5/26/12

နိုင်ငံရေးသမားနှင့် စာရေးဆရာ (သော်တာဆွေ)


(စာရေးဆရာ သော်တာဆွေ၏ “ကျွန်တော့်ဘဝဇတ်ကြောင်း အတွဲ ၂” မှ ကူးယူဖေါ်ပြပါသည်။)

ဦးဗဆွေသည် ကျွန်တော့်အား ငွေငါးထောင်ပေးခဲ့ဘူးပါသည်။ သို့သော် … သူကိုယ်တိုင်ကတော့ မသိပါ။ ကျွန်တော်ကလည်း ဤငါးထောင်ကို မယူခဲ့ချေ။ သို့ရာတွင် ငွေငါးထောင်မကတန်သော “နိုင်ငံရေးအသိ”တစ်ခုကို ကျွန်တော်ရခဲ့ပါသည်။

တင့်တယ် အင်္ဂလန်က ပြန်ရောက်ခါစ ။

၁၉၅၃ ခု၊ ဆောင်းဦးပေါက်လောက်က ဖြစ်ပါသည်။  ထိုအချိန်မှာ ဦးဗဆွေသည် နိုင်ငံခြားသတင်းစာများက (သရဖူဆောင်းသော မင်းသား)ဟု ချီးကျူးရေးသားလောက်အောင် မြန်မာပြည်မှာ ဘုန်းမီးနေလတောက်ပနေသော ကာလ၊

တနေ့သော နံနက်ခင်းကြီးမှာ ဆီးနှင်းတွေဝေနေတုန်း ကျွန်တော်သည် ဦးဗဆွေ၏ ဟုမ်းလမ်းအိမ်ကြီးရှေ့သို့ရောက်ခဲ့ပါသည်။ ထိုအခါမှာ သူက ကာကွယ်ရေးဝန်ကြီးကဘဲ၊ ဘယ်သူအိမ်ထဲဝင်ချင်တိုင်း ဝင်ရမတုန်း၊ အပေါက်စောင့်ရဲဘော်တွေဆီကို ကျွန်တော့်နာမည်နှင့် ကိစ္စရေးပေးရပါသည်။ တွေ့ချင်လို့ဆိုရုံနှင့် မရပါ။

သည်တော့ ကျွန်တော့်ကိစ္စက ရေးပြဘို့ခက်နေသည်။ ခက်မှာပေါ့၊ ကျွန်တော့်ကိုယ်တိုင် ကိစ္စလည်းမဟုတ်။ တင့်တယ်ရဲ့ မယားပူဒုက္ခကိုးခင်ဗျ။ သူ ဘိလပ်မှာနေတုန်းက သွားလေရာအိမ်ထောင်ကျရပါစေရဲ့လို့ဆိုတဲ့ သနားစရာ ကျိန်စာသင့်ခဲ့ရှာတဲ့ ဆရာတင့်တယ်ဟာ ဟိုမှာမိန်းမတယောက်ရခဲ့တယ်ခင်ဗျ။ ဆရာတင့်တယ်ရဲ့ တချို့ဝတ္ထုတွေထဲမှာ ဂျုံးနီ၊ ဂျုံးနီနဲ့ တဂျီဂျီအော်ခဲ့တာကို ယခင် ရှုမဝပရိတ်သတ်များ ဖတ်ဖူးခဲ့ကြလိမ့်မယ်။ လန်ဒန်မှာ သူရခဲ့တဲ့မိန်းမနာမည်က ဂျုံးတဲ့ခင်ဗျာ။ ဆရာတင့်တယ် မြန်မာပြည်ပြန်ရောက်တော့ရင် သူက ဒီ “ဂျုံ”ကို  “ဆန်”လုပ်ချင်တယ်။ အဓိပ္ပာယ်က အင်္ဂလန်ကနေပြီး မြန်မာပြည်ကို ခေါ်ချင်တယ်ခင်ဗျာ။ အင်္ဂလန်ကတော့ ပြည်ပထွက်ခွာခွင့် “ပတ်စ်ဘုတ်” ပေးဘို့ အဆင်သင့်ပါဘဲတဲ့၊ မြန်မာပြည်မှာဘဲ နေထိုင်ခွင့်အမိန့် “ဗီဇာ”ရဘို့ လိုနေတယ်။ ဆရာတင့်တယ်ဟာ ဘိလပ်သူမကို မြန်မာပြည်ခေါ်ဘို့ ကြိုးစားရှာတယ်။

သည်အချိန်မှာ ဦးဗဆွေက တန်ခိုးအာဏာကြီးတဲ့ ဝန်ကြီးဖြစ်နေတော့ ဆရာတင့်တယ်က ကျွန်တော့်ကို “ဟေ့ … မောင်ဆွေ၊ မင်းဦးဗဆွေနဲ့ တော်တော်ရင်းနှီးသလား”လို့ မေးပါတယ်။

သည်နေရာမှာ ဦးဗဆွေနှင့် ကျွန်တော်သိကြွမ်းရပုံကို ပြောရပါမယ်၊ အခုကွယ်လွန်သွားပြီဖြစ်တဲ့ မင်းရှင်နောင်ကအောင်သွယ်ပါ။ မင်းရှင်နောင်ဟာ နိုင်ငံရေးအားဖြင့် ဦးဗဆွေနှင့် အလွန်ရင်းနှီးသူပါ။

တနေ့ မင်းရှင်နောင်နှင့်ကျွန်တော် ဗိုလ်ချုပ်ဈေးရှေ့ဖြတ်အလျှောက်မှာ ဗိုလ်ချုပ်လမ်းကနေပြီး မဂိုလမ်းထဲ ချိုးဝင်သွားတဲ့ ကားတစီးကိုကြည့်ပြီးတော့ မင်းရှင်နောင်က ..

“ဟေ့…. ဝန်ကြီးတွေကွ၊ ဘယ်သွားမလဲ မသိဘူး၊ ဟာ….ချစ်တီးထမင်းဆိုင်ရှေ့ရပ်တယ်၊ ထမင်းစားမလို့နဲ့တူတယ်၊ လာဟေ့မောင်ဆွေ၊ ဒို့လဲဝင်တုတ်ရအောင်” ဆိုတော့ ကျွန်တော်က …

“ဟ… ဝန်ကြီးတွေက ဒို့ထမင်းမကျွေးတဲ့အပြင် ရိုက်ထုတ်နေပါအုံးမယ်၊ မလုပ်ပါနဲ့၊ ငါဝန်ကြီးရိုက်တာတော့ မခံချင်ပါဘူးကွာ”

“လာပါကွာ၊ ငါနဲ့ရင်းနှီးပါတယ်”

“ဟေ့အော …. မင်းနဲ့ ရင်းနှီး မင်းဘဲသွားကွာ၊ ငါနဲ့မှ မသိတာကြီး”

“ဟ…. မင်းနဲ့ လူချင်းမသိပေမယ့် မင်းစာတွေဖတ်ပြီး သူတို့က မင်းကို သိနေကြပါတယ်ကွ”

“ဟ…. ဝန်ကြီးတွေက ငါ့စာတွေ ဖတ်မလားကွ”

“ဖတ်တယ်ဆရာ၊ ဦးဗဆွေကဆိုရင် မင်းဝတ္ထုတွေကို ကြိုက်တယ်ကွ၊ ငါ့ကိုတောင် သော်တာဆွေ တနေ့ သူ့အိမ်ခေါ်ခဲ့စမ်းပါလို့ ပြောဘူးတယ်။ လာပါကွာ။ မင်းစိတ် ငါသိပါတယ်။ မင်းသိက္ခာငယ်ရမယ့်ဟာမျိုး ငါဘယ်တော့မှ မလုပ်ပါဘူး”

ဒါနှင့် ကျွန်တော်တို့ချစ်တီးထမင်းဆိုင်ထဲ ရောက်သွားပြီး ဝန်ကြီးများနှင့်မိတ်ဆက်ရပါသည်။

ဦးဗဆွေ၊ ဗိုလ်မှူးအောင်၊ ဗိုလ်လှအေးတို့ သုံးယောက်ဖြစ်ပါသည်။

မင်းရှင်နောင်ပြောတာမှန်ပါသည်။ ဦးဗဆွေက ကျွန်တော့်ဝတ္ထုတွေ မပြတ်ဖတ်လေ့ရှိကြောင်းနှင့် မည်သည့်ဝတ္ထုတုန်းက သူတို့ဖဆပလဝန်ကြီးတွေကို သရော်သည်၊ ကလော်သည်ဟုလဲ ပြောပြပါသည်။

ဦးဗဆွေနှင့် ကျွန်တော် ဒုတိယအကြိမ် ထပ်မံရင်းနှီးရပြန်သည်မှာ စထရင်းဟော်တယ်၊ ဆိုဗီယက်အောက်တိုဘာ တော်လှန်ရေးနေ့ အခမ်းအနားတွင်ဖြစ်ပါသည်။ ရုရှားသံရုံးမှ ဖိတ်ကြားခြင်းခံရသဖြင့် သည်ဟော်တယ်မျိုးမရောက်စဖူး၊ အသောက်ထူးနေကြသော (ဝီစကိတွေကို ခင်ဗျ) ကျွန်တော်တို့ စာရေးဆရာတွေမှာ တော်တော်ထွေနေကြပါသည်။ သည်အချိန်မှာ ဦးဗဆွေကနိုင်ငံခြားသံတမန်ကြီးများနှင့် ပြောဆိုနေကြပါသည်။

ယင်းကို ဆရာကြီးမဟာဆွေက ကျွန်တော့်အား …..
“ဟေ့…. မောင်ဆွေ၊ ဗဆွေကို သွားပြီး ဆွဲခေါ်ခဲ့စမ်းကွာ၊ ဒီကောင်က နိုင်ငံခြားသားတွေကိုမှ လူထင်သလား။ ဒို့စာရေးဆရာတွေကို လာပြီးနှုတ်ဆက်ဖော်မရဘူး”လို့ မူးသံကြီးနှင့်ပြောလေတော့၊ ကျွန်တော်ကလဲ ဒီနေရာ ဒီကိစ္စမျိုးမှာ မမူးသေးရင်တော့ ယုန်သူငယ်၊ မူးပြီဆိုရင်တော့ ကျားဘဲ။

ဒါနဲ့ ကျားကြီးဗဆွေကို ကျွန်တော်သွားဆွဲတော့၊ သူကျွန်တော်နဲ့ ကန့်လန့်ကန့်လန့် ပါလာပြီး …

“ဟေ့ ….. သော်တာဆွေ ဘာလဲကွ”

“ခင်ဗျားက ကျွန်တော်တို့နဲ့လာပြီး စကားစမြည်ပြောပါအုံးဗျာ”

“ဟေ…. မင်းက ငါ့…. ဘာပြောစရာရှိလို့လဲကွာ”

“ရှိတာပေါ့ဗျ”

“ဒါဖြင့် နောက်မှပြောကွာ”

“အာ… နောက်မှဆိုရင် ခင်ဗျားကို ဘယ်မှာတွေ့နိုင်လို့တုန်း၊ ခင်ဗျားလို ဝန်ကြီးတယောက်ကို ကျွန်တော်တို့လို လူတွေ့ဘို့က အရိမေတ္တယျအပွင့်မှာ ဖူးရလောက် ခက်နေတာ”

“ဟေ့ သော်တာဆွေ၊ ဒီလိုမပြောနဲ့ကွာ။ မင်းငါ့ကိုတွေ့ချင်ရင် အချိန်မရွေး၊ ငါ့ဆီကိုလာခဲ့ပါ။ မနက်နဲ့နေ့ခင်းပိုင်းမှာ ငါ့အိမ်၊ ညနေ ၄ နာရီကျော်ရင် ပြည်ထောင်စုကလပ်ကွာ”

ကျွန်တော်က သူ့လက်ဆွဲလျက်ဘဲ ရှိနေသေးး၍

“ဟုတ်လား။ လွှတ်ကွာ ငါက အခုမင်းတို့လို အပျော်သောက်၊ အမူးသောက်နေရတာ မဟုတ်ဘူးကွ။ နိုင်ငံခြားသံတမန်တွေနဲ့ စကားပြောနေရတာက နိုင်ငံ့တာဝန် ထမ်းဆောင်နေရတာဘဲကွ”

ယင်းမှ သူပြောတာ ဟုတ်ပါလားဟု မိမိအပြုအမူ အမှားကိုသိရှိကာ ဦးဗဆွေလက်ကို ကျွန်တော်လွှတ်လိုက်ရပါတော့၏။

ထိုကြောင့် ထိုနေ့မနက်မှာ ဦးဗဆွေကိုတွေ့ရဘို့အတွက်

“ဦးဗဆွေ ခင်ဗျာ …

မင်းငါ့ကိုတွေ့ချင်ရင် အချိန်မရွေးလာခဲ့ပါ ဆိုစကားအရ ကျွန်တော် ယခုကိစ္စတခုအတွက် လာခဲ့ပါသည်။

သော်တာဆွေ ”

ကျွန်တော် ဤသို့ရေးပြီး၊ ရဲဘော်ကိုပေးလိုက်ပါသည်။ မကြာမီ ထိုရဲဘော်ပြန်လာပြီး ကျွန်တော့်ကို ဦးဗဆွေ၏အိမ်ကြီးပေါ်သို့ ခေါ်သွားပါသည်။

အလား…လား… ဧည့်ခန်းမှာ ကျွန်တော့်လိုဘဲ ဦးဗဆွေကို ထိုင်စောင့်နေတဲ့လူတွေ အများကြီးပါလား။ မြန်မာများသာမက နိုင်ငံခြားသား မျက်နှာဖြူ၊ မျက်နှာဝါ၊ မျက်နှာမဲတွေ ပါရဲ့။

ကျွန်တော်ရောက်ပြီး မကြာမီဘဲ ဦးဗဆွေဟာ ကျွန်တော်ကျောခိုင်းထိုင်နေတဲ့ အခန်းထဲလာတယ်၊ အခန်းထဲကလူတွေ မျက်စိဝေ့ကြည့်လိုက်ပြီး ကျွန်တော့်မြင်တော့ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်ပခုံးပုတ်ကာ

“ဟေ့… မင်းနဲ့ငါတော့ အေးအေးဆေးဆေးပေါ့ကွာ”ပြောပြီး ခေါင်းရင်းခန်းထဲဝင်သွားကာ သူလာစောင့်နေတဲ့ ဧည့်သည်တွေကို တယောက်စီခေါ်တွေ့ပါသည်။

၅ မိနစ်လောက်နဲ့ ကိစ္စပြီးတဲ့လူ၊ ၁၅ မိနစ်က နာရီဝက်ကျော်ကျော် ကြာတဲ့လူတွေရှိပါသည်။ နောက်ဆုံး ကျွန်တော်တယောက်တည်း။ ၁၀ နာရီကျော်နေပါပြီ။ ကျွန်တော့်ကိုတော့ သူ့အခန်းထဲမခေါ်ပါဘူး။ ကျွန်တော်ထိုင်နေတဲ့ ဆိုဖာရှည်ပေါ်မှာ သူလာထိုင်ပြီး ဘေးချင်းယှဉ်လျက် ….

“ကိုင်း… မင်းကိစ္စက ဘာတုန်းကွ”

ကျွန်နော်က တင့်တယ်ပြဿနာကို တင်ပြလိုက်တော့သူက ခပ်အေးအေးပင် စတင်၍

“အော်… ဗီဇာရဘို့လား… ဒါ ငါလုပ်ပေးနိုင်ပါတယ်ကွ”

သည်စကားကြားရတော့ ကျွန်တော့်စိတ်ထဲမှာ အောင်မယ်လေး သော်တာဆွေတို့ ကံထတော့ ငွေငါးထောင်ရဘို့ တယ်လွယ်ပါလားဟဲ့နော်လို့ စိတ်က ကျူးရင့်လိုက်မိတယ်ဗျ။ ဘာကြောင့်လဲဆို တင့်တယ်က သူ့မိန်းမမြန်မာပြည်လာနေခွင့်ဗီဇာ ရအောင်သာလုပ်ပေးနိုင်ရင် ကျွန်တော့်ကို ချက်ချင်းလက်ငင်း ငွေ ၅၀၀၀ိ ပေးမယ်လို့ ဆိုစကားရှိသကိုး။ အဲသည်အချိန်မှာ တင့်တယ်ဟာ ဘိလပ်ကပြန်လာတာ မကြာသေး။ သူ့ဝတ္ထုတွေဟာ အင်မတန်ရောင်းလို့ကောင်းတယ်။ သူ့နာမည်ဟာလဲ ထိပ်ဆုံးမှာနေတုန်း။ ရုပ်ရှင်ဇတ်ညွှန်းတွေကလဲ ထောင်၊သောင်းချီ ရနေခိုက်။ သူ ကျွန်တော့်ကို တကယ်ပဲ ငွေငါးထောင်ပေးနိုင်ပါတယ်။ သူပေးလဲပေးမှာပါဘဲ။ အကယ်၍ ကျွန်တော်က ဈေးကိုင်တောင် တသောင်းလောက်ရနိုင်ပါတယ်။

ဟီ…ဟီ….သော်တာဆွေတို့ ပွပြီ…ပွပြီ ….

သို့သော် ဦးဗဆွေ၏စကားက မဆုံးသေးပါ။ သူ ထားဝယ်သံဝဲဝဲကြီးနှင့် လေးလေးမှန်မှန် ဆက်၍လာပုံကား

“ဒါပေမယ့် တင့်တယ်။ မိန်းမဗီဇာ ပေးသင့်၊ မပေးသင့်ကို မင်းနဲ့ငါနဲ့ ဆွေးနွေးကြအုံးစို့ကွာ။ မင်းကစာရေးဆရာ၊ ငါကနိုင်ငံရေးသမား။ ဒီတော့ ဒို့နှစ်ယောက်လုံးမှ တိုင်းပြည်အတွက် စဉ်းစားဘို့ရှိတယ်ကွ”ဟုဆိုပြီး သူခေတ္တစကားဖြတ်ထား၍ ကျွန်တော်က နားပေထောင်နေစဉ်

“ဟေ့…ဒီမှာ …သော်တာဆွေ၊ ဘိလပ်သားတွေ ဗမာပြည်မှာနေပြီး ဗမာမိန်းမတွေ မယူကြဘူးလားကွ”
 

“ဟာ.. ယူကြတာပေါ့ဗျာ”
 

“အေး…နို့ပြီး၊ သူတို့ ဘိလပ်ပြန်တော့ ဗမာမိန်းမတွေ ခေါ်သွားကြသလားကွ”

ကျွန်တော်.. မျက်လုံးကလေး ကြောင်တက်တက်နှင့် နှုတ်ဆွံ့အသွားလေပြီ။ ဦးဗဆွေက ဆက်ပြော၏။

“နို့ပြီး….တရုတ်၊ ကုလားတွေကောကွာ။ ဗမာမိန်းမတွေ ယူကြတာဘဲ မဟုတ်လားကွ။ ဒါပေမယ့်…သူတို့ပြည်ကြီးပြန်တော့ရင် ဗမာပြည်က မယားတွေ၊ သားသမီးတွေ ခေါ်သွားကြတယ်လို့ ကြားဘူးသလား”
 

“ဟင့်အင်း”

ကျွန်တော် ခေါင်းခါရပါတော့သည်။

“အဲဒါ….သူတို့မယားတွေ..သားသမီးတွေ မချစ်လို့ လို့မင်းဆိုနိုင်မလား”
 

“ဟာ…. ဘယ်ဆိုနိုင်မလဲဗျာ။ လူမှန်ရင် ကိုယ့်သားမယား ကိုယ့်ရင်သွေးကို ချစ်ကြတာချည်းပေါ့”
 

“ဒါပေမယ့်… သူတို့ဘာကြောင့် သူတို့တိုင်းပြည်ကို ခေါ်မသွားကြသလဲမင်းသိလား”

ကျွန်တော်က ခေါင်းခါလိုက်တော့ …

“အဲဒါ နိုင်ငံရေးဘဲကွ။ ဒီမှာသော်တာဆွေ၊ ဒို့တိုင်းပြည်ဟာ ကျွန်သပေါက်ဘဝ ရောက်ခဲ့ရလို့ လူမျိုးခြားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် နေချင်သလိုနေခဲ့ကြတာကို ဒို့ခံခဲ့ရတာကြာပြီ။ အခု ဒို့လွတ်လပ်ရေးရပြီမို့ ဒီကိစ္စတွေကို ဒို့အဖတ်ဆယ်ရမယ်”

သူခေတ္တစကားနား၏။ ပြီးမှ ကျွန်တော့် စေ့စေ့ကြည့်၍

“ဒီမှာသော်တာဆွေ၊ လူမျိုးခြားတွေ ဒို့တိုင်းပြည်ရောက်လာတယ်ဆိုရင် ဒို့လူမျိုးတွေရဲ့လုပ်စာကိုစားပြီး ဒို့တိုင်းပြည်ရဲ့ နေရာကောင်းတွေမှာနေကြတာကွ၊ သူတို့အဆင့်အတန်းက ဒို့လူမျိုးထက်များတောင် မြင့်နေလိုက်ကြသေးတယ်။ အဲဒါတွေတွေးပြီးတော့များ မင်းအသဲမနာဘူးလား သော်တာဆွေရယ်”


“အခု မင်းသူငယ်ချင်း တင့်တယ်ခေါ်လာချင်တယ်ဆိုတာက ဘိလပ်သူ မျက်နှာဖြူမဟုတ်လား၊ သူကဗမာပြည်ရောက်တော့ရင် ဘယ်အဆင့်အတန်းမှာ နေမလဲကွ၊ ဗိုလ်မက ဗိုလ်လိုဝတ်ပြီး ဗိုလ်လိုနေမယ် မဟုတ်လားကွ။ ဒီနေရာမှာ သူ့မယား သူထားတာပဲ၊ တင့်တယ်ရဲ့လုပ်စာလို့ မတွက်ရဘူး။ သူ ဘယ်နည်းနဲ့ရရ၊ ဒို့တိုင်းပြည်ရဲ့ ပစ္စည်းလို့ယူဆရမယ်။ နားလည်ရဲ့လား သော်တာဆွေ”
 

“ဟုတ်ကဲ့ ခင်ဗျ”

“နို့ပြီးတော့ အဲဒီဘိလပ်သူ ဗိုလ်မက ဒို့တိုင်းပြည်မှာနေပြီးတော့ သူတယောက်ထဲနဲ့ မပြီးသေးဘူး။ ခလေးတွေ မွေးအုံးမယ်ကွ၊ မျက်နှာဖြူကပြား ကကတစ်ကလေးတွေ၊ နောက်သူတို့ကတဆင့် တဆင့် နိုင်ငံခြားသား အဆက်အနွယ်တွေ ဘယ်လောက်ပွားများလာအုံးမလဲ၊ မင်းစဉ်းစားကြည့်စမ်းကွာ”

“ဟေ့…ဒီမှာ သော်တာဆွေ၊ ဒို့တိုင်းပြည်ဟာ ဒို့တိုင်းရင်းသားလူမျိုးတွေအတွက်သာ ဖြစ်ရမယ်ကွ။ ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့  လွတ်လပ်တဲ့တိုင်းပြည်တွေရဲ့ သဘောထားဘဲ။ အခုကြည့်စမ်း၊ ဘိလပ်သားနဲ့ တရုတ်၊ကုလားလူမျိုးတွေ ဒို့ဗမာမတွေယူပြီး ကပြားတွေမွေးဖွားကြ၊ နောင်သူတို့တိုင်းပြည်အစိုးရကလဲ သူတို့ပြည်က ပစ္စည်းလာစားမယ့် ပါးစပ်ပေါက်တွေကို ခေါ်လာခွင့်မပေးဘူးကွ။ သူတို့ကသာ သူများပြည်က စားမယ်၊ သူများပြည်က ယူမယ်။”
“ဟေ့..ဒီမှာ သော်တာဆွေ၊ သူတို့လူမျိုးခြားတွေက ဒို့တိုင်းပြည်မှာ သူတို့သွေးနဲ့ပေါက်ဖွားခဲ့ကြတဲ့ သားသမီးတွေတောင် ပစ်ထားခဲ့ကြသေးတာ၊ မင်းသူငယ်ချင်း တင့်တယ်က ဗမာပြည်လာပြီး သားပေါက်မယ့် မျက်နှာဖြူမကို ခေါ်သင့်ပါသလား၊ မင်းစဉ်းစားပါကွ..။ မင်းက စာရေးဆရာပါ၊ ငါက နိုင်ငံရေးသမားဘဲ။ မင်းက သင့်လျော်တယ်ဆိုရင် အခုချက်ချင်းဘဲ အဲဒီဗီဇာပေးဖို့ ငါတယ်လီဖုန်းဆက် ပြောလိုက်မယ်။ မင်းဆန္ဒကို ငါမငြင်းပါဘူး။ ကဲ…. မင်း သူငယ်ချင်း ပြဿနာ မင်းပဲ ဆုံးဖြတ်ပေရော့၊ ငါနောက်ထပ် ဘာတခွန်းမ မပြောတော့ဘူး။”

သည်နေရာမှာ ကျွန်တော့်ရဲ့ ရင်ထဲက တုန်လာတယ်။ နှုတ်ခမ်းကတော့ ယဲ့ယဲ့ပြုံးလို့။ မျက်လုံးမှာတော့ မျက်ရည်တွေ ဝေ့လာတယ်။

ကျွန်တော် သက်ပြင်းကြီးကိုချလိုက်ပြီး ဘေးချင်းယှည်ထိုင်နေတဲ့ ဦးဗဆွေရဲ့လက်ကို လှမ်းကိုင်ကာ “ကျွန်တော် နားလည်ပါပြီဗျာ” လို့ပြောလိုက်တယ်။
သည်တော့ ဦးဗဆွေက အင်မတန်ဝမ်းမြောက်တဲ့ မျက်နှာကြီးနဲ့ …

“ဒါဖြင့် မင်းကျေနပ်ပြီပေါ့နော်”

“ဟုတ်ကဲ့”

“ဒါဖြင့်… မင်းငါ့အိမ်မှာ ထမင်းစားသွားကွာ” ဟုဆိုပြီး သူ့အိမ်သားများအား “ဟေ့….ဒို့ထမင်းစားမယ်ကွ” ဟုလှမ်းပြောလိုက်လေ၏။
ထို့ကြောင့် တင့်တယ်လည်း ဘိလပ်က ဂျုံးကို မခေါ်ဖြစ်၊ ကျွန်တော်လည်း သူ့ဆီက ငွေငါးထောင်မရ။

ဤအကြောင်းကို ကျွန်တော်သည် ရွှေတူဂျာနယ်ထုတ်နေစဉ်က ဦးဗဆွေသည် “တော်လှန်ရေး၏ မြုပ်ကွက်၊ ရှုပ်ကွက်များ”ခေါင်းစဉ်ဖြင့် သူ့ဘဝ ကိုယ်တွေ့နိုင်ငံရေးများကို အပတ်စဉ်ရေးနေသည်နှင့် ချစ်ဆွေနောင်ကြီးအား အမှတ်တရဟု (၁-၅-၇၁) နေ့ထုတ် ရွှေတူဂျာနယ်တွင် ကျွန်တော်ရေးသားဖော်ပြခဲ့၏။


မှတ်ချက်။       ။ ထိုအချိန်က အော်စတင်ကားတစီး၏တန်ဖိုးမှာ ရှစ်ထောင်ဝန်းကျင်ခန့်ဖြစ်ပါသည်။

5/13/12

ကျွန်တော်၊ တရုတ်ပြည်နှင့် ၎င်း၏အမှတ်တရများ (၃)

ငယ်ငယ်ကကြားဖူးတဲ့ "နပန်းဆံ" သီချင်းထဲကလို နောက်တခါ လာပြန်ချည်သေးဆိုပြီး ကျွန်တော်နဲ့မပြီးဆုံးသေးသော စိနပြည်ကြီးနဲ့ စိနပြည်သူ၊ ပြည်သားတွေအကြောင်း ဖောက်သည်ပြန်ချရဦးမယ်။ ထုံးစံအတိုင်း လွဲခဲ့တာလေးတွေ၊ ပြုံးမိတာလေးတွေပေါ့ဗျာ။ 

ဘာပဲပြောပြော ဟိုးအရင်အခေါက်တွေ တုန်းကရခဲ့တဲ့ ဒေသန္တရဗဟုသုတတွေနဲ့ဆိုတော့ ဒီတခါတော့ အဆင်ပြေပါတယ်။ "Hotel" လို့ပြောရင် "Hospital"၊ "Company" လို့ပြောရင် "Computer" လို့ ဘာသာပြန်ဖို့ အတွေ့အကြုံသင်ပေးထားတယ် မဟုတ်လား။ ဒါတောင် "when you go back to Hospital, you can be arrested " လို့ တယောက်ကပြောတော့ ကျောပါတွန့်ခဲ့ရသးတယ်။ အမှန်က "မင်းဟိုတယ်ပြန်ရောက်ရင် အနားယူလို့ရပြီ" လို့ပြောတာပါ။ လွဲမယ့်လွဲတော့လည်း တည့်တည့်ကြီးဗျာ။ တကယ်။ 

နောက်ထူးဆန်းတာတစ်ခုက သူတို့သုံးတတ်တဲ့ email address တချို့ပါ။ email address ပဲ ဘာများထူးဆန်းလို့လဲဆိုရင်၊ ဟုတ်ကဲ့ သူတို့ရဲ့တချို့ email တွေဟာ အက္ခရာလုံးဝမပါပဲ ဂဏန်းချည်း ၁၁ လုံး သုံးနဲ့ ဖွဲ့စည်းထားတာမို့ ထူးဆန်းတာပါ။ ဥပမာ 13707718187@139.com, 14878484787@163.com အဲ့ဂလိုကြီးတွေ။ တယောက်စ၊ နှစ်ယောက်စလောက်ဆို မှတ်လို့ရသေးပေမယ့် လူအများကြီးကို ဂဏန်းတွေနဲ့တွဲပြီး မှတ်ထားဖို့တော့ အတော့်ကိုမလွယ်တဲ့ ကိစ္စပါ။ တခါတခါများ အလုပ်အကြောင်း မေးလ်လေး၊ ဘာလေး ပို့စရာရှိလို့ကတော့ ရှာပေတော့၊ ဘယ်လူက ဘယ်ဂဏန်းဆိုတာ။ အတော်ဂွကျတဲ့ နည်းပညာကြီး။ ဘာပဲပြောပြော သူတို့ဓလေ့နဲ့ သူတို့ပေါ့လေ။

နောက်တခုဖောက်သည်ချချင်တာကတော့ ကိုယ့်တို့တိုင်းပြည်ရဲ့ ဂီတအောင်မြင်မှုပါ။ ကိုယ်တို့ရဲ့ မိတ်အင်ဘားမားသီချင်းတွေဟာ ကမ္ဘာနဲ့အဝှမ်းအောင်မြင်နေတဲ့သကာလဆိုတော့ အနောက်နိုင်ငံတွေအပြင် အနှီတရုတ်ပြည်က အဆိုတော်များကလည်း သူ့ထက်ငါအပြိုင်အဆိုင် ဗမာသီချင်းတွေကို ကူးယူပြီးတရုတ်မှုပြုကာ ပြန်လည်သီဆိုနေတဲ့အတွက် တရုတ်ပြည်သာရောက်တယ် ကျွန်တော့်အတွက်ဗမာသီချင်းမငတ်ပါဘူး။ ဝိုင်းဝိုင်းသီချင်းနားထောင်ချင်လား၊ ဇော်ပိုင်လား၊ အာကြီးလား၊ ဖြိုးကြီး၊ ချမ်းချမ်း၊ ရှင်ဖုန်းလား။ ရှိပါ့။ တရုတ်ရေဒီယိုလေးသာဖွင့်ထား ကိုယ်သိတဲ့သီချင်းတွေမှ အများကြီး။ ဒါတောင် မသိတာလိုက်တာ ဘယ်နှစ်ပုဒ်လောက်ပါလဲ မသိ။ အဲဂလို အခြေအနေဆိုတော့ တခါတလေများ ကိုယ့်ဟာကိုယ်ဗမာသီချင်းများနားထောင်ချင်ရင် ဇာတိသွေး၊ ဇာတိမာန်အပြည့်နဲ့ ခိုးနားထောင်ရပါတယ်။ ဒါတောင် နားကြပ်က အသံကျယ်ကျယ်ထွက်သွားရင် ရှေ့ခုံမှာထိုင်နေတဲ့ ကိုရွှေတရုတ်ကနောက်ပြန်လှည့်ပြီး " ဒီသီချင်းသူသိပါတယ်၊ ဒါပေမယ့် ... ဟင် .... ဗမာလိုကြီးဆိုထားတယ်" ဆိုပြီးလုပ်တာ။ ကိုယ်လည်းမချိသွားဖြဲ အရူးကွက်နင်းရတာလည်း အကြိမ်ကြိမ်ပဲ။ နောက်တော့ အမြင်ကပ်ကပ်နဲ့ Lady Ga Ga ကြီးပဲ speaker နဲ့ ထိုင်ဖွင့်နေတော့တာ။ ဟုတ်တယ်လေ။ အင်္ဂလိပ်သီိချင်းဖွင့်တာတောင် James Blunt ရဲ့ You are beautiful ဆိုရင်တောင် သူတို့တရုတ်သီချင်းနဲ့ သွားငြိနေသေးတာကိုး။ Lady Ga Ga လောက်မှ အနေတော်လောက်သွားကျတာ။ မှတ်ကရော။


ရောက်တုန်းရောက်ခိုက် အမှတ်ရစရာတွေ၊ အတုယူစရာတွေ၊ ပြုံးချင်စရာလေးတွေလည်း အများကြီးတွေ့ပါတယ်။ လက်ဆော့ပြီးရိုက်ထားတဲ့ ဓါတ်ပုံတချို့ကိုလည်း  အမှတ်တရအနေနဲ့  ပြန်တင်ပေးလိုက်ပါတယ်။ 



အောက်က ဓါတ်ပုံကတော့ ဖုန်းဆိုင်တဆိုင်ရဲ့ ဆိုင်းဘုတ်ကို သဘောကျလို့ရိုက်ထားတာပါ။ Apple logo ကြီးကိုချိတ်ထားပြီး ဘေးက HTC ရေးထားတော့ မသိရင် ပန်းသီးတံဆိပ်ကို HTC လို့ခေါ်သလိုဖြစ်နေတာကိုး.. (အဲဒီ့အချိန်တုန်းက Apple product ကို တရုတ်ပြည်တွင်းမှာ တရားဝင် မဖြန့်သေးပါ.။)




အဝေးပြေးဘပ်(စ်)ကားစီးတုန်းက  အဆောက်အဦးရဲ့ဝင်ပေါက်(Entrance) ဆိုင်းဘုတ်ကို သဘောကျလို့ ဓါတ်ပုံရိုက်ခဲ့တာပါ။ သွားရမယ့်မြို့နာမည်လို့ ထင်နေတာ ... ။




ATM မှာ ပိုက်ဆံသွားထုတ်တုန်းကပါ။ ATM စက်ရှေ့မှာ ဈေးသည်ဈေးထိုင်ရောင်းနေတာကို စောင့်နေရတုန်းရိုက်ထားတာ။



ပြိုင်ကားဘဝပျက်နေပုံများ။ သဘောကျလို့ ရိုက်လာတာပါ။ (ဂိမ်းကစားတဲ့ အရုပ်ထင်ပါတယ်။)




ဒါကတော့ Hotel ဓါတ်လှေကားထဲမှာ မျက်နှာကျက်က အလှဆင်မီးချောင်းအဖုံး ပြုတ်ကျလာတာပါ။ ကော်အဖုံးဆိုပေမယ့် အတော်မာတာ ကလား။ ခေါင်းပေါ်ကျလိုက်လို့ကတော့အနည်းဆုံးအကွဲပဲ။








ကျွန်တော့်စားပွဲပါ။ အစည်းအဝေးမလုပ်ခင်ကပုံနဲ့ အစည်းအဝေးပြီးသွားတော့ ကွာခြားချက်ပါ။ ကိုယ်မှ တရုတ်လိုမတတ်တာ။ Body Language နဲ့ပြောလိုက်၊ ပုံဆွဲပြလိုက်နဲ့ အဆင်ကိုပြေလို့ ...  :)








     လွယ်အိတ်
(၁၃.မေလ.၂၀၁၂)

5/6/12

အချုပ်တန်းဆရာဖေ


မြန်မာတွေစည်းကမ်းဖောက်လို့
ထီးနန်းပျောက် ဖြစ်ပြီ၊
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ ဖရှောင်သွေတယ်
ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။

ဗမာချင်းတော့ ကြွားကြချင်
ဓားပြပင် သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုး ပုန်းရှောင်
မိုက်မနော် ပြုမဟေးတို့က
သူ့ပထွေးတော့ ခွေးသို့ မဟောင်၊
ပြောရော့ဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင် ဒူးချလို့
ပလူးရ ပြေးကျို့ကာ ခွေးသို့ပမာ
တွေးမိတိုင်း အရိုးနာသည်
အမျိုးပါ ဆဲချင်တော့လေး။        ။


(အချုပ်တန်းဆရာဖေ)
တေးထပ်


ကျွန်တော်တက္ကသိုလ်ကျောင်းသား (၂)

ကျွန်တော်တို့ တစ်တန်းတုန်းက (တက္ကသိုလ် ပထမနှစ်ကို တစ်တန်း၊ ဒုတိယနှစ်ကို ၂ တန်း၊ နောက်ဆုံးနှစ်ကိုတော့ Final year လို့ခေါ်ပါတယ်) မြန်မာစာမှာ သိကြားမင်းဦးမာဃအကြောင်းကို ဇာတကအနေနဲ့ သင်ရတယ်။ ခေါင်းစဉ်တော့မေ့သွားပြီ။ ရည်ရွယ်ချက်ကတော့ သူများအကျိုးဆောင်တဲ့ မာဃဆိုတဲ့ကျေးတောသားကို ဘုရင်ကဆင်နဲ့နင်းသတ်တာတောင် သစ္စာတရားကြောင့် ဆင်ကမနင်းရဲဘူးဆိုတဲ့ ပရဟိတ concept လေးထည့်ပေးချင်တာပါ။ ဆရာမက ဒီ concept ကို သဘောကျလို့ထင်တယ် Tutorial မှာထည့်မေးတယ်။ ကံဆိုးချင်တော့ ကျွန်တော့်သူငယ်ချင်း မြင်းခြံသားညီညီက အဲဒီ့စကားပြေကိုမကျက်ထားဘူး။ ဒါနဲ့ ဘေးခုံက စာကလေးလို့ခေါ်တဲ့ လင်းနိုင်ဝင်းဆီက ကူးချတယ်။ သူငယ်ချင်းအချင်းချင်းဆိုတော့ စာကလေးကလည်းပြရှာပါတယ်။ ဒါပေမယ့် တယောက်တခုံစီ ဖြေရတာဆိုတော့ တဖက်ကလူကဘယ်လောက်ပဲပြပြ ဒီဖက်ကသဲသဲကွဲကွဲတော့မြင်ရဖို့မလွယ်ဘူး။ စကားပြေက "ရှေးအခါက မာစလ မည်သောရွာ (ရွာနာမည်တော့ သေချာမမှတ်မိတော့ဘူး။ အဲလိုမျိုး နာမည်ပဲ) ၌ မာဃ မည်သောသတို့သား တစ်ယောက်ရှိသည်။ " ဆိုပြီးစတယ်။ ဒါကို ကိုယ့်လူက မမြင်မစမ်းနဲ့ "ရှေးအခါက မဆလာမည်သောရွာ၌ မာလာမည်သော သတို့သားတစ်ယောက်ရှိလေသည်" ဆိုပြီး ဆော်ထည့်လိုက်ရော။ ဒီကောင်နဲ့တွေ့မှ သိကြားမင်းအလောင်းလျာလည်း မဆလာရောင်းတဲ့ "ဂျော်ဒကီး" ဘဝရောက်တော့တယ်။  Tutorial result တွေထွက်တော့ ဆရာမက Theatre ရှေ့ကနေ ဖတ်ပြတာ။ ဘာပြောကောင်းမလဲ တခန်းလုံးဝိုင်းဟားကြတာပေါ့။ ဒီကောင်က ဘာဟုတ်သေးလို့တုန်း။ သူ့ထက်စွမ်းတဲ့ လူစွမ်းကောင်းတွေလည်း ရှိသေးတယ်။ ကျွန်တော်နဲ့ ခုံနံပါတ်ကပ်ရပ် တစ်ယောက်ရှိတယ်။ ကိုယ့်ဆရာက အင်္ကျီအဖြူ လည်ကတုံး၊ ကချင်ပုဆိုး၊ ကချင်လွယ်အိတ်နဲ့ကျောင်းတက်တာ။ အမြဲတမ်းခပ်အေးအေးနေတတ်တဲ့ စာဂျပိုးရုပ်နဲ့မို့လို့ ကျွန်တော်တို့က ဒီကောင့်ကို "ကျင့်စဉ်" လို့ခေါ်တယ်။ ဂမ္ဘီရ သမားလိုလို ဘာလိုလိုပေါ့။ အနှီပုဂ္ဂိုလ်လည်း မြန်မာစာ Tutorial မှာ ကလောင်စွမ်းဝင်ပြသွားသေးတယ်။ သူကျတော့ ..

ကျွန်တော်တို့ မြန်မာစာသင်ရိုးညွှန်းတမ်းထဲမှာ ဆရာဇော်ဂျီရေးတဲ့ "စာအုပ်စင်နှင့် ကျွန်တော်" ဆိုတဲ့ စကားပြေပါတယ်။ ဆရာဇော်ဂျီက သူငယ်ငယ်တုန်းက စာဖတ်ပျင်းလွန်းလို့ စာအုပ်စင်တွေ့ရင်ထွက်ပါပြေးတယ်လို့ လွန်လွန်ကြူးကြူး ဖွဲ့နွဲ့ရေးပြထားတာ။ ခေတ်လူငယ်တွေကို စာဖတ်မပျင်းဖို့ လှုံ့ဆော်ထားတဲ့ စကားပြေပါ။ ဒါကို ဆရာကျင့်စဉ်က လက်ဆော့ပြီး "ဆရာဇော်ဂျီသည် စာအုပ်စင်တွေ့လျှင် လှည့်ကာပြေးတော့သည်။ ပြေးသည်မှ ရိုးရိုးပြေးခြင်းမဟုတ်၊ ဒဂလောက် ဒဂလောက်ဟုအော်ကာ တံမြက်စည်းကိုခွလျက် မြင်းပြေးပြေးခြင်းဖြစ်သည်။" ဆိုပြီးရေးထည့်လိုက်ရော။ မည်သံဆွဲအလင်္ကာတွေ ဘာတွေပါထည့်ပြီး အတည်ပေါက်ကိုရေးထားတာ။ ဘယ်လောက်ပီပြင်သလဲဆို မျက်စိထဲမှာ ဆရာဇော်ဂျီငယ်ငယ်က ဘောင်းဘီတိုဝတ်ပြီး စာအုပ်စင်နားကဖြတ်တိုင်း တံမြတ်စည်းကို မြင်းလုပ်ပြီး အသားကုန်ပြေးတော့တာကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရတယ်။ ဆရာမခင်မျာ စိတ်တောင်မဆိုးနိုင်ရှာဘူး။ သူ့အဖြေစာရွက်ကိုင်ပြီး ရီပဲရီနေတော့တာ။ အဲဂလိုကောင်တွေပါဆို။ လူကြည့်တော့ စာဂျပိုး၊ လုပ်ထည့်လိုက်ရင်တော့ တလွဲ။

ယောက်ျားလေးတက္ကသိုလ်မို့လို့လားတော့ မသိဘူး၊ ပေါက်ကရလုပ်ရမယ်ဆို တော်တော့်ကို အထုံဝါသနာပါကြတယ်။ ရုပ်တွေကတော့ အတည်ပဲ။ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ ကျောက်ဆည်သား ဇော်ဇော်အောင်။ ဒီကောင့်ကို ကျောင်းမှာ မမြင်ဖူးဘူး။ ပထမနှစ် midterm စာမေးပွဲရှိလို့ အိမ်နားကသူငယ်ချင်းတစ်ယောက်ဆီ ညဖက်စာသွားကျက်တော့မှ မြင်ဖူးတာ။ ကျွန်တော်နဲ့ အိမ်ရှင်သူငယ်ချင်းက စာကျက်ကြတော့ ကိုယ့်ဆရာက အေးဆေးပဲ။ သူနဲ့မဆိုင်သလိုပဲ။ တနေ့စာ တနေ့ မှန်မှန်လုပ်ထားတဲ့လူက စာမေးပွဲနီးရင် ဒီလိုပဲ ခပ်အေးအေးဖြစ်နေတတ်တယ် မဟုတ်လား။ ဆယ်တန်းအထိ ကိုယ်လည်း ဒီလိုပဲဟာ။ တက္ကသိုလ်ရောက်မှ စာမှန်မှန်မကျက်တဲ့အကျိုးတွေနဲ့ ခေါင်းမီးတောက်နေရတာ မဟုတ်လား။ ကိုယ်ကသာ ပြာတောက်နေတာ ည၁၀နာရီလောက်ကျတော့ ကိုယ့်ဆရာက စောင်ခေါင်းမြှီးခြုံပြီး အိပ်ပါလေရော။ "ဟေ့ရောင်၊ အိပ်ပြီလား။ စာတွေကပိုင်နေပြီပေါ့" ဆိုတော့ "အေးဆေးပါ" တဲ့။ ကျွန်တော့်မှာ အားတွေကျလို့။ ကိုယ်တွေကတော့ ဘယ်အိပ်နိုင်ဦးမလဲ။ စာတွေကို ခေါင်းထဲရသလောက် ထိုးထည့်နေရသေးတာကိုး။ နောက်နေ့ စာမေးပွဲဖြေပြီးတာ့ "ဟေ့ရောင်၊ အခြေအနေ ဘယ်လိုလဲ" ဆိုတော့ ကိုယ့်ဆရာက အေးဆေးပဲပြန်ဖြေတယ်။ လေအေးလေးနဲ့ "နိုး" ဆိုပဲ။ ပြတ်တယ်။ တစ်လုံးပဲ။ စာတော်တဲ့ကျောင်းသားတွေက ဒီလိုပဲလျှိုတတ်ကြဆိုတော့ ဒီကောင်လျှိုတယ်ပဲ ထင်တာပေါ့။ ခုမှရင်းနှီးကြတာဆိုတော့ ဘယ်သိဦးမလဲ။ လား..လား .. .အောင်စာရင်းထွက်လာတော့မှ တကယ်ဗျား။ ကျတာမှ တန်းနေတာပဲ။ အဲလောက် သွေးအေးတာ။ ကိုယ့်မှာတော့ အထင်တွေကြီးလို့။

ဒုတိယနှစ်ရောက်တော့ Engineering Mechanic နဲ့ စတိုးတော့တာပဲ။ ကျောင်းမှာ ဆရာမ ဒေါ်မြင့်မြင့်ခိုင်က အားကြိုးမာန်တက် ကြိုးစားရှင်းပြပေမယ့် အတန်းပုံမှန်မတက်တဲ့ ငမိုက်သားကျွန်တော်မျိုးတို့တသိုက်မှာတော့ Force တွေ၊ Moment တွေနဲ့ အတူတူလိုက်ပြီး လည်နေတော့တာပဲ။ ဂလိုတော့မဖြစ်ချေဘူးဆိုပြီး မောင်ထော်လေးလမ်းမှာနေတဲ့ သူငယ်ချင်းတယောက် အိမ်မှာလူစုပြီး ကျူရှင်တက်ကြတယ်။ ပုခုံးဖက်ပေါင်းနေတဲ့သူငယ်ချင်းတွေစုပြီးတက်ကြတာဆိုတော့ ကျူရှင်မှာကျောင်းသားထုရဲ့တဝက်ကျော်ကျော်ကို ကျွန်တော်တို့အုပ်စုကပိုင်ဆိုင်ထားတယ်လေ။ ကျူရှင်မတက်ချင်တဲ့နေ့ဆို အိမ်အောက်လှေကားမှာ စုထိုင်ပြီးလာသမျှကျောင်းသားကို ဆရာနေမကောင်းလို့ မလာနိုင်ဘူးချည်းပြောလွှတ်တာ။ လာတဲ့ကောင်တွေကလည်း ဒါမျိုးဆိုသိပ်ယုံချင်တာ။ ဘယ်သူမှ နှစ်ခေါက်မပြောရဘူး။ ပြန်တာပဲ။ ရေကျော်က သန်းဌေးတို့ပေါ့။ ပြီးရင်ကျွန်တော်တို့အုပ်စုလည်း သုတ်တော့တာပဲ။ ဝေးဝေးလံလံမဟုတ်ပါဘူး၊ မောင်ထော်လေးလမ်းအောက်လမ်းဆင်းပြီး လဖ္ဘက်ရည်ဆိုင် ထိုင်ကြတာများပါတယ်။ တခါတလေဆို အပြန်လမ်းမှာဆရာနဲ့တိုးလို့ ကားတွေနောက်မှာ ပုန်းနေရသေးတယ်။ ပညာလိုလားတာများပြောပါတယ်။ ဆရာကိုတော့ အိမ်ရှင်သူငယ်ချင်းက ကြည့်ကျက်ရွှီးတာပေါ့။ သူလည်းကိုယ့်ဘက်တော်သားပဲဟာ။ ဒါတောင် ဆရာကိုင်တဲ့ ရေကြောင်းဝိုင်း ၃ ဝိုင်းမှာ ကျွန်တော်တို့က စာအပြီးဆုံး  ဝိုင်းဆိုပဲ။ ကျန်တဲ့ဝိုင်းကကောင်တွေ ဘယ်လောက်တောင် လစ်ကြလဲတော့မသိဘူး။

ဆရာက ပညာပိုင်းနဲ့ပတ်သက်လို့ တော့်တော့်ကိုတော်ပါတယ်။ စာသင်ရင်စိတ်လည်းရှည်တယ်။ နားမလည်ရင်လည်း၊ လည်အောင်ကိုရှင်းပြပါတယ်။ ဆရာရှင်းပြရင် တခေါက်တည်းနဲ့ နားလည်သွားတာက များပါတယ်။ ဒါပေမယ့်သိတယ်မဟုတ်လား။ ကျွန်တော်တို့ဖက်မှာ ထိပ်သီးလူစွမ်းကောင်း တစ်ယောက်ရှိတယ်။ ဆယ်တန်းကို ၅ ဘာသာ ဂုဏ်ထူးနဲ့အောင်ပြီး၊ ကျောင်းကို ခုံနံပါတ် ၁၄ နဲ့ဝင်လာတာ။ ပေါ့သေးသေးမှတ်လို့။ လူကောင်ကသေးသေး၊ မျက်နှာကပြုံးစိစိနဲ့၊ ဒီကြားထဲ ကွမ်းစားထားလို့ သွားနီတစုံလည်းပိုင်ဆိုင်ထားသေး။ သူ့ရဲ့အားသာချက်ကတော့ အင်မတန်စေ့စပ်သေချာပြီး၊ အင်မတန် ဗဟုသုတစုံလင်တာပါ။ ဗဟုသုတကစုံတော့ နေရာတိုင်းမှာလူ ဝင်ဆံ့တယ်လေ (မှတ်ချက် ။ ကိုယ်ခန္ဓာသေးလို့ လူတွေထဲ ဝင်ဆံ့၊ လူတောဝင်တိုးနိုင်တာကို ပြောတာမဟုတ်ပါ။) ဒါကိုမနာလိုတဲ့ ကျွန်တော့်လိုသူငယ်ချင်းတွေကစုပြီး နာမည်ပေးထားတယ်။ "ငရှူ" တဲ့။  ဘယ်လောက်လှတဲ့ နာမည်လဲ၊ နော့။ ဒီကောင့်အကြောင်းကိုတော့ နောက်မှ သတ်သတ်ထပ်ရေးပါ့မယ်။ ဘာလို့လဲဆိုတော့ သူ့အကြောင်းတွေရေးရင် စွယ်စုံကျမ်းလောက်ကို ထွက်တယ်။ နီကိုရဲလွဲတာလောက်တော့ ကိုဖြိုးတို့က အိမ်မှာနေရင်း အပျင်းပြေလွဲနေသလောက် ရှိတာကိုး။ ဂလိုအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ကျွန်တော့်သူငယ်ချင်းက ဆရာပုစ္ဆာတစ်ပုဒ်ရှင်းပြပြီးရင် ဆရာနဲ့ဆွေးနွေးခန်းဝင်တယ်။ တခါတလေ ဆရာနဲ့အပြိုင်ငြင်းတယ်။ အားလုံးပြီးသွားရင် အစကပြန်စငြင်းတယ်။ ဒီကောင်နားလည်လောက်ပြီဆိုတဲ့အချိန်ကျရင် တွတ်ပီဆိုတဲ့နောက်တယောက်က ဝင်ငြင်းပြန်ရော။ ဆရာလည်း ဝဋ်ကြီးရှာတယ်။ တခါတခါ ငြင်းကြ၊ ခုံကြ၊ ဆွေးနွေးကြရင် ရုပ်ပြကာတွန်းတအုပ်စာလောက်ကြာတယ်။ ဘာလို့သိတာလဲ.. ဟုတ်လား။ သိတာပေါ့ဗျာ။ ဆရာနဲ့ ဒီကောင်ဆွေးနွေးခန်းဝင်ပြီဆိုတာနဲ့ ကျွန်တော်က အိမ်ရှင်အိမ်က ရုပ်ပြကာတွန်းတွေ ယူဖတ်နေတာကိုး။ အဲလိုအဖတ်ကောင်းလို့ တခါတတော့ အိမ်ရှင်သူငယ်ချင်းနဲ့ စကားများသေးတယ်။ အဖြစ်ကဒီလိုဗျ။

တနေ့ ကျွန်တော်ယူဖတ်လိုက်တဲ့ စာအုပ်က မင်းသိင်္ခစာအုပ်ဗျ။ ကျွန်တော် မင်းသိင်္ခစာအုပ်ဖတ်နေတာတွေ့တော့ အိမ်ရှင်သူငယ်ချင်းက မင်းသိင်္ခအကြောင်းကို ချီးမွမ်းခန်းဖွင့်ပါလေရော။ အမှန်က ကျွန်တော်လည်း မင်းသိင်္ခ ခရေဇီပါ။ ထွက်သမျှစာအုပ်တွေ ဒိုင်ခံကိုဖတ်တာ။ ပုဂ္ဂိုလ်ရေးအရလည်း တော်တော်လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက နည်းနည်းပိုတယ်။ မင်းသိင်္ခကို "ဆရာခ"၊ "ဆရာခ" နဲ့အဖြစ်သည်းနေတော့ ကျွန်တော်လည်းအမြင်ကတ်ကတ်နဲ့ မင်းပြောတဲ့ "ခခ" က တယ်တော်တာပဲနော်" လို့ ရွဲ့ထည့်လိုက်တယ်။ အဲဒီမှာ ကိုယ့်ဆရာလည်းပေါက်ကွဲတော့တာပဲ။ "မင်းငါ့ကိုပြောချင်တာပြော၊ ဆရာခ ကိုမစော်ကားနဲ့" ဆိုပြီးဖြစ်လာပါလေရော။ ကျွန်တော်လား။ အရူးကွက်နင်းပြီး လေပြေပြန်ထိုးရတာပေါ့။ နို့မို့ဆို အိမ်ပေါ်က ကန်ချခံရမှာကိုး။ 

မှတ်မှတ်ရရ အဲဒီ့နေ့က IC unplugged (one) VCD ထွက်တယ်။ ကျူရှင်ကအဆင်း VCD ဝယ်သွားပြီး အိမ်မှာအထပ်ထပ်ပြန်ကြည့်တာ father ကြီးတောင် လေးဖြူသီချင်းအလွတ် ရသွားတယ်။ အဲဒီ့ညက ကျွန်တော့်ဘဝမှာ အမှတ်ရစရာ အစိတ်အပိုင်းလေးတစ်ခု ထပ်တိုးပါတယ်။




ကျေးဇူးတင်စွာဖြင့်
   လွယ်အိတ်
(၆.မေလ.၂၀၁၂)



5/5/12

ကျွန်တော် တက္ကသိုလ်ကျောင်းသား (၁)

ငယ်ငယ်တုန်းက ရုပ်ရှင်တွေကြည့်ပြီး ရူးသွပ်ခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသားကြီးဘဝကို လက်တွေ့ရောက်တော့မှ မှန်းချက်နဲ့နှမ်းထွက် မကိုက်မှန်း ရင်နာနာနဲ့သိလိုက်ရတယ်။ ဟုတ်တယ်လေ ...... ရုပ်ရှင်ထဲမှာများ တက္ကသိုလ်ကျောင်းသားမင်းသားက ခပ်ချောချော၊ မာနခပ်ကြီးကြီးတက္ကသိုလ်ကျောင်းသူ မင်းသမီးနဲ့တွေ့၊ တွေ့တွေ့ချင်း ဘုနဲ့ဘောက် ရန်တွေဖြစ်၊ မင်းသားက ကန့်လန့်လိုက်တိုက်၊ မင်းသမီးက စိတ်ဆိုး၊ မင်းသားသူငယ်ချင်းတွေက ဝိုင်းဗရုတ်ကျ၊ နောက်ဆုံး နားလည်မှုရ၊ အဆောင်မှာ ဂစ်တာသွားတီး၊ အင်းယားကန်ဘောင်ပေါ်မှာထိုင် ဘယ်လောက်ပျော်ဖို့ကောင်းလဲ။ ဒါပေမယ့် လက်တွေမှာတော့ နင်ဂျာတွေရပ်ကွက်ထဲ အကြွေးသွားတောင်းရတဲ့ ဆာမူရိုင်းလို ဘယ်အချိန်လက်နက်ပုန်းနဲ့ ထပြစ်မလဲလို့ ရင်တထိတ်ထိတ်နဲ့ ...

"ရေကြောင်းပညာတက္ကသိုလ်၊ အပတ်စဉ် (၁)၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ"  ။ ရေးနေကြမို့သာရေးထားကြတာ အကုန်လုံးက "မောင်"တွေချည်းပဲ။ အဲဒီ့အချိန်တုန်းက ကျောင်းက ဘယ် "မယ်" မှကို မခေါ်သေးတာပါ။ ဘယ်တတ်နိုင်မလဲ၊ ကိုယ့်ကံကိုက ဂလိုချည်းပဲကိုး။ ပြောရဦးမယ်။ ကျွန်တော်တို့ကျောင်းက "စကတည်းက ယဉ်သကို ဆိုသလို ကျောင်းစဖွင့်တာလဲ ခပ်ဆန်းဆန်း။ " သူများအသက်မွေးဝမ်းကြောင်းတက္ကသိုလ်တွေဆို တက္ကသိုလ်ဝင်ခွင့်တွေလျှောက်ပြီးသိပ်မကြာဘူး စဖွင့်ကြပြီ။ ဆိုပါတော့ တက္ကသိုလ်ဝင်ခွင့်က ၉လ ပိုင်းလောက်မှာ ခေါ်တယ်ဆိုရင် ၁၁ လပိုင်း၊ ၁၂ လပိုင်းလောက်ဆို ကျောင်းတွေက စတက်လို့ရပြီ။ ကျွန်တော်တို့ ရေကြောင်းတက္ကသိုလ်ကြီးကတော့ ၉လ ပိုင်းလောက်ကတင်ထားတဲ့ တက္ကသိုလ်ဝင်ခွင့်က နောက်နှစ်၆လပိုင်းလောက်မှ အောင်စာရင်းထွက်ပြီး ၈လပိုင်းမှာ မှစတက်ရတယ်။ တစ်နှစ်လောက်စောင့်လိုက်ရတဲ့ သဘောပေါ့။ ကျောင်းစဖွင့်တော့ ကျောင်းသားတော်တော်များများက တခြားတက္ကသိုလ်တခုခုမှာ နှစ်ဝက်လောက်တက်ပြီးသားတွေချည်း။ ဟိုဘက်ကျောင်း မကျ၊ ဒီဘက်ကျောင်းမရောက် မောင်တွေဆိုတော့ တော်တော်များများက ကျောင်းသား"အထာရသ"တွေလည်း အတော်အတန်ပြည့်စုံလာကျတဲ့ ထိပ်သီးလက်ရွေးစင်တွေ။ ကျွန်တော်ဆို အရင်က သွားဖက်ဆိုင်ရာဆေးတက္ကသိုလ်တက်နေတာ။ ဟိုဖက်ကျောင်းဆက်တက်နေရင် ကျတော့မှာ သေချာသလောက်ရှိနေလို့ ဒီဘက်ပြေးလာတာ (ကြွားတာ..)။ ပြောရဦးမယ် ကျွန်တော်သွားဆေးမှာ တက်တုန်းက သူငယ်ချင်းတယောက်ရှိတယ်။ ချင်းတိုင်းရင်းသား၊ နာမည်က ယုစံနှင်းတဲ့။ ဘာလို့ ခေါ်လဲတော့ ကျွန်တော်လည်းမသိဘူး။ ကျားကျားလျားလျား ဘောလုံးသမားပါပဲ (အပြင်ပန်းကိုပြောတာပါ၊ အတွင်းတော့ ကျွန်တော်မျိုးလည်း မသိဘူး)။ ကိုယ့်ဆရာလည်း ရေကြောင်းလျှောက်တယ်။ အင်တာဗျူးတွေ ဘာတွေတောင်လာဖြေသွားသေးတယ်။ အောင်စာရင်းထွက်လို့ ကျွန်တော်သွားကြည့်တော့ သူလည်းအောင်တယ်။ သူကတော့ အောင်စာရင်းတောင်လာမကြည့်တော့ဘူး။ တခြားသူငယ်ချင်းနာမည်တွေလိုက်ရှာနေတုန်း ဘေးနားကအောင်စာရင်းလာကြည့်တဲ့ သူကောင့်သားနှစ်ကောင်က သူတို့ချင်းလက်တို့ပြီး "ဟေ့ကောင် မိန်းကလေးတွေလည်းပါတယ်ကွ" လို့ပြောသံကြားလိုက်သေး။ ယုစံနှင်းဆိုတော့ မိန်းကလေးလို့ထင်ပြီး ခံစားနေကြပုံပဲ။

ကျောင်းစဖွင့်တော့ ကျောင်းကြီးကလည်း အသစ်၊ ဆရာတွေကလည်းအသစ်၊ ကျောင်းသားတွေကလည်း တနိုင်ငံလုံးကလာကြတာဆိုတော့ အဖြစ်အပျက်ကလည်းစုံတယ်။ မှတ်မှတ်ရရ ကျောင်းတက်ပြီး ၂လ လောက်ကြာတော့ midterm စာမေးပွဲစစ်တယ်။ အမှတ်ယူမယ့် စာမေးပွဲဆိုတော့ အရေးလည်းကြီးတယ်လေ။ ပထမနှစ်တုန်းက အထက်တန်းကျောင်းလိုပဲ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓါဓုဗေဒ ဆိုပြီးသင်ရတယ်။ စာမေးပွဲစစ်တာတော့ အထက်တန်းတုန်းကလိုတော့ အစဉ်အတိုင်းဘယ်စစ်မလဲ။ သင်္ချာအရင်စစ်ပြီးမှ မြန်မာစာစစ်ချင်စစ်မှာပေါ့။ သူ့စာမေးပွဲအချိန်ဇယားအတိုင်းပဲ။ ဒါကို စာမေးပွဲအချိန်စာရင်းကိုသေချာဖတ်မထားတဲ့ သကောင့်သားတကောင်က စာမေးပွဲခန်းထဲမှာ
"ဆရာမ၊ မေးခွန်းမှားနေတယ်ဆိုပြီး ထလုပ်သေးတာ။ ဒီနေ့ဖြေရမှာ chemistry, Physic မဟုတ်ဘူး " လို့ထလုပ်သေးတာ။ 
အခန်းထဲကကောင်တွေက ဝိုင်းသြဘာပေးမှ သကောင့်သားကုပ်သွားတော့တယ်။ အဲလိုကောင်တွေ။ တခေါက်လည်း စာမေးပွဲဖြေပြီးအပြန်မှာ ကျောင်းထဲဝင်လာတဲ့ သူငယ်ချင်းတယောက်ကို "ဟေ့ကောင်၊ ဘယ်သွားမလို့လဲ" ဆိုတော့ စာမေးပွဲသွားဖြေမလို့တဲ့။ စာမေးပွဲကပြီးသွားပြီဆိုတော့ "ဟေ..ဟုတ်လား၊ ဒါဆိုလည်းပြန်တော့မယ်" ဆိုပြီး ပြန်သွားလေရဲ့။ ဂလိုကောင်တွေ ခပ်များများနဲ့ဆိုတော့ အဲဒီ့ midterm result လည်းထွက်ရော ကျလိုက်တာတာ သောက်သောက်လဲ။ ဘာသာာစုံအောင်တဲ့လူက လက်ဆယ်ချောင်းတောင်မပြည့်ဘူး။ ကိုယ်လည်းနှစ်ဘာသာကျဆိုတော့ ပါချုပ်ရုံးခန်းကိုပျော်ပျော်ကြီးချီတက်ရတာပေါ့။  အဆူခံရတာလေ။ ဆားပုလင်းနှင်းမောင်ထဲကလို လက်ဖက်ခြောက်ယူသွားရင်တော့ ရေနွေးကြမ်းကောင်းကောင်းသောက်ရမှာ။

အဲဒီ့တုန်းကကျောင်းက ဆင်မလိုက်က ရေကြောင်းသိပ္ပံဝင်းထဲမှာ ဖွင့်ထားတာ (အခုတော့ သန်လျင်၊ သီလဝါကို ပြောင်းသွားပါပြီ။)  ကျောင်းက အဆောင်မပေးတော့ ကျောင်းသားတွေက အပြင်ကတိုက်ခန်းတွေကို စုပြီးငှားနေကြတယ်။ ပြသနာတွေလည်း အမျိုးမျိုး။ သူငယ်ချင်းတယောက်ကတော့ ခပ်ဆန်းဆန်းကိုဖြစ်တာ။ တနေ့အရက်မူးပြီး ရပ်ကွက်လူကြီးအိမ်ထဲ ထမင်းဝင်စားတယ်ဆိုပဲ။ သူခိုးဝင်တယ်ထင်ပြီး ရပ်ကွက်ကဆော်တော့မလို့ နည်းနည်းပဲလိုတယ်။ အမူးကောင်းတဲ့ကိုယ့်ဆရာတော့ ဆင်မလိုက်ဂတ်ထဲမှာ တစ်ညအိပ်လိုက်ရတယ်။ နောက်တကောင်ကတော့ ဆင်မလိုက်က သူတော်ကောင်းတသိုက်နဲ့ရန်ဖြစ်တာ အောက်မေးရိုးပြုတ်သွားလို့ ကျွန်တော်တောင်ဆေးရုံစောင့်ဖြစ်လိုက်သေးတယ်။ ဆေးရုံကပြန်ဆင်းလာတော့လား ... အရင်အတိုင်းမျက်နှာခပ်ပြောင်ပြောင်ပဲ။ သုံးလလောက် စကားသဲသဲကွဲကွဲပြောလို့မရတာလေး တစ်ခုပဲ။

ရန်ကုန်တစ်ခါမှ မရောက်ဖူးတဲ့ နယ်ကကျောင်းသားတွေကျတော့ တစ်မျိုး။ နယ်ကကျောင်းသားတယောက်ကမေးတယ်။ "ဆင်မလိုက်ကနေ လှည်းတန်းသွားချင်တယ်။ ဘယ်လိုသွားရမလဲ" တဲ့။ ကျန်တဲ့ နယ်ကျောင်းသားတစ်ယောက်က 
" လွယ်ပါတယ်။ ငါနဲ့လိုက်ခဲ့ " ဆိုပြီး ဆင်မလိုက်ကနေ၊ ဆူးလေကို လိုင်းကားစီးလိုက်တယ်။ ဆူးလေကနေ လှည်းတန်းကို လိုင်းကားပြန်စီးတယ်။ ကဲ.. ရောက်ကရော လှည်းတန်း..။ ဘာပြောချင်သေးလဲ။ ခုနမေးတဲ့ကျောင်းသားကတော့ ဒီကောင်တယ်ဟုတ်ပါလား။ ရန်ကုန်ကို လည်လည်ဝယ်ဝယ်ရှိတယ်ပေါ့။ အမှန်က ဆင်မလိုက်ကနေ လှည်းတန်းကိုဆို ဗဟိုလမ်းဂုံးတံတားဖြတ်ပြီး လမ်းလျှောက်သွားရင် အလွန်ဆုံးကြာမှ မိနစ် ၂၀ ပေါ့။
ခုတော့ ပိုက်ဆံလဲကုန်၊ ၂ နာရီလောက်လည်းကားစီးလိုက်ရပြီး၊ လူတွေလည်းပြိုင်း။ ခုတော့လည်း ကိုယ့်ဆရာတွေက ရန်ကုန်သားတွေထက်တောင် ရန်ကုန်မြို့ကိုနှံ့နေပါသေး။

ကျောင်းမှာ မှည့်ဆိုတဲ့အတော်ဆော့တဲ့ကောင်ရှိတယ်။ တရက်တော့ ကိုယ့်ဆရာက ကျောင်းခေါင်မိုးပေါ်တက်တယ်။ 
ကျောင်းက လေးထပ်ဆောင်ဆိုတော့ ခေါင်မိုးပေါ်ကကြည့်ရင် အနောက်ဖက်ကရန်ကုန်မြစ်၊ လယ်ကွင်းတွေနဲ့အရမ်းလှတာကိုး။ ကံဆိုးချင်တော့ မျက်နှာကြက်ကျွံပြီး လှေကားကတက်လာတဲ့ ဝဏ္ဏလေးပေါ်ပြုတ်ကျတယ်။ ဝဏ္ဏလေးဆိုတဲ့ကောင်ကလည်း ပုံမှန်ဆိုကျောင်းပြေးလိုက်ရမှ စားဝင်၊အိပ်ပျော်တဲ့ကောင်။ ဒီနေ့မှ ဘာစိတ်ကူးပေါက်တယ် မသိဘူး၊ အတန်းတက်ဖို့ အားကြိုးမာန်တက်နဲ့လှေကားပေါ်ကတက်အလာ မောင်မှည့်က သူ့ပေါ်တည့်တည့်ကြီးပြုတ်ကျပါလေရော။ ကြားထဲက ငထွားမဟုတ်တဲ့  ဝဏ္ဏခါးနာကိန်းဆိုက်သွားပါလေရော။ အကျိုးဆက်ကတော့ မှည့်ကခြေကျိုးပြီး ဝဏ္ဏလေးက နံရိုးကျိုးသွားကြလေသတည်းပေါ့။ 
ဒါပေမယ့် တယောက်နဲ့တယောက် စိတ်ဆိုးတယ်လို့မရှိကြပါဘူး။ ကျောင်းပြန်တက်တော့ ဝဏ္ဏလေးကပြောတယ် "ဒီကောင်ဆော့စရာရှာလးလို့ကွာ"တဲ့။

ဘဝရဲ့အမှတ်တရအချိန်အပိုင်းအခြားလေးတွေပါ။ တကယ်တက်ခဲ့ရတုန်းက စိတ်ညစ်ခဲ့ရဖူးပေမယ့် ခုတော့တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တွေဖြစ်သွားပါပြီ ။
ဘာလိုလိုနဲ့ ကျောင်းကြီးကိုကျောခိုင်းခဲ့ရတာ ၅ နှစ်တောင်ရှိပါရောလား။ ......




ကျေးဇူးတင်စွာဖြင့်
    လွယ်အိတ်
(၅.မေလ.၂၀၁၂)










5/1/12

အာဂျင်တိုင်းဘောလုံးသူရဲကောင်း (သို့) လီယွန်နယ်မက်ဆီ

 
ဘာလုံးလောကရဲ့မှော်ဝင်ခြေစွမ်းတွေကိုပိုင်ဆိုင်ထားတဲ့ လီယိုနယ်လ် မက်ဆီ (Luis Lionel Andrés Messi) ကို အာဂျင်တီးနားနိုင်ငံ၊ ဆန်တာဖီးလ် ခရိုင်၊ ရိုဆာရီယို ဆိုတဲ့မြို့လေးမှာ ၂၄ရက်၊  ဇွန်လ၊ ၁၉၈၇ခုနှစ်က မွေးဖွားခဲ့ပါတယ်။ သူရဲ့ဘိုးဘေးတွေက အီတလီနိုင်ငံကနေ အာဂျင်တီးနားကို လာရောက်အခြေချခဲ့ကြတာပါ။ လီယွန်နယ် မက်ဆီကို သံမဏိထုတ်တဲ့စက်ရုံက အလုပ်သမားတယောက်ဖြစ်တဲ့ ဂျော့ရှ် ဟိုဒါဆီယို မက်ဆီနဲ့ အချိန်ပိုင်းသန့်ရှင်းရေးအလုပ်လုပ်တဲ့ ဆဲလ်ရီယာ မာရီယာ ကူဆစ်တီနီတို့က သာမန်မိသားစုလေးတစ်ခုအတွင်းမှာ မွေးဖွားခဲ့ပါတယ်။ မက်ဆီ့မှာမွေးချင်းအစ်ကိုနှစ်ယောက်နဲ့ အမတစ်ယောက်လည်းရှိပါသေးတယ်။
အသက် ၅ နှစ်အရွယ်သာရှိသေးတဲ့ မက်ဆီလေးဟာ သူ့အဖေဂျော့ရှ် နည်းပြလုပ်နေတဲ့ ဂရမ်းဒိုလီ(Grandoli) အသင်းမှာ သူ့ရဲ့ပထမဆုံးဘောလုံးသမားအနေနဲ့ ကစားခဲ့ပါတယ်။ သူ ၈ နှစ်သားအရွယ်မှာတော့ သူတို့မြို့က နီးဝဲလ်အိုးဘွိုင်း(Newell's Old Boys) ဆိုတဲ့ ဘောလုံးအသင်းကို ပြောင်းရွှေ့ကစားနေပါပြီ။ 

behind left
ကလေးငယ်တစ်ယောက်အနေနဲ့ကို ပါရမီရှင်ခြေစွမ်းတွေပြနေတဲ့ မက်ဆီ့ကို ထင်မှတ်မထားတဲ့ ဘဝအချိုးအကွေ့တစ်ခု ဝင်ရောက်လာပါတယ်။ အဲဒါကတော့ ၁၁ နှစ်သားအရွယ် မက်ဆီလေးမှာ ဟော်မုန်းဖွင့်ဖြိုးမှုနှေးကွေးတဲ့ရောဂါ (growth hormone deficiency) ခံစားနေရကြောင်း တွေ့ရှိလိုက်တာပါ။ 
ဒီရောဂါရှင်တွေဟာအသက်အရွယ်အပိုင်းအခြားအလိုက် ဝေဒနာအမျိုးမျိုးကို ပြောင်းလဲခံစားရတတ်ပါတယ်။ အထူးသဖြင့် မှတ်ဥာဏ်အမှတ်အသားနည်းခြင်း၊ စိတ်ကျရောဂါရရှိခြင်း၊ အားအင်ကုန်ခမ်းနေတတ်ခြင်း၊ အမောဖောက်ခြင်း၊ အရိုးမာကျောမှုပျော့ခြင်းတို့ကို ခံစားရပါတယ်။ အံ့မခန်းဘောလုံးပါရမီတွေနဲ့မွေးဖွားလာတဲ့ ကလေးငယ်တစ်ယောက်ရဲ့အိမ်မက်တွေကို ဒီရောဂါဆိုးကြီးက နှောင့်ယှက်ဖျက်ဆီးနေပါတယ်။ 


 

မက်ဆီရဲ့ထူးချွန်တဲ့ကစားဟန်တွေကို စောင့်ကြည့်နေတဲ့ မြို့ခံအသင်း ရေးဗားပလိတ်အသင်း(River Plate) က ခေါ်ယူချင်ပေမယ့် တစ်လကို ဒေါ်လာ၉၀၀လောက်သာ ကုန်ကျတဲ့ဆေးဖိုးကိုပေးချေနိုင်တဲ့ ငွေအင်အား သူတို့အသင်းမှာမရှိလို့ မခေါ်ယူနိုင်ခဲ့ပါဘူး။ သားငယ်ရဲ့ပင်ကိုယ်အစွမ်းအစကို ယုံကြည်တဲ့ဂျော့်ရှ်ကတော့ စပိန်ကအမျိုးတယောက်အကူအညီနဲ့ ဘာစီလိုနာအသင်းကို ထပ်ဆင့်ဆက်သွယ်ခဲ့ပါတယ်။ အသင်းကလူငယ်လေးတွေနဲ့ရောနှောခြေစစ်ပြီးတဲ့အခါမှာတော့ ဘာစီလိုနာအားကစားဒါရိုက်တာ ချားလ်စ် ရပ်ဆတ်ခ်ျ Carles Rexach က မက်ဆီကိုလက်ခံဖို့ သဘောတူလိုက်ပါတယ်။ စာချုပ် ချုပ်ဖို့စာရွက်အသင့်မရှိလေတော့ ထမင်းဝိုင်းက လက်ကိုင်ပဝါပေါ်မှာပဲ စာချုပ်ရေးပြီးလက်မှတ်ထိုးခဲ့ရပါတယ်။ အကြမ်းဖျင်းသဘောတူညီချက်ကတော့ မက်ဆီကို ဘာစီလိုနာ လူငယ်ဘောလုံးအကယ်ဒမီကျောင်းမှာတက်ရောက်ခွင့်ပြုလိုက်ပြီး မက်ဆီရဲ့ဆေးဖိုးစားရိတ်ကိုလည်း အသင်းကကျခံပေးမှာပါ။ ယောင်လည်လည်အာဂျင်တီးနားသားလေးကတော့ ဘောလုံးလောကရဲ့သမိုင်းသစ်တွေဖွင့်လှစ်ဖို့အတွက် ကြီးကျယ်ခမ်းနားတဲ့ဘာစီလိုနာမြို့က ဘောလုံးသင်တန်းကျောင်းကြီးကို တက်ရောက်ဖို့အတွက် စပိန်ကိုပြောင်းရွှေ့ခဲ့ရပါတယ်။

behind left (Pique), behind right (Cesc Fabregas)



အသက် ၁၃ နှစ်အရွယ် ခပ်ညှပ်ညှပ်ကောင်လေးရဲ့ ပထမဆုံးကွင်းထဲဝင်တဲ့ခြေလှမ်းတွေမှာ ရှက်ရွံ့မှုတွေနဲ့ပြည့်နေခဲ့တယ်လို့ မက်ဆီရဲ့ရွယ်တူအသင်းဖေါ် ဘာစီလိုနာနောက်ခံလူ ဂျရတ်ပီကေးက (Gerard Pique) ပြန်ပြောပြပါတယ်။ မက်ဆီဟာ အလွန်သေးငယ်တဲ့အတွက် သူ့ကိုနာကျင်သွားမှာစိုးလို့ လျှော့ပေါ့ကစားဖို့တောင် တချို့နည်းပြတွေက သူတို့ကိုမှာထားပါတယ်တဲ့။ ဒါပေမယ့် မက်ဆီခြေထောက်ထဲဘောလုံးရောက်သွားချိန်မှာတော့ သူတို့ထင်ထားတာတွေလွဲချော်နေကြောင်း အံ့အားသင့်ဖွယ်တွေ့ခဲ့ကြရတယ်။ “တကယ်လို့ကျွန်တော်တို့သူအနားကပ်ချင်ရင်တောင် သူဟာသိပ်မြန်တဲ့အတွက် မရောက်နိုင်ခဲ့ဘူး။ သူ့ကိုလဲကျသွားအောင်လုပ်ဖို့ကတော့ မဖြစ်နိုင်သလောက်ပဲ” လို့တောင် ပီကေးကပြောသွားပါသေးတယ်။ ဒါပေမယ့် တကယ်တန်း ပွဲထွက်တဲ့အခါမှာတော့ မက်ဆီဟာ ဒဏ်ရာရပြီးလူနာတင်ယဉ်နဲ့တောင် သယ်ထုတ်ခဲ့ရပါတယ်။ သူ့ရဲ့ဒုတိယမြောက်ကစားရတဲ့ပွဲမှာ ညာဖက်ခြေထောက်ဒဏ်ရာရသွားတာပါ။ ဘယ်ခြေပိုအားသန်တဲ့မက်ဆီဟာ ဒဏ်ရာကပြန်ထလာတဲ့အခါမှာတော့ သူ့ညာဖက်ကအရင်ကထက် ပိုကောင်းလာပြီး ဘယ်၊ညာကစားနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။


၂၀၀၀-၂၀၀၃ အထိ Infantil B, Cadete B & A, Juvenil B,  FC Barcelona C အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၀၃မှာတော့ FC Barcelona B အသင်းမှာ စတင်ကစားခွင့်ရခဲ့ပါတယ်။ တစ်နှစ်မပြည့်ခင်မှာပဲ ဟော်လန်နိုင်ငံသားနည်းပြ ဖရန့်ရပ်ကပ်, (Frank Rijkaard)က Barcelona ပထမအသင်းမှာ ဝင်ကစားခွင့်ပေးလိုက်တယ်။ ၂၀၀၅၊ မေလ ၁ ရက်နေ့မှာ ဘာစီလိုနာအသင်းရဲ့ လာလီဂါအသက်အငယ်ဆုံးဂိုးသွင်းစံချိန်ကို ချိုးခဲ့တယ်။ အသက် ၁၇နှစ် ၁၀လ ၇ ရက်ပဲရှိသေးတဲ့ ကောင်လေးက Albacete  အသင်းကို ဂိုးသွင်းပြီး ဒီစံချိန်ရခဲ့တာပါ။




ယူရိုအဖွဲ့အစည်းရဲ့စည်းမျဉ်းတွေကြောင့် စပိန်နိုင်ငံသားအဖြစ်လည်းခံယူခဲ့တဲ့ မက်ဆီကို စပိန်နိုင်ငံ့လက်ရွေးစင်အသင်းမှာဝင်ရောက်ကစားဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဇာတိနိုင်ငံအသင်းမှာပဲ ပြန်ကစားမယ်ဆိုပြီး ငြင်းခဲ့ပါတယ်။ သူရဲ့မျှော်လင့်ချက်တွေဟာ ၂၀၀၄ မှာ အကောင်အထည်ပေါ်လာပြီး အာဂျင်တီးနား ယူ-၂၀အသင်းအတွက် လက်ရွေးစင်အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီ့နှစ်မှာပဲ လူငယ်ကမ္ဘာ့ဖလားမှာပဲ ရွှေဖိနပ်ဆု၊ ရွှေဘောလုံးဆုအပြင် မာရာဒိုနာ (Maradona) လက်သစ်ဆိုတဲ့ဘွဲ့ကိုပါ ရရှိခဲ့ပါတယ်။ ဒီဘွဲ့ဟာ သူနဲ့ထိုက်တန်ကြောင်းကိုလည်း မာရာဒိုနာသွင်းယူခဲ့တဲ့ လျှမ်းလျှမ်းတောက်ဂိုးတွေနဲ့ တပုံစံတည်းဖြစ်အောင်ပုံတူပွား သွင်းယူပြခဲ့ပါသေးတယ်။ မာရာဒိုနာရဲ့ ဘုရားပေးသောလက်လို့နာမည်ကြီးတဲ့ ၁၉၈၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းကို လက်နဲ့သွင်းယူခဲ့တဲ့ဂိုးအတိုင်း ၂၀၀၇ ဧပြီမှာ Espanyol အသင်းဘက်ကို လက်နဲ့ပုတ်ပြီးဂိုးသွင်းခဲ့ပါတယ်။ သေသပ်လှပတဲ့ ကိုယ်ဟန်အနေအထားတွေကြောင့် ဒိုင်တွေခင်မျာမမြင်လိုက်ရပဲ ဂိုးအဖြစ်သတ်မှတ်ပေးလိုက်ရတယ်။ တနှစ်ထဲမှာပဲ မာရာဒိုနာရဲ့နာမည်ကျော်ဂိုးဖြစ်တဲ့ ကွင်းလယ်စည်းအကျော်က တကိုယ်တော်ဆွဲပြေးပြီး ဂိုးသမားအပါအဝင်လူခြောက်ယောက်ကို ကျော်ဖြတ်သွင်းယူခဲ့တဲ့ဂိုးကိုလည်း မက်ဆီက Getafe CF  အသင်းနဲ့ကစားတဲ့ပွဲမှာထပ်တူကစားပြခဲ့သေးပါတယ်။ ဒီလိုအံ့မခန်းခြေစွမ်းပြနိုင်တဲ့မက်ဆီဟာ FIFAကချီးမြှင့်တဲ့ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကိုလည်း 2010, 2011, 2012 သုံးနှစ်ဆက်တိုက်ရရှိတဲ့ ပထမဆုံးဘောလုံးသမားဖြစ်လာပါတယ်။