင်ပန်းလှ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်ပင် အင်းဝဘုရင်မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့ စစ်ခင်းသည့်အကြောင်းကို မွန်မူတွင်မည်သို့ဆိုလေသည်၊ မြန်မာမူတွင် မည်သို့ဆိုလေသည် ဟု အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အတူ သမိန်ဗရမ်းနှင့် ကာမဏိ စီးချင်းထိုးသည်ဟု  မွန်နှင့်မြန်မာ နှစ်ဖက်စလုံး၌ အညီအညွှတ် ဖေါ်ပြထားသည်ကို ကြည့်ခြင်းဖြစ် စီးချင်းထိုးခဲ့သည်ကား မှန်၏။ သို့သော် တရုတ်တို့၏ မှတ်တမ်းမှတ်ရာတို့၌ မဖေါ်ပြထားသဖြင့် စစ်ရောက်လာသူတို့မှာ တခြားအင်အားကြီးလူမျိုးတစ်မျိုး ဖြစ်တန်ရာ၏ ဟု စဉ်းစားမိသည်။  ဆရာဒေါက်တာသန်းထွန်းအဆိုအရ ပထမမြန်မာနိုင်ငံတော်တွင် ကချင်ပြည်နယ် (ဧရာဝတီမြစ်နှင့် ရွှေလီမြစ်စုံရာထက် အထက်ပိုင်း) မပါသေး၊ ယင်းပြည်နယ်ကို မြန်မာနှင့်ယူနန်နယ်စပ်ရှိ နန်ကျောင်တို့ အုပ်စိုးထားဆဲ) ဟု ဆိုလေသဖြင့် သမိန်ဗရမ်းနှင့်တိုက်ခိုက်ခဲ့သော လူမျိုးတို့မှာ ယူနန်ပြည်သား (သို့) အင်အားကြီးမားလာသော နန်ကျောင်တို့ ဖြစ်မည်ဟု ယူဆမိပါသည်။  ဤကား သုတပိုင်းဖြစ်သည်။


ရသပိုင်းအနေဖြင့်ကား ဤအကြောင်းအရာကို ဖတ်ရတိုင်း ကြက်သီးများထသည်အထိ လေးစားအားကျမိသည်သော အချက်အလက်တို့ရှိသည်။ ယင်းမှာ မွန်သူရဲကောင်းသမိန်ဗရမ်း၏ စူးရှထက်မြက်လာသော မြင်းရေးလည်းမဟုတ်၊ စီးချင်းထိုးခြင်း၏ အတိမ်အနက်ကို ပါးနပ်စွာ အသုံးချသွားသော စစ်မက်သေနကဗျူဟာ နှံ့စပ်မှုလည်းမဟုတ်၊ ကာမဏိခေါင်းကို ဖြတ်၍မြေသို့မကျမီ ချွန်းဖြင့်ချိတ်ကာ ရွှေနန်းရှင်ထံ ဆက်သပါမည်ဟု ရဲရဲတောက်ပေးဝံ့သော ကတိလည်းမဟုတ်ပဲ ၎င်းတို့ထက် ပို၍လုပ်နိုင်ခဲလှသော သီးခံခြင်းတရားပင် ဖြစ်သည်။


စင်စစ်အားဖြင့် သမိန်ဗရမ်းသည် မွန်သူရဲကောင်းဖြစ်၍ မွန်ဘုရင် ရာဇာဓိရာဇ်၏ သမီးတော်နှင့် လက်ဆက်ရသော ဘုရင့်သားမက်တော်ဖြစ်သည်။ အင်းဝနှင့် ဟံသာဝတီတို့၏ ကာလရှည်ကြာလှသော စစ်ပွဲများအတွင်း၌ အင်းဝသားတို့အား ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။ မြန်မာမင်းသား မင်းရဲကျော်စွာ၏ ဥပါယ်တံမျဉ်ကြောင့် မွန်သူရဲကောင်း လဂွန်းအိမ်ကျဆုံးရသည်ကို မခံရပ်နိုင်၍ အင်းဝတပ်တည်ရာသို့ တစ်ဦးတည်းဆင်ကို ချွန်းဖွင့်ကာ အပြင်းတိုက်သောကြောင့် အင်းဝစစ်သည်တို့ အများအပြား ကျဆုံးခဲ့ရဖူးလေသည်။ သုရှင် ရာဇဓိရာဇ် စစ်ဆုတ်ရာ၌ နောက်ချန်တပ်အနေဖြင့် အင်းဝသားတို့၏ စစ်ကိုခံရင်း မင်းရဲကျော်စွာလက်တွင်းသို့ကျရောက်ရကာ အင်းဝ၌ အကျဉ်းချခံနေရသူဖြစ်သည်။ ဘယ်လက်ကို၊ ညာသို့ မလှည့်ရ၊ ညာလက်ကို ဘယ်သို့မလှည့်ရ ဟုဖေါ်ပြထားသဖြင့် အင်းဝရှိမြေတိုက်ခန်းတစ်ခုအတွင်း၌ ခြေ၊လက်တို့ မလှုပ်နှိုင်အောင်ပင် သံလက်ထိပ်၊ သံခြေကျင်းတို့ဖြင့် နှစ်ရှည်လများ အချုပ်အနှောင်ခံထားရသည့် မွန်သူရဲကောင်းတစ်ဦး၏ ခံစားချက်တွင် အင်းဝသားတို့အား လက်စားချေလိုစိတ်များ ပြည့်နှက်နေလိမ့်မည်ဟု ခန့်မှန်းမိလျှင် လွန်မည်မထင်။  သို့သော် အင်းဝသို့ ပြည်ပစစ်ရောက်ချိန်တွင် အင်းဝပျက်ကာ ကစင့်ကလျားဖြစ်ပြီး မိမိလွတ်မြောက်နိုင်မည်၊ အင်းဝသားတို့အား လက်စားချေနိုင်တော့မည်ဟု မျက်တောင်မွှေးတစ်ဆုံး မတွေး၊ အင်းဝသည် ဟံသာဝတီ၏ တံခါးပေါက်ဖြစ်သည်၊ အင်းဝနှင့် မိမိတို့ဟံသာဝတီသည် စစ်ပြုမြဲဖြစ်ခဲ့သော်လည်း တိုင်းတပါးသားတို့ ဝင်ရောက်ကျူးကျော်ချိန်တွင် အင်းဝနှင့်ဟံသာဝတီတို့ပေါင်း၍ တိုက်မှတော်မည်ဟု အမျိုးသားရေးအတွေး တွေးသည်။ အင်းဝသားတို့အပေါ် မကျေနပ်မှုများရှိသော်လည်း၊ "အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲ၍ ကိတ္တိယဿကျော်စောခြင်းနှင့် ပြည့်စုံစေလိုသည်။ မြို့သူမြို့သား ရဟန်းပုဏ္ဏားများအား ချမ်းသာသုခတို့နှင့် ပြည့်စုံစေလို၍ ဖြစ်သည်" ဟု ရဲရဲတောက်ဆို၍ စီးချင်းတိုက်ရန် တာဝန်ယူသည်။ ပြုနိုင်ခဲလှစွာသော သီးခံခြင်း၊ အမြင်ကျယ်ခြင်း တို့ပင်ဖြစ်သည်။ ကာမဏိအား စီးချင်းအောင်နိုင်ပြီးသောအခါ၌လည်း အင်းဝဘုရင်မင်းခေါင်အား ဟံသာဝတီသို့ ပြန်ခွင့်ပြုရန်၊ မဟုတ်ပါက ကွပ်မျက်ပေးပါရန်သာ တောင်းဆိုသည်။ အိမ်ရှေ့ဥပရာဇာဘွဲ့ကိုပင် လက်မခံ။ သက်ဦးဆံပိုင် ဘုရင်စံနစ်တွင် မည်မျှကြိုးပမ်း၍အမှုတော်ကို ကျေပွန်စွာထမ်းရွက်နိုင်သည်ဖြစ်စေ၊ ရှင်ဘုရင်ထံ အတင်မှားပါက အကွပ်ခံရတတ်သည်ကို သိလျက်နှင့်ပင် သေဒဏ်တောင်းခံခြင်းမှာ၊ မိမိအားထုတ်မှုကို ရှင်ဘုရင်က ပို၍အရေးပေးလာစေရန် ဟန်လုပ်၍တောင်းခံခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။  ထိုကဲ့သို့ အမျိုးသားရေးအမြင်ကို အရှင်းဆုံးလင်းမြင်နိုင်စွမ်းရှိသော သမိန်ဗရမ်းသည် အင်းဝခေတ်က ပေါ်ထွန်းခဲ့သော သူရဲကောင်းတစ်ဦးဖြစ်သော်လည်း သူ၏အတွေးအခေါ်များသည် ယခုလက်ရှိအချိန်ထိသာမက နောင်အနာဂတ်နှစ်များစွာတိုင် လတ်ဆတ်နေဦးမည် ဖြစ်သည်။




(၎င်းတို့မှာ ကျွန်တော်၏ ကိုယ်ပိုင်ထင်မြင်ချက်သာ ဖြစ်ပါသည်။ ကျွန်တော်သည် သမိုင်းပညာရှင်လည်းမဟုတ်၊ သမိုင်းပညာဖြင့် ဘွဲ့ရသူလည်းမဟုတ်ပါ။ ဝါသနာအရသာ ဖတ်ရှုလေ့လာနေသော သမိုင်းဝါသနာပါသူ သက်သက်မျှသာ ဖြစ်သဖြင့် ကျွန်တော့်ထင်မြင်ချက်များသည် တက်တက်စင်အောင် လွဲကောင်းလွဲပါလိမ့်မည်။ အမြင်မတော်သော သမိုင်းပညာရှင်များ လမ်းပြပေးကြပါကုန်။)


ကျေးဇူးတင်စွာဖြင့်
   လွယ်အိတ်
(၁၈.ဇွန်လ.၁၂) 

6/11/12

ဗိုလ်ချုပ်ကြီးနေဝင်း၏ ပထမဆုံးနှင့်နောက်ဆုံး သတင်းစာရှင်းလင်းပွဲ (ကြေးမုံဦးသောင်း)

(ကိုသက်ဦး https://thetoo.blogspot.com မှ ကြေးမုံဦးသောင်းရေးသားသော ဘီလူးတို့ရွာဆောင်းပါးမှ ကူးယူဖေါ်ပြပါသည်။) 
 
အိမ်စောင့်အစိုးရခေတ်က နေ့တနေ့တွင် ၀န်ကြီးချုပ် ဗိုလ်ချုပ်နေ၀င်း၏ သတင်းစာရှင်းပွဲကို စစ်ရုံးသို့ ဖိတ်သဖြင့် ပြည်တွင်းပြည်ပ သတင်းထောက် ငါးဆယ်ခန့် တက်ကြသည်။ 

ဝန်ကြီးအမည်မခံဘဲ ၀န်ကြီးရာထူးကို ထမ်းရွက်နေသော တာဝန်ခံစစ်ဗိုလ်ကြီးများ ကြိုဆိုပြီး တင်မောင်တို့ သတင်းထောက်များကို အစည်းအဝေးခန်းမတွင် နေရာချပေးပါသည်။ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း မလာသေး သဖြင့် စောင့်နေကြရသည်။ ဖိတ်ခေါ်သော အချိန်ထက် (၂) နာရီထက်နောက်ကျပြီး ဗိုလ်ချုပ်နေ၀င်း ရောက်လာ သည်။ 


ဗိုလ်ချုပ်ကြီးနေ၀င်းသည် အစည်းအဝေးခန်းမထဲသို့ မလာသေးဘဲ အတွင်းခန်းထဲတွင် သူ၏၀န်ကြီး စစ်ဗိုလ်ကြီးများ အား အော်ဟစ်ကြိမ်းမောင်းသံများကို သတင်းထောက်များ ကြားကြရသည်။ တဖြည်းဖြည်း ဒေါသတိုးတက်လာကာ စစ်ဗိုလ်ဝန်ကြီးများ အားလုံးကို အော်ကြီးဟစ်ကြီး မအေ၊ နှစ်မ ပယ်ပယ်နယ်နယ် ဆဲရေးတော့သည်။ မအေတွေ၊ နှစ်မ တွေကို ငါကိုင်တုတ်ပြီး `မင်းတို့က ဘာလို့ သတင်းစာရှင်းလင်းပွဲ လုပ်ချင်ကြတာလဲ´ လို့ ဆူပူသံကိုလည်း ကြားနေရ သည်။ (၁၅) မိနစ်ခန့် အားရအောင် ဆဲနေရာမှ အစည်းဝေးခန်းမတွင်းသို့ ၀င်လာသည်။ စစ်ဗိုလ်ကြီးများ ခမျာတို့မှာ ရှက်ပြုံးကိုယ်စီနှင့် မချိုမချဉ်၊ လက်များကို နောက်သို့ပစ်ကာ နောက်မှ လိုက်လာကြသည်။ 


ဗိုလ်ချုပ်ကြီးနေ၀င်းက စင်မြင့်ပေါ်ရှိ သူ၏ ကုလားထိုင်မှာ နေရာယူသည်။ မိန့်ခွန်းတပါဒမှ မချွေဘဲ ငူငူကြီးထိုင် နေသည်။ တင်မောင်တို့ သတင်းထောက်အားလုံးတို့မှာလည်း မည်သို့ မျက်နှာထားရမည်မသိ၊ အူကြောင်ကြောင်နဲ့ ငိုင်ကြည့်နေမိကြသည်။
အတန်ကြာမှ … `ခင်ဗျားတို့ကကော ဘာမေးချင်တာလဲ´ ဟု ကျယ်လောင်သော ဒေါသသံကြီးနှင့် ဗိုလ်ချုပ်နေ၀င်းက နှုတ်ဆက်သည်။ ပြည်တွင်းပြည်ပ သတင်းထောက်ငါးဆယ်ကျော်တို့မှာ နှုတ်ပိတ်သွားသည်။ မည်သူကမှ မေးခွန်းမမေး ၀ံ့ဘဲ ငြိမ်သွားသည်။ စောစောက ဆူပွက်နေသော အခန်းကြီးမှာ အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ် သွားတော့သည်။ 


`မေးချင်တာ မေးကြလေ´ ဟု သူက နောက်တခွန်းထပ်ပြီး ဟောက်ပြန်သည်။ မေးခွန်းထုတ်ဝံ့သော သတင်းထောက် တယောက်မှ ထွက်မလာ။


ဤသို့ လိပ်ခဲတည်းလည်း ဖြစ်နေချိန်တွင် ရှေ့ဆုံးတန်း၌ ထိုင်နေသူ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ကျေးစွာ ထိုင်နေရာမှ ခြေထောက်တဖက်ကို ကုလားထိုင်ပေါ် တင်လိုက်သည်။ လုံချည်လျောကျသဖြင့် ပေါ်လာသည့် သူ၏ ဒူးကို တဖျပ်ဖျပ် ဖြည်းဖြည်းလေး ပုတ်လေသည်။ ဖျပ်ဖျပ်နှင့်၊ စည်းဝါးမှန်မှန်နှင့် ဒူးပုတ်သံကြီးက ခန်းမကို လွှမ်းမိုးသွား သောအခါ ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်ကို စိုက်ကြည့်တော့သည်။ 


`ဗိုလ်နေ၀င်း´ ဟု ဦးအုန်းခင်က စတင်ခေါ်လိုက်သည်။ တွေ့ဖူးသူများ သိကြသည်။ ဦးအုန်းခင်က အသံအောင်သည်။ ဗိုလ်ချုပ်ကြီး သို့မဟုတ် ၀န်ကြီးချုပ်ဟု ခေါ်ဆိုခြင်း မပြုသည်မှာ ဦးအုန်းခင်က သူ့ကို စိန်ခေါ်လိုက်သည်ဟု ဗိုလ်ချုပ်နေ၀င်းနှင့် တကွ တခန်းလုံးက သိလိုက်သည်။ နားလည်လိုက်ကြသည်။ 


`ကျုပ်တို့တတွေ လာကြရတာက ခင်ဗျားတို့က ပြောချင်တာရှိတယ်ဆိုပြီး ဖိတ်လို့လာကြတာ၊ မေးစရာ မရှိဘူး။ ခင်ဗျား ပြောချင်တာရှိရင် ပြောပါ။ မရှိရင် ပြန်ရုံပဲ။ ကျုပ်တို့ အချိန်ကုန်မခံနိုင်ဘူး´ ဦးအုန်းခင်က အသံကျယ်ကျယ်နှင့် ပီပီသသ တလုံးချင်း၊ တလုံးချင်း ပြောတော့သည်။ 


သူက ဒေါသမီးတောက်လာသော မျက်လုံးကြီးများနှင့် ဦးအုန်းခင်ကို စိုက်ကြည့်သည်။ လင်ရှိမယားနှင့် မင်္ဂလာဆောင် သောနေ့က ဓာတ်ပုံရိုက်မိသူ နေးရှင်းသတင်းထောက်၏ ကုပ်ပိုးကို တချက်တည်းနှင့် အလဲအုပ်ပြီး ကင်မရာကို ရိုက်ခွဲ သည်ကို မြင်ဖူးကြသော တင်မောင်တို့ သတင်းထောက်များမှာ ဦးအုန်းခင်အတွက် စိုးရိမ်မိကြသည်။ ပွဲကြီးပွဲကောင်း တခု ကြည့်ရတော့မည်ဟုလည်း ထင်မိကြသည်။ 


ဗိုလ်ချုပ်နေ၀င်းက ဦးအုန်းခင်၏ စကားလုံးများကို စဉ်းစားနေဟန်နှင့် (၅) မိနစ်ခန့် ထိုင်နေသေးသည်။ နောက်ဆုံးတွင် ဒေါသအိုး ဗိုလ်ချုပ်ကြီးသည် စကားတခွန်းမှ နောက်ထပ်မထွက်နိုင်ဘဲ စင်မြင့်ပေါ်မှ ဆင်းပြေးလေတော့သည်။
တပ်မတော်စစ်သေနာပတိ `၀န်ကြီးချုပ်´ ကြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းအဖို့ ရှမ်းနှင့်ဆင် လယ်ပြင်တွင် တွေ့ကြသော အခါ၌ သတင်းစာဆရာဦးအုန်းခင်ကို အညံ့ခံ အရှုံးပေးရရှာလေသည်။ 


ထိုသတင်းစာရှင်းပွဲသည် ဗိုလ်နေ၀င်း၏ ပထမဆုံးနှင့် နောက်ဆုံး သတင်းစာ တွေ့ဆုံရှင်းလင်းပွဲကြီး ဖြစ်တော့သည်။ သူ၏ တသက်တာတွင် သတင်းစာရှင်းပွဲ မလုပ်ရဲတော့ပေ။ နိုင်ငံခြား သွားသောအခါများတွင် မြန်မာနိုင်ငံခြားရေး ဌာနက အိမ်ရှင်နိုင်ငံထံ ပထမဆုံးမေတ္တာရပ်ခံချက်မှာ သတင်းထောက်များနှင့် မတွေ့ပါရစေနှင့် ဟူသော ပန်ကြားချက် ဖြစ်တော့သည်။
ဦးအုန်းခင်အား အရှုံးပေးရသောနေ့က စပြီး ဗိုလ်နေ၀င်းက သတင်းစာဆရာဟူသော ဝေါဟာရကို လုံးဝ အသုံး မပြုတော့ဘဲ `သတင်းရောင်းစားတဲ့ကောင်တွေ´ ဟု ခေါ်ဝေါ်လေ့ရှိသည်။
ဇာတ်ပေါင်းပြန်တော့လည်း ဗိုလ်နေ၀င်းကပင် အနိုင်ယူပါသည်။ ၁၉၆၂ ခုနှစ်၊ စစ်တပ်က အပြီးအပိုင် အာဏာသိမ်း သော တော်လှန်ရေး အစိုးရခေတ်တွင် ပထမဆုံး ဖမ်းခံထိသူမှာ ဦးအုန်းခင် ဖြစ်ရပြန်ရှာသည်။ ။ 


ကြေးမုံဦးသောင်း

6/2/12

ဆုတောင်း (ဝင်းဦး)

တစ်သောင်း ဇမ္ဗူပေါ် တောင်းဆုချွေကာ ရည်မျှော် .....
စည်းစိမ်ဥစ္စာများ ကြွယ်ဝ တိုးတက်စေသား .....
များဝေနေ စပါးနဲ့ ဆန်ရေ အထွေထွေ .....

ကောင်းမှုကုသိုလ်များ ထပ်မနားပြုဖို့ ငွေမရှား .....
စိန် ရွှေ ရတနာ နှိုင်းကြည့်လည်း လွှမ်းခါ .....

အချိန်ကုဋေကုဋာ အတိုင်းမသိဘဲ ချမ်းသာ .....
စန်းပါ လာဘ်ပါ တက်ဆဲ ပုလဲ မြ ဆပွား .....
ကျောက်သံပတ္တမြား ဆင့်ဆင့်ထား လိုတိုင်းတ၍ ရစေသား .....

[ဝေနေယျာ ဆွေသဟာ ခပင်းပါ ဘေးရန် ကင်းစင်ကွာ .....
ထိန်ဝေစွာ ဂေဟာအတွင်းမှာ ကျက်သရေ လင်းစေမကြာ .....
လန်းကြပါစေ ပန်းတွေသဏ္ဍာန်ပမာ ......

ချမ်းမြကာလေ စမ်းရေလျှံဖြာ .....
အေးအေးဆေးဆေး နတ်လူများ၊ ကိုယ်စိတ်နှစ်ပါး ထူးထူးခြားခြား ရွှင်လန်း ဘ၀င်ဝမ်း အစဉ်ချမ်းသာ .....

အို .... ဣစ္ဆာသယ ပြည့်ဝကြနိုင်စေဖို့ ဓိဋ္ဌာန်ပြီးမှ ဆုကြီးပန်ဆင်တာ .....]

(နောင်သံသရာ ရည်စိတ်ကြံ မှန်းဆလို့ ပြည်နိဗ္ဗာန် လမ်းဝသို့ လှမ်းကြွရောက်စေငှာ)၂
ဒီနေ့ ဟိုနေ့တောင်မကြာ ကြည်မွေ့လိုသ၍ဆောင်ခါ ကောင်ကင်ခရီး ပျံတက်ဖို့ မငြီး မဂ္ဂင်ဖောင်ကြီး စီးသွား စေတိုင်းတ၍ ရစေသား ...




(တေးရေး - အလင်္ကာကျော်စွာ ရွှေပြည်အေး)

ဒီလင့်ခ်က ကူးလာတာပါ ...
http://soundcloud.com/komuang/su-taung-pattana-win-oo