11/19/12

ကမ္ဘာ့ ပိုင်ဆိုင်မှုအနည်းဆုံး သမ္မတနှင့်တွေ့ဆုံခြင်း


အမေရိကန်သမ္မတတွေနေထိုင်တဲ့ အိမ်ဖြူတော်၊ ပြင်သစ်သမ္မတတွေရဲ့အဲလစ်စီးနန်းတော်၊ ဗြိတိန်ဘုရင်မကြီး အဲလစ်စဘတ်စံမြန်းတဲ့ ဘာကင်ဟမ်နန်းတော်ကြီးတို့ရဲ့ ခန်းနားထည်ဝါမှုတွေနဲ့ဆန့်ကျင်ဘက် သာမန်ကျေးလက်နေအိမ်လေးတလုံးမှာ ယူရာကွေး (Uruguay)သမ္မတကြီး ဂျိုး(စ်)မူဟီကာ (Jose Mujica) နေထိုင်ပါတယ်။ လက်ရှိအာဏာရသမ္မတကြီး မူဟီကာရဲ့နေအိမ်ဟာ မြို့တော်မွန်တီဗီဒီရို (Montevideo) ရဲ့အပြင်ဘက် ဆင်ခြေဖုံးကျေးလက်ဒေသလေးတစ်ခုမှာတည်ရှိပြီး ဒီအိမ်လေးမှာ သူ့ရဲ့ဘဝကြင်ယာဖော် လူစီကာ တိုပိုလန်စကီး(Lucia Topolansky)ရယ်၊ ခြေထောက်တစ်ဖက်မရှိတော့တဲ့ခွေးလေး မနွယ်လာ(Manuela)တို့နဲ့ အတူနေပါတယ်။ အင်မတန်သေးတဲ့ လယ်ကွက်လေးကို ထွန်ယက်ဖို့တော့ လယ်ထွန်စက်အိုကြီးတစ်လုံးနဲ့ သမ္မတကြီးသွားလိုရာ မောင်းသွားနိုင်ဖို့ 87မော်ဒယ် လိပ်ခုံးကား (Volkswagen)လေးတစ်စီး ရှိပါတယ်။ သမ္မတကြီးရဲ့လုံခြုံရေးအတွက်ကတော့ အိမ်နဲ့အတော်လှမ်းလှမ်းမှာ ရဲကားတစ်စီးနဲ့ လုံခြုံရေး ရဲနှစ်ယောက်က စောင့်ကြပ်ပေးပါတယ်။ ဒီနှစ် ၂၀၁၂အတွက် သမ္မတကြီးရဲ့ပိုင်ဆိုင်မှုစာရင်းကို ထုတ်ပြန်တဲ့ကြေငြာတဲ့အခါမှာ သူ့မိန်းမရဲ့ပုဂ္ဂလိကပိုင်ဆိုင်တာတွေကိုပါ ထည့်ပေါင်းရင်တောင် သူတို့ချမ်းသာကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ နှစ်သိန်းကျော် (USD 215, 000)ပဲရှိတဲ့အတွက် သမ္မတကြီးမူဟီကာကို ကမ္ဘာ့ပိုင်ဆိုင်မှုအနည်းဆုံးသမ္မတအဖြစ် မှတ်တမ်းအတင်ခံခဲ့ရပါတယ်။

လက်ရှိအသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ သမ္မတကြီးကို ၁၉၃၅ မေ ၂၀ ရက်နေ့မှာ အီတလီနွယ်ဖွားမိခင်နဲ့ ယူရာကွေးလယ်သမားဖခင်တို့က မွေးဖွားခဲ့ပါတယ်။ ၁၉၆၀အစောပိုင်း ကျူးဘားတော်လှန်ရေး ရိုက်ခတ်မှုကြောင့် ယူရာကွေးမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ပေါ်လာပြီး အစိုးရဆန့်ကျင်ရေးတွေပြုလုပ်လာချိန်မှာတော့ ကျူပါမားရို့စ် (Tupamaros)ဆိုတဲ့ အဖွဲ့အစည်းထဲမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၇၃ စစ်အာဏာသိမ်းအပြီးမှာ ပထမဆုံးအဖမ်းခံခဲ့ရပြီး လေးကြိမ်တိုင်တိုင် ထောင်နန်းစံခဲ့ရပါသေးတယ်။ ၁၉၈၅မှာ ယူရာကွေးရဲ့ ဒီမိုကရေစီပြောင်းလဲရေး ပေါ်လစီနဲ့အတူ နောက်ဆုံးအကြိမ် ထောင်မှပြန်လည်လွတ်မြောက်လာပါတယ်။ ဒီအချိန်မှာ ထောင်သက်တမ်း စုစုပေါင်း ၁၄ နှစ်နဲ့ ခြောက်ကြိမ်တိုင်တိုင် ရဲတွေပေးခဲ့တဲ့ကျည်ဆံဒဏ်ရာတွေလည်း ရပြီးနေပါပြီ။ နိုင်ငံရေးလောကထဲဝင်ရောက်လာပြီး ၂၀၁၀~၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတဟောင်းကျောထောက်နောက်ခံပေးထားတဲ့ ဘဏ္ဍာရေးဝန်ကြီး Danilo Astori ကို ကျော်ဖြတ်ပြီး ယူရာကွေးနိုင်ငံရဲ့ အယောက် ၄၀ မြောက် သမ္မတဖြစ်လာခဲ့ပါတယ်။




ငွေကြေးလာဘ်စားမှု၊ အာဏာအလွဲသုံးစားမှုတွေနဲ့ လုံးထွေးသတ်ပုတ်နေရတဲ့ တခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဆန့်ကျင်စွာ ယူရာကွေးသမ္မတကြီးရဲ့ သမ္မတဘဝဟာ အေးဆေးတည်ငြိမ်လွန်းပါတယ်။ သမ္မတတို့ရဲ့ရပိုင်ခွင့်၊ ဇိမ်ခံပိုင်ခွင့်တွေကို ငြင်းပယ်ခဲ့တဲ့အပြင် သူ့ရဲ့သမ္မတလစာငွေထဲက ကိုးဆယ်ရာခိုင်နှုန်း (စတာလင်ပေါင် ၇၅၀၀ ခန့််)ကို လူမှုရေးအဖွဲ့အစည်းတွေကို လစဉ်လှူဒါန်းနေပြီး လက်ကျန်ဆယ်ရာခိုင်နှုန်း (စတာလင်ပေါင် ၄၈၅ ခန့်)နဲ့သာ သူ့အိမ်အသုံးစားရိတ်ကို လည်ပတ်စေပါတယ်။ သမ္မတကတော်ပိုင်တဲ့ သူတို့နေအိမ်လေးဟာ သေးငယ်တဲ့အပြင် သူ့အိမ်အတွက် သောက်စရာ၊ သုံးစရာ ရေကိုလည်း ရေညှိပတ်ပတ်လည်ဖုံးနေတဲ့ ရေတွင်းထဲက တိုက်ရိုက်ခပ်ယူရပါတယ်။ အဝတ်လျှော်စက်တောင်မှ အခြောက်ခံတဲ့စနစ်မပါသေးတဲ့ တကယ့်ခေတ်ဟောင်းစက်ကို သုံးနေဆဲပါ။ 

"ကျွန်တော့်ကို ကမ္ဘာ့အဆင်းရဲဆုံးသမ္မတလို့ ပြောကြတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဆင်းရဲတယ်လို့ မခံစားမိပါဘူး။ တကယ့်လူဆင်းရဲဆိုတာ အင်မတန်ကုန်ကျစားရိတ်မြင့်မားတဲ့ သူတို့ရဲ့နေထိုင်မှုစားရိတ်အတွက် အလုပ်ကိုအဆက်မပြတ် လုပ်နေရတဲ့သူတွေပါ။ ဒါပေမယ့် သူတို့လိုအပ်ချက်ဆိုတာ ပြီးဆုံးတယ်လို့မရှိပါဘူး။ ..."  

"တကယ်တမ်းတော့ ဒါဟာ လွတ်မြောက်ခြင်းရဲ့ အခြေခံအကြောင်းတရား တစ်ခုပါ။ ခင်ဗျားမှာ ပိုင်ဆိုင်မှုတွေ သိပ်များများစားစားရှိမနေဘူးဆိုရင် ခင်ဗျားဟာ အဲဒါတွေကို ထိန်းသိမ်းနေဖို့အတွက် ကျွန်တစ်ယောက်လို အလုပ်လိုက်လုပ်နေစရာ မလိုတော့ဘူးလေ။ ဒီ့အတွက်ခင်ဗျားမှာ ခင်ဗျားကိုယ်တိုင်အတွက် အချိန်စစ်စစ်တွေ ထွက်လာပါလိမ့်မယ်။ ..." လို့ BBC သတင်းဌာနကို ဖြေကြားသွားပါတယ်။

တော်လှန်ရေးသမားဟောင်းကြီး မူဟီကာရဲ့ သမ္မတဘဝဟာ သူ့ရဲ့ရိုးရှင်းတဲ့ နေထိုင်မှုစနစ်ကြောင့် လူထုရဲ့ထောက်ခံမှုကို ရနေသလို နိုင်ငံရဲ့ကျန်းမာရေးနဲ့ ပညာရေးပြဿနာတွေကို နိုင်ငံရဲ့ချမ်းသာကြွယ်ဝမှုနဲ့ မဖြေရှင်းတဲ့အတွက် ဝေဖန်မှုတွေကိုလည်း ခံနေရသူလည်း ဖြစ်ပါတယ်။ အရင်သမ္မတတွေနဲ့မတူညီစွာနဲ့ ယူရာကွေးနိုင်ငံမှာ ရက်သတ္တ ၁၂ပတ်သက်တမ်းရှိတဲ့ ကိုယ်ဝန်ကို တရားဝင်ဖြတ်ချရေး ဥပဒေပြုအဆိုကို မူဟီကာက ပြတ်ပြတ်သားသား ပယ်ချထားပါတယ်။  ဒုတိယအနေနဲ့ မူးယစ်ဆေးနဲ့ဆက်စပ်တဲ့ မှုခင်းဖြစ်ပွားမှုနှုန်းကျဆင်းရေးအတွက် နိုင်ငံရဲ့တရားဝင်ဆေးခြောက်ရောင်းဝယ်ရေးကဏ္ဍကို ဗဟိုအစိုးရအဆင့် ကိုင်တွယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒီကိစ္စနှစ်ရပ်လုံးအတွက် အတိုက်အခံတွေရဲ့ ဖိအားပေး၊ ဝေဖန်ပုတ်ခံမှုကို လက်ရှိရင်ဆိုင်နေရပါတယ်။
ဒါပေမယ့် သမ္မကြီးအနေနဲ့ ဒီကိစ္စအတွက် ပူပန်နေလိမ့်မယ်မထင်ပါဘူး။ ၂၀၁၄ ရွေးကောက်ပွဲ ရှူံးခဲ့ရင်လည်း သက်တောင့်သက်သာရှိတဲ့ လယ်သမားဘဝကို ပြန်သွားမှာပါ။

"ခင်ဗျားကတော့ ကျွန်တော့်ကို သူများနဲ့မတူတဲ့ ခပ်ကြောင်ကြောင်အဘိုးကြီးလို့ သတ်မှတ်ချင် သတ်မှတ်လိမ့်မယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ ဒါ ကျွန်တော့်လွတ်လပ်ခွင့်လေ ... "လို့ BBC နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ 


 
Reference
http://en.wikipedia.org/wiki/Jos%C3%A9_Mujica
http://en.wikipedia.org/wiki/Unconventional_warfare
http://en.wikipedia.org/wiki/Luc%C3%ADa_Topolansky
http://www.dailymail.co.uk/news/article-2234003/Jose-Mujica-Uruguayan-President-lives-ramshackle-farm-gives-90-earnings-away.html?ITO=1490&ns_mchannel=rss&ns_campaign=1490
The Sunday times (November 18, 2012, Page-18)

ကျေးဇူးတင်စွာဖြင့်
   လွယ်အိတ်
(၁၉.နိုဝင်ဘာ.၁၂)



No comments:

Post a Comment