5/6/12

ကျွန်တော်တက္ကသိုလ်ကျောင်းသား (၂)

ကျွန်တော်တို့ တစ်တန်းတုန်းက (တက္ကသိုလ် ပထမနှစ်ကို တစ်တန်း၊ ဒုတိယနှစ်ကို ၂ တန်း၊ နောက်ဆုံးနှစ်ကိုတော့ Final year လို့ခေါ်ပါတယ်) မြန်မာစာမှာ သိကြားမင်းဦးမာဃအကြောင်းကို ဇာတကအနေနဲ့ သင်ရတယ်။ ခေါင်းစဉ်တော့မေ့သွားပြီ။ ရည်ရွယ်ချက်ကတော့ သူများအကျိုးဆောင်တဲ့ မာဃဆိုတဲ့ကျေးတောသားကို ဘုရင်ကဆင်နဲ့နင်းသတ်တာတောင် သစ္စာတရားကြောင့် ဆင်ကမနင်းရဲဘူးဆိုတဲ့ ပရဟိတ concept လေးထည့်ပေးချင်တာပါ။ ဆရာမက ဒီ concept ကို သဘောကျလို့ထင်တယ် Tutorial မှာထည့်မေးတယ်။ ကံဆိုးချင်တော့ ကျွန်တော့်သူငယ်ချင်း မြင်းခြံသားညီညီက အဲဒီ့စကားပြေကိုမကျက်ထားဘူး။ ဒါနဲ့ ဘေးခုံက စာကလေးလို့ခေါ်တဲ့ လင်းနိုင်ဝင်းဆီက ကူးချတယ်။ သူငယ်ချင်းအချင်းချင်းဆိုတော့ စာကလေးကလည်းပြရှာပါတယ်။ ဒါပေမယ့် တယောက်တခုံစီ ဖြေရတာဆိုတော့ တဖက်ကလူကဘယ်လောက်ပဲပြပြ ဒီဖက်ကသဲသဲကွဲကွဲတော့မြင်ရဖို့မလွယ်ဘူး။ စကားပြေက "ရှေးအခါက မာစလ မည်သောရွာ (ရွာနာမည်တော့ သေချာမမှတ်မိတော့ဘူး။ အဲလိုမျိုး နာမည်ပဲ) ၌ မာဃ မည်သောသတို့သား တစ်ယောက်ရှိသည်။ " ဆိုပြီးစတယ်။ ဒါကို ကိုယ့်လူက မမြင်မစမ်းနဲ့ "ရှေးအခါက မဆလာမည်သောရွာ၌ မာလာမည်သော သတို့သားတစ်ယောက်ရှိလေသည်" ဆိုပြီး ဆော်ထည့်လိုက်ရော။ ဒီကောင်နဲ့တွေ့မှ သိကြားမင်းအလောင်းလျာလည်း မဆလာရောင်းတဲ့ "ဂျော်ဒကီး" ဘဝရောက်တော့တယ်။  Tutorial result တွေထွက်တော့ ဆရာမက Theatre ရှေ့ကနေ ဖတ်ပြတာ။ ဘာပြောကောင်းမလဲ တခန်းလုံးဝိုင်းဟားကြတာပေါ့။ ဒီကောင်က ဘာဟုတ်သေးလို့တုန်း။ သူ့ထက်စွမ်းတဲ့ လူစွမ်းကောင်းတွေလည်း ရှိသေးတယ်။ ကျွန်တော်နဲ့ ခုံနံပါတ်ကပ်ရပ် တစ်ယောက်ရှိတယ်။ ကိုယ့်ဆရာက အင်္ကျီအဖြူ လည်ကတုံး၊ ကချင်ပုဆိုး၊ ကချင်လွယ်အိတ်နဲ့ကျောင်းတက်တာ။ အမြဲတမ်းခပ်အေးအေးနေတတ်တဲ့ စာဂျပိုးရုပ်နဲ့မို့လို့ ကျွန်တော်တို့က ဒီကောင့်ကို "ကျင့်စဉ်" လို့ခေါ်တယ်။ ဂမ္ဘီရ သမားလိုလို ဘာလိုလိုပေါ့။ အနှီပုဂ္ဂိုလ်လည်း မြန်မာစာ Tutorial မှာ ကလောင်စွမ်းဝင်ပြသွားသေးတယ်။ သူကျတော့ ..

ကျွန်တော်တို့ မြန်မာစာသင်ရိုးညွှန်းတမ်းထဲမှာ ဆရာဇော်ဂျီရေးတဲ့ "စာအုပ်စင်နှင့် ကျွန်တော်" ဆိုတဲ့ စကားပြေပါတယ်။ ဆရာဇော်ဂျီက သူငယ်ငယ်တုန်းက စာဖတ်ပျင်းလွန်းလို့ စာအုပ်စင်တွေ့ရင်ထွက်ပါပြေးတယ်လို့ လွန်လွန်ကြူးကြူး ဖွဲ့နွဲ့ရေးပြထားတာ။ ခေတ်လူငယ်တွေကို စာဖတ်မပျင်းဖို့ လှုံ့ဆော်ထားတဲ့ စကားပြေပါ။ ဒါကို ဆရာကျင့်စဉ်က လက်ဆော့ပြီး "ဆရာဇော်ဂျီသည် စာအုပ်စင်တွေ့လျှင် လှည့်ကာပြေးတော့သည်။ ပြေးသည်မှ ရိုးရိုးပြေးခြင်းမဟုတ်၊ ဒဂလောက် ဒဂလောက်ဟုအော်ကာ တံမြက်စည်းကိုခွလျက် မြင်းပြေးပြေးခြင်းဖြစ်သည်။" ဆိုပြီးရေးထည့်လိုက်ရော။ မည်သံဆွဲအလင်္ကာတွေ ဘာတွေပါထည့်ပြီး အတည်ပေါက်ကိုရေးထားတာ။ ဘယ်လောက်ပီပြင်သလဲဆို မျက်စိထဲမှာ ဆရာဇော်ဂျီငယ်ငယ်က ဘောင်းဘီတိုဝတ်ပြီး စာအုပ်စင်နားကဖြတ်တိုင်း တံမြတ်စည်းကို မြင်းလုပ်ပြီး အသားကုန်ပြေးတော့တာကို ကွက်ကွက်ကွင်းကွင်းကိုမြင်ရတယ်။ ဆရာမခင်မျာ စိတ်တောင်မဆိုးနိုင်ရှာဘူး။ သူ့အဖြေစာရွက်ကိုင်ပြီး ရီပဲရီနေတော့တာ။ အဲဂလိုကောင်တွေပါဆို။ လူကြည့်တော့ စာဂျပိုး၊ လုပ်ထည့်လိုက်ရင်တော့ တလွဲ။

ယောက်ျားလေးတက္ကသိုလ်မို့လို့လားတော့ မသိဘူး၊ ပေါက်ကရလုပ်ရမယ်ဆို တော်တော့်ကို အထုံဝါသနာပါကြတယ်။ ရုပ်တွေကတော့ အတည်ပဲ။ သူငယ်ချင်းတစ်ယောက်ရှိသေးတယ်။ ကျောက်ဆည်သား ဇော်ဇော်အောင်။ ဒီကောင့်ကို ကျောင်းမှာ မမြင်ဖူးဘူး။ ပထမနှစ် midterm စာမေးပွဲရှိလို့ အိမ်နားကသူငယ်ချင်းတစ်ယောက်ဆီ ညဖက်စာသွားကျက်တော့မှ မြင်ဖူးတာ။ ကျွန်တော်နဲ့ အိမ်ရှင်သူငယ်ချင်းက စာကျက်ကြတော့ ကိုယ့်ဆရာက အေးဆေးပဲ။ သူနဲ့မဆိုင်သလိုပဲ။ တနေ့စာ တနေ့ မှန်မှန်လုပ်ထားတဲ့လူက စာမေးပွဲနီးရင် ဒီလိုပဲ ခပ်အေးအေးဖြစ်နေတတ်တယ် မဟုတ်လား။ ဆယ်တန်းအထိ ကိုယ်လည်း ဒီလိုပဲဟာ။ တက္ကသိုလ်ရောက်မှ စာမှန်မှန်မကျက်တဲ့အကျိုးတွေနဲ့ ခေါင်းမီးတောက်နေရတာ မဟုတ်လား။ ကိုယ်ကသာ ပြာတောက်နေတာ ည၁၀နာရီလောက်ကျတော့ ကိုယ့်ဆရာက စောင်ခေါင်းမြှီးခြုံပြီး အိပ်ပါလေရော။ "ဟေ့ရောင်၊ အိပ်ပြီလား။ စာတွေကပိုင်နေပြီပေါ့" ဆိုတော့ "အေးဆေးပါ" တဲ့။ ကျွန်တော့်မှာ အားတွေကျလို့။ ကိုယ်တွေကတော့ ဘယ်အိပ်နိုင်ဦးမလဲ။ စာတွေကို ခေါင်းထဲရသလောက် ထိုးထည့်နေရသေးတာကိုး။ နောက်နေ့ စာမေးပွဲဖြေပြီးတာ့ "ဟေ့ရောင်၊ အခြေအနေ ဘယ်လိုလဲ" ဆိုတော့ ကိုယ့်ဆရာက အေးဆေးပဲပြန်ဖြေတယ်။ လေအေးလေးနဲ့ "နိုး" ဆိုပဲ။ ပြတ်တယ်။ တစ်လုံးပဲ။ စာတော်တဲ့ကျောင်းသားတွေက ဒီလိုပဲလျှိုတတ်ကြဆိုတော့ ဒီကောင်လျှိုတယ်ပဲ ထင်တာပေါ့။ ခုမှရင်းနှီးကြတာဆိုတော့ ဘယ်သိဦးမလဲ။ လား..လား .. .အောင်စာရင်းထွက်လာတော့မှ တကယ်ဗျား။ ကျတာမှ တန်းနေတာပဲ။ အဲလောက် သွေးအေးတာ။ ကိုယ့်မှာတော့ အထင်တွေကြီးလို့။

ဒုတိယနှစ်ရောက်တော့ Engineering Mechanic နဲ့ စတိုးတော့တာပဲ။ ကျောင်းမှာ ဆရာမ ဒေါ်မြင့်မြင့်ခိုင်က အားကြိုးမာန်တက် ကြိုးစားရှင်းပြပေမယ့် အတန်းပုံမှန်မတက်တဲ့ ငမိုက်သားကျွန်တော်မျိုးတို့တသိုက်မှာတော့ Force တွေ၊ Moment တွေနဲ့ အတူတူလိုက်ပြီး လည်နေတော့တာပဲ။ ဂလိုတော့မဖြစ်ချေဘူးဆိုပြီး မောင်ထော်လေးလမ်းမှာနေတဲ့ သူငယ်ချင်းတယောက် အိမ်မှာလူစုပြီး ကျူရှင်တက်ကြတယ်။ ပုခုံးဖက်ပေါင်းနေတဲ့သူငယ်ချင်းတွေစုပြီးတက်ကြတာဆိုတော့ ကျူရှင်မှာကျောင်းသားထုရဲ့တဝက်ကျော်ကျော်ကို ကျွန်တော်တို့အုပ်စုကပိုင်ဆိုင်ထားတယ်လေ။ ကျူရှင်မတက်ချင်တဲ့နေ့ဆို အိမ်အောက်လှေကားမှာ စုထိုင်ပြီးလာသမျှကျောင်းသားကို ဆရာနေမကောင်းလို့ မလာနိုင်ဘူးချည်းပြောလွှတ်တာ။ လာတဲ့ကောင်တွေကလည်း ဒါမျိုးဆိုသိပ်ယုံချင်တာ။ ဘယ်သူမှ နှစ်ခေါက်မပြောရဘူး။ ပြန်တာပဲ။ ရေကျော်က သန်းဌေးတို့ပေါ့။ ပြီးရင်ကျွန်တော်တို့အုပ်စုလည်း သုတ်တော့တာပဲ။ ဝေးဝေးလံလံမဟုတ်ပါဘူး၊ မောင်ထော်လေးလမ်းအောက်လမ်းဆင်းပြီး လဖ္ဘက်ရည်ဆိုင် ထိုင်ကြတာများပါတယ်။ တခါတလေဆို အပြန်လမ်းမှာဆရာနဲ့တိုးလို့ ကားတွေနောက်မှာ ပုန်းနေရသေးတယ်။ ပညာလိုလားတာများပြောပါတယ်။ ဆရာကိုတော့ အိမ်ရှင်သူငယ်ချင်းက ကြည့်ကျက်ရွှီးတာပေါ့။ သူလည်းကိုယ့်ဘက်တော်သားပဲဟာ။ ဒါတောင် ဆရာကိုင်တဲ့ ရေကြောင်းဝိုင်း ၃ ဝိုင်းမှာ ကျွန်တော်တို့က စာအပြီးဆုံး  ဝိုင်းဆိုပဲ။ ကျန်တဲ့ဝိုင်းကကောင်တွေ ဘယ်လောက်တောင် လစ်ကြလဲတော့မသိဘူး။

ဆရာက ပညာပိုင်းနဲ့ပတ်သက်လို့ တော့်တော့်ကိုတော်ပါတယ်။ စာသင်ရင်စိတ်လည်းရှည်တယ်။ နားမလည်ရင်လည်း၊ လည်အောင်ကိုရှင်းပြပါတယ်။ ဆရာရှင်းပြရင် တခေါက်တည်းနဲ့ နားလည်သွားတာက များပါတယ်။ ဒါပေမယ့်သိတယ်မဟုတ်လား။ ကျွန်တော်တို့ဖက်မှာ ထိပ်သီးလူစွမ်းကောင်း တစ်ယောက်ရှိတယ်။ ဆယ်တန်းကို ၅ ဘာသာ ဂုဏ်ထူးနဲ့အောင်ပြီး၊ ကျောင်းကို ခုံနံပါတ် ၁၄ နဲ့ဝင်လာတာ။ ပေါ့သေးသေးမှတ်လို့။ လူကောင်ကသေးသေး၊ မျက်နှာကပြုံးစိစိနဲ့၊ ဒီကြားထဲ ကွမ်းစားထားလို့ သွားနီတစုံလည်းပိုင်ဆိုင်ထားသေး။ သူ့ရဲ့အားသာချက်ကတော့ အင်မတန်စေ့စပ်သေချာပြီး၊ အင်မတန် ဗဟုသုတစုံလင်တာပါ။ ဗဟုသုတကစုံတော့ နေရာတိုင်းမှာလူ ဝင်ဆံ့တယ်လေ (မှတ်ချက် ။ ကိုယ်ခန္ဓာသေးလို့ လူတွေထဲ ဝင်ဆံ့၊ လူတောဝင်တိုးနိုင်တာကို ပြောတာမဟုတ်ပါ။) ဒါကိုမနာလိုတဲ့ ကျွန်တော့်လိုသူငယ်ချင်းတွေကစုပြီး နာမည်ပေးထားတယ်။ "ငရှူ" တဲ့။  ဘယ်လောက်လှတဲ့ နာမည်လဲ၊ နော့။ ဒီကောင့်အကြောင်းကိုတော့ နောက်မှ သတ်သတ်ထပ်ရေးပါ့မယ်။ ဘာလို့လဲဆိုတော့ သူ့အကြောင်းတွေရေးရင် စွယ်စုံကျမ်းလောက်ကို ထွက်တယ်။ နီကိုရဲလွဲတာလောက်တော့ ကိုဖြိုးတို့က အိမ်မှာနေရင်း အပျင်းပြေလွဲနေသလောက် ရှိတာကိုး။ ဂလိုအရည်အချင်းတွေပိုင်ဆိုင်ထားတဲ့ ကျွန်တော့်သူငယ်ချင်းက ဆရာပုစ္ဆာတစ်ပုဒ်ရှင်းပြပြီးရင် ဆရာနဲ့ဆွေးနွေးခန်းဝင်တယ်။ တခါတလေ ဆရာနဲ့အပြိုင်ငြင်းတယ်။ အားလုံးပြီးသွားရင် အစကပြန်စငြင်းတယ်။ ဒီကောင်နားလည်လောက်ပြီဆိုတဲ့အချိန်ကျရင် တွတ်ပီဆိုတဲ့နောက်တယောက်က ဝင်ငြင်းပြန်ရော။ ဆရာလည်း ဝဋ်ကြီးရှာတယ်။ တခါတခါ ငြင်းကြ၊ ခုံကြ၊ ဆွေးနွေးကြရင် ရုပ်ပြကာတွန်းတအုပ်စာလောက်ကြာတယ်။ ဘာလို့သိတာလဲ.. ဟုတ်လား။ သိတာပေါ့ဗျာ။ ဆရာနဲ့ ဒီကောင်ဆွေးနွေးခန်းဝင်ပြီဆိုတာနဲ့ ကျွန်တော်က အိမ်ရှင်အိမ်က ရုပ်ပြကာတွန်းတွေ ယူဖတ်နေတာကိုး။ အဲလိုအဖတ်ကောင်းလို့ တခါတတော့ အိမ်ရှင်သူငယ်ချင်းနဲ့ စကားများသေးတယ်။ အဖြစ်ကဒီလိုဗျ။

တနေ့ ကျွန်တော်ယူဖတ်လိုက်တဲ့ စာအုပ်က မင်းသိင်္ခစာအုပ်ဗျ။ ကျွန်တော် မင်းသိင်္ခစာအုပ်ဖတ်နေတာတွေ့တော့ အိမ်ရှင်သူငယ်ချင်းက မင်းသိင်္ခအကြောင်းကို ချီးမွမ်းခန်းဖွင့်ပါလေရော။ အမှန်က ကျွန်တော်လည်း မင်းသိင်္ခ ခရေဇီပါ။ ထွက်သမျှစာအုပ်တွေ ဒိုင်ခံကိုဖတ်တာ။ ပုဂ္ဂိုလ်ရေးအရလည်း တော်တော်လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက နည်းနည်းပိုတယ်။ မင်းသိင်္ခကို "ဆရာခ"၊ "ဆရာခ" နဲ့အဖြစ်သည်းနေတော့ ကျွန်တော်လည်းအမြင်ကတ်ကတ်နဲ့ မင်းပြောတဲ့ "ခခ" က တယ်တော်တာပဲနော်" လို့ ရွဲ့ထည့်လိုက်တယ်။ အဲဒီမှာ ကိုယ့်ဆရာလည်းပေါက်ကွဲတော့တာပဲ။ "မင်းငါ့ကိုပြောချင်တာပြော၊ ဆရာခ ကိုမစော်ကားနဲ့" ဆိုပြီးဖြစ်လာပါလေရော။ ကျွန်တော်လား။ အရူးကွက်နင်းပြီး လေပြေပြန်ထိုးရတာပေါ့။ နို့မို့ဆို အိမ်ပေါ်က ကန်ချခံရမှာကိုး။ 

မှတ်မှတ်ရရ အဲဒီ့နေ့က IC unplugged (one) VCD ထွက်တယ်။ ကျူရှင်ကအဆင်း VCD ဝယ်သွားပြီး အိမ်မှာအထပ်ထပ်ပြန်ကြည့်တာ father ကြီးတောင် လေးဖြူသီချင်းအလွတ် ရသွားတယ်။ အဲဒီ့ညက ကျွန်တော့်ဘဝမှာ အမှတ်ရစရာ အစိတ်အပိုင်းလေးတစ်ခု ထပ်တိုးပါတယ်။




ကျေးဇူးတင်စွာဖြင့်
   လွယ်အိတ်
(၆.မေလ.၂၀၁၂)



2 comments:

  1. ဟေ့ကောင် ကွန်ပြူတာ တက္ကသိုလ်မှာ ဖဲရိုက်တာတို့။ နွေသီတာ မှာ ဖဲရိုက်တာတို့ လုပ်အုံးလေ။ နို့မို့ဆို ငါမပါဘဲ နေအုံးမယ်။

    လခွီး ဘယ်တော့ပါမယ် ပါမယ် နဲ့ စောင့်နေတာ၊ နောက်တခန်း မပါရရင် မ က တော့ဘူး ဘုံထမ်းပြန်တော့မယ်။

    ReplyDelete
  2. ဟုတ်လား... ဆင်းရမယ့် ဘူတာကျော်လာပြီထင်တယ်။
    မပူနဲ့သယ်ရင်း .... မင်းအတွက် champion league ညတွေ ချန်ထားတယ်... :D

    ReplyDelete