9/28/12

Is China an emerging trade Bully?



The Straits Times သတင်းစာမှ စာရေးဆရာ Peh Shing Huei ၏ ဆောင်းပါးအား ဘာသာပြန်ဖေါ်ပြပါသည်။

လောလောလတ်လတ်ဖြစ်ပွားနေတဲ့ တရုတ်-ဂျပန် ကျွန်းလုပွဲတွေလို ပြဿနာမျိုးပေါ်လာတိုင်း အမေရိကန်ခေတ်လွန်စီးပွားရေးအင်ပါယာနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံဟာ သူ့ရဲ့ငြင်းခုံဖက်နိုင်ငံတွေကို သူ့သဘောနဲ့သူ စီးပွားရေးဒဏ်ခတ်မှုတွေ လုပ်ပြီးအနိုင်ကျင့်လေ့ရှိပါတယ်။

အနီးစပ်ဆုံးအဖြစ်အပျက်တွေကတော့ ဖိလစ်ပိုင်နိုင်ငံကတင်ပို့တဲ့ ငှက်ပျောသီးအပါအဝင် အသီးအနှံတွေနဲ့ နော်ဝေးနိုင်ငံရဲ့ပို့ကုန်ဖြစ်တဲ့ ဆော်လမွန်သီး (ပန်းလိမ္မော်သီး) တွေကို တရုတ်နိုင်ငံအတွင်း တင်သွင်းခွင့်ပိတ်ခဲ့တာပဲ။

ခုလို နိုင်ငံ့ရေပိုင်နက်အငြင်းပွားမှုကိုအခြေပြုတဲ့ပြဿနာကို အခြေပြုပြီး ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုရဲ့ အငြိုးကြီးကြီး လက်သံပြောင်ပြောင်ရိုက်လိုက်တဲ့ ရိုက်ချက်တွေဟာ တဖက်အငြင်းပွားဖက် ဂျပန်နိုင်ငံအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တွေ ဖြစ်လာလေမလားလို့  လေ့လာကြည့်ပါရအောင်။

ပထမဆုံးသတိပြုမိရမှာကတော့ စီးပွားရေးကုန်သွယ်မှုကို လက်နက်အဖြစ်အသုံးချနေတဲ့ ဘေကျင်းအစိုးရဟာ နိုင်ငံတကာပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ အခြေခံအကျဆုံး အထိရောက်ဆုံး ဖြေရှင်းနည်းတွေထက် ပြဿနာတစ်ခုရဲ့ ခေါင်းကြီးပိုင်း အကိုင်အတွယ်ရ အခက်ဆုံးနေရာကနေ ကိုင်တွယ်ဖြေရှင်းနည်းကို ပိုအားသန်တတ်ပါတယ်။ အစာကုန်တော့မယ့် မီးတောက်တခုလိုမျိုး သွေးပူနေတဲ့ပြဿနာတစ်ရပ်ကို လူထုအာရုံစူးစိုက်မှု ကျလာချိန်မှာတော့ ဘေကျင်းခေါင်းဆောင်ပိုင်းရဲ့ အာရုံစူးစိုက်မှုဟာလည်း လူထုနဲ့အတူ တခြားပြဿနာတစ်ခုဆီ အာရုံပြောင်းသွားတတ်ပြီး မူလအငြင်းပွားရာနိုင်ငံကို စီးပွားရေး၊ နိုင်ငံရေးအရ ပိတ်ဆို့ခြင်း၊ သပိတ်မှောက်ခြင်းတို့နဲ့ အဆုံးသတ်လေ့ရှိပါတယ်။

၂၀၁၁, ဧပြီ၊ တောင်တရုတ်ပင်လယ်အတွင်း ကျွန်းစုများပိုင်ဆိုင်မှုအရေးအတွက် ဖိလစ်ပိုင်နိုင်ငံနဲ့အငြင်းပွားစဉ်က အလားတူ စီးပွားရေးပိတ်ဆို့မှုများ ပြလုပ်ခဲ့ပါတယ်။ အငြင်းပွားမှုဖြစ်နေစဉ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယအများဆုံး လယ်ထွက်ပို့ကုန်ဖြစ်တဲ့ ဖိလစ်ပိုင်ငှက်ပျောသီးတွေ တရုတ်ပြည်အတွင်းတင်ပို့မှုကို တရုတ်အစိုးရက ပိုးမွှားများတွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တင်သွင်းမှုပိတ်ပင်လိုက်ပါတယ်။ ငှက်ပျောသီးတင်မကပဲ ဖိလစ်ပိုင်နိုင်ငံကတင်သွားလာတဲ့ အခြားအသီးအနှံတွေဖြစ်တဲ့ သင်္ဘောသီး၊ အုံးသီး၊ သရက်သီး စတာတွေကို ရောဂါပိုးရှာဖွေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြန့်ဖြူးချိန်ကြာမြင့်အောင် အချိန်ဆွဲထားပါသေးတယ်။ 

အလားတူနှစ်မှာပဲ တရုတ်လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဖုန်းကို နော်ဝေးနိုင်ငံက နိုဗယ်ဆုပေးအပ်တာကို တုံ့ပြန်တဲ့အနေနဲ့ နော်ဝေးနိုင်ငံက အများအပြားတင်သွင်းမှုလုပ်နေတဲ့ ဆော်လမွန်သီး (ပန်းလိမ္မော်သီး) တွေကို တင်သွင်းခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒီ့အပြင် နော်ဝေးနိုင်ငံနဲ့ဆွေးနွေးမှုပြုလုပ်နေတဲ့ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်တွေကိုလည်း တရုတ်နိုင်ငံဘက်က အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။ တရုတ်ပြည်တွင်းသတင်းတွေကလည်း “အနေအထိုင်မတတ်သောနော်ဝေးတို့အား တရုတ်အစိုးရက ဒဏ်ပေးခြင်း”စသဖြင့် အခြားသော အလားတူသတင်းမျိုးတွေနဲ့ ဝါဒဖြန့်လိုက်ပါသေးတယ်။ ဒီလိုသတင်းမျိုးတွေနဲ့ တရုတ်ပြည်သူတွေရဲ့ လူမျိုးရေး လှုပ်ရှားမှုတွေကို တရုတ်ကွန်မြူနစ်ပါတီက မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့ပါတယ်။

ဒီနှစ် ၂၀၁၂မှာတော့ ဒေါသကြီးနေတဲ့ တရုတ်အင်ပါယာကြီးရဲ့ မျက်စိစပါးမွှေးဆူးစရာကတော့ ဘေဂျင်းအစိုးရရဲ့ စီးပွားဖက်ဖြစ်တဲ့ ဂျပန်နိုင်ငံဖြစ်လာခဲ့ပါတယ်။  ဂျပန်နိုင်ငံရဲ့ထိန်းကွပ်အောက်မှာရှိနေခဲ့တဲ့ ဂျပန်အခေါ် “ဆန်ကာကု”၊ တရုတ်အခေါ် “ဒိုင်အိုယု” ကျွန်းစုတွေကိုရောက်လာတဲ့ တရုတ်ငါးဖမ်းသင်္ဘောတစ်စီးကို ဂျပန်ရေတပ်က ဖမ်းဆီးခဲ့တာကစပြီး တရုတ်အစိုးရက ဂျပန်နိုင်ငံအပေါ်ရေကြောင်းကုန်သွယ်မှုတားမြစ်ချက်တွေ ပိုမိုတင်းကျပ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အငြင်းပွားမှုတွေပိုမို ပြင်းထန်လာခဲ့ပြီး “ဂျပန်နိုင်ငံကို အနှစ် ၂၀ နောက်ကျကျန်နေမယ့် စီးပွားရေးဒဏ်ခတ်မှုတွေလုပ်မယ်”လို့ အာဏာရတရုတ်ကွန်မြူနစ်ပါတီက ဂျပန်နိုင်ငံအပေါ် လွန်ခဲ့တဲ့အပတ်က ရာဇသံပေးပို့ခဲ့ပါတယ်။ ဂျပန်နိုင်ငံသားတို့ရဲ့ တရုတ်ပြည်ဝင်ခွင့်ဗီဇာ ကြန့်ကြာ၊ပိတ်ပင်ခြင်း၊ ဂျပန်ပို့ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်း၊ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ကြမယ့် တရုတ်ခရီးသည်တွေရဲ့ လေယာဉ်ခရီးစဉ်များဖျက်သိမ်းခြင်းတို့ လုပ်လာပါတယ်။ ဒီလို စီးပွားရေးဒဏ်ပေးမှုတွေက ဂျပန်အစိုးရအပေါ်ဆိုးဆိုးရွားရွား အကျိုးသက်ရောက်စေသလား။

တကယ်တမ်းတော့ တရုတ်အစိုးရအနေနဲ့ အခြားနိုင်ငံတွေရဲ့ ပို့ကုန်တွေကို တားမြစ်ထိန်းချုပ်တဲ့ လက်နက်ကို ကိုင်ဆွဲထားပေမယ့် သူ့နိုင်ငံကိုယ်တိုင်ရဲ့ ပင်မစီးပွားရေးကိုယ်တိုင်က ပြည်ပပို့ကုန်အပေါ်ကို လုံးလုံးမှီခိုထားရတဲ့အတွက် တခြားတစ်နိုင်ငံနဲ့ အငြင်းပွားမှုတွေဖြစ်တိုင်း သူ့စီးပွားရေးကိုပါ ပြန်လည်ထိခိုက်နေရတဲ့ ဘေဂျင်းအစိုးရရဲ့စီးပွားရေး၊ နိုင်ငံရေး ရောထွေးထားတဲ့ သေနကဗျူဟာကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။ ဒီ့အပြင် ဒီနှစ်အတွင်းမှာ တရုတ်ပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးမှုဟာ မျှော်မှန်းထားသလောက်တက်မလာ တည်ငြိမ်မှုမရှိပဲ ရုန်းကန်နေရပြန်တယ်။ ဒီ့အပြင် ပြည်တွင်းက တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေက နိုင်ငံ့စီးပွားရေးအပြောင်းအလဲကိုပါ ဆက်နွယ်နေပါသေးတယ်။
တရုတ်နဲ့မတူပဲ ဂျပန်နိုင်ငံကတော့ တရုတ်ပြည်ရဲ့အကြီးဆုံးစီးပွားဖက်နိုင်ငံအဖြစ် ရပ်တည်နေပါသေးတယ်။ ဂျပန်ကုမ္ပဏီအများအပြားဟာလည်း တရုတ်ပြည်တွင်းမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ထားတဲ့ အဓိကအလုပ်အကိုင်ခန့်ထားပေးတဲ့ လုပ်ငန်းစုများအဖြစ်ရှိနေပါသေးတယ်။ ဒီ့အပြင် ပြီးခဲ့တဲ့နှစ် ပထမရှစ်လ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ဒီနှစ် ပထမရှစ်လ စီးပွားရေးဖွံ့ဖြိုးမှုဇယားကို နှိုင်းယှဉ်ကြည့်ရင် ဥရောပစီးပွားရေးဟာ ၄.၁ ရာခိုင်နှုန်း ဆုတ်ယုတ်နေပြီး အမေရိကန်စီးပွားရေးဟာ ၂.၉ ရာခိုင်နှုန်းကျဆင်းနေချိန်မှာ ဂျပန်နိုင်ငံစီးပွားရေးဟာ ၁၆.၂ ရာခိုင်နှုန်း တိုးတက်နေပါသေးတယ်။

ဂျပန်ရင်းနှီးမြှပ်နှံသူတွေဟာ ဒီအငြင်းပွားမှုတွေကြောင့်သာ တရုတ်ပြည်တွင်းကနေ ထွက်ခွာသွားခဲ့ရင် တရုတ်ပြည်စီးပွားရေးအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုပဲ လို့ စီးပွားရေးပညာရှင်များက သုံးသပ်ပါတယ်။

“စီးပွားရေးအမြင်အရကြည့်ရရင် စီးပွားရေးချို့တဲ့နေတဲ့ နိုင်ငံတွေနဲ့ အိမ်နီးချင်းဖြစ်ရတာ အပြင်ပန်းအရတော့ မော်ကြွားနိုင်ပေမယ့် တကယ်တမ်းတော့ အနှစ်သာရမဲ့တယ်ဆိုတာ တရုတ်အစိုးရကို သတိပေးစရာတောင်မလိုတဲ့ကိစ္စပါ။” လို့ The Straits Times သတင်းထောက် Peh Shing Huei ကဖော်ပြသွားပါတယ်။

     ဘာသာပြန်သူ
       လွယ်အိတ် 
(၂၇.စက်တင်ဘာ.၁၂)