7/30/11

ကျွန်တော်၊ တရုတ်ပြည်နှင့် ၄င်း၏အမှတ်တရများ (၁)

ဒီနေ့တော့ ကျွန်တော်နဲ့  ၂ နှစ်လောက်ဝေးကွာနေတဲ့ စိနအင်ပါယာကြီးကို ကုမ္ပဏီကလွှတ်ပြန်လို့ ဒုတိယမ္ပိ ရောက်ခဲ့ရပြန်ပါပြီပေါ့ဗျာ။ ရုံးချုပ်မှာကျွန်တော်တစ်ယောက် လျတ်ယားလျတ်ယားလုပ်နေတာကို အမြင်ကတ်တယ်နဲ့တူပါရဲ့ ကုမ္ပဏီကလူကြီးတွေက ကျွန်တော့်လို တရုတ်စကား နကန်းတလုံး နားမလည်တဲ့ အကောင်ကို တရုတ်ပြည်လိုနေရာမျိုးမှာ ၃ လ လောက် တစ်ယောက်တည်း ပြစ်ထားကျမလို့တဲ့။ ကျွန်တော်ကလည်းတရုတ်လိုမတတ်၊ သူတို့ကလည်း “A” ကို ပုတ်လောက်ရေးပြတောင်မသိနဲ့တွေ့ကြပြီပေါ့။ အဲ…ကျွန်တော်ကောင်းကောင်းသိတဲ့ စကားတစ်ခွန်းတော့ရှိတယ် “ဝေါ် အိုင်း နီ”ဗျ။ ကိုယ်တတ်တဲ့စကားသွားပြောလို့ကတော့  ပြည်ကြီးကဆေးရုံတွေမှာ ဘိုကင်ပါယူထားရမှာ။ ဟိုမှာက ဟောင်ကောင်ဂျက်မတွေ၊ တရုတ်ဂျက်မတွေကလည်း အပေါသားကလား။

        ဇူလိုင်၁၅ရက်မှာ… ကွမ်ကျိုးမြို့က “ဘေယန်း” လေဆိပ်ကိုရောက်ပါတယ်။ (ကွမ်ကျိုးဆိုတာ ယခင်က “ကန်တုံ” လို့ခေါ်တဲ့ တရုတ်-အင်္ဂလိပ် ဘိန်းစစ်ဖြစ်ခဲ့တဲ့မြို့ပေါ့။ ဟောင်ကောင်၊ မကာအိုတို့နဲ့ ၃နာရီလောက် ကားမောင်းရင်ရောက်တဲ့ အကွာအဝေးမှာရှိပြီး၊ ကွမ်းစီးပြည်နယ်ရဲ့မြို့တော်၊ တရုတ်ပြည်ရဲ့ တတိယအကြီးဆုံးမြို့၊ အရှေ့တောင်တရုတ်ရဲ့ကုန်စည်ကူးသန်းရာမြို့တော်ကြီး စတဲ့ဂုဏ်ဒြပ်တွေနဲ့ပြည့်စုံတဲ့မြို့ကြီးပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ နောက်ဆုံးမင်းဆက် ကုန်းဘောင်မင်းများစိုးစံတော်မူခဲ့တဲ့ ယခင်“အုတ်ကျစ်ကျော်အေး”၊ ယခု“အိရှန်ဂွမ်းမြို့တော်ကြီး” နဲ့လည်း တိုက်ရိုက်လေကြောင်းလိုင်းရှိသဗျ။ ဘိန်းစစ်ဘေး၊ ပလိပ်ရောဂါဘေး၊ ဒုတိယကမ္ဘာစစ်ဘေး စတဲ့ဒဏ်တွေကိုခါးစည်းခံခဲ့ရတုန်းက  ဘယ်လိုရှိမယ်တော့မသိဘူး၊ အခုတော့ တော်တော်ကြီး၊ ကြီးကျယ်ခမ်းနားတဲ့ BC200 လောက်ကတည်းက တည်ခဲ့တဲ့ “ရှေးဟောင်း၊ မော်ဒန်” မြို့သစ် ကြီးဖြစ်နေပါပြီ။ ကျွန်တော်တို့ ရန်ကုန်မြို့တော်ကြီးကရော…)

        ထားပါတော့ဗျာ။ တကယ်တမ်း ကျွန်တော်သွားရမှာက “ဂွေ့လင်” ဆိုတဲ့မြို့ပါ၊ ကွမ်ကျိုးကနေ ပြည်တွင်းလေကြောင်းလိုင်းတစ်ခုကို ပြောင်းစီးရဦးမှာ။ လေဆိပ်က ကြီးတော့ International Terminal ကနေ Domestic Terminal ကိုဘယ်လိုသွားရမှန်း မသိဘူးဖြစ်နေတယ်။ နောက်လေယဉ်ချိန်ကလည်း ကပ်ရပ်ဆိုတော့ လောရတယ်ဗျ။ တစ်ခုခုမှားသွားလို့ ဟိုဘက်မြို့က လာကြိုတဲ့လူနဲ့လွဲသွားရင် ကွိုင်ပတ်ပြီ။ ဒီတော့ ဘယ်သူ့ကို မေးစမ်းပြီးသွားရင်ရနိုင်မလဲ ဆိုတာကြံရတာပေါ့။ Immegration gate ကဝန်ထမ်းတွေဆို မဆိုးဘူး။ ဒီလူတွေက နေ့တဓူဝ Foreigner တွေနဲ့ ဆက်ဆံနေရတာ English လိုတော့လိပ်ပတ်လည်အောင် ပြောတတ်မှာပဲ။ ဘာရမလဲ ကျွန်တော်လူလည်ပဲဟာ၊ Immegration officer တွေထဲမှာ smart အကျဆုံးနဲ့၊ ပညာတတ်ပုံ အပေါက်ဆုံး လူထိုင်တဲ့ ကောင်တာမှာဝင်တန်းစီလိုက်တာပေါ့။ ကိုယ့်အလှည့်ရောက်တော့ သကောင့်သားက ပြုံးပြပြီးပြောတယ် “Sir, may I see your passport, please” တဲ့။ ပီလိုက်တဲ့ ဘိုသံဗျာ၊ ကိုယ့်အသံက ငပိသံပေါက်နေလို့ ရှက်တောင်ရှက်သွားတယ်။ ဒီဘဲအသံက တည်တယ်၊ ပြတ်တယ်၊ confident ရှိတဲ့ပုံပဲ။ရုပ်ရှင်ထဲက James Bond လိုလေသံမျိုး။ ဘာပဲပြောပြော..ကျွန်တော့် မှန်းချက်မှန်သွားပြီဗျ။ ဒီလူ့ကိုမေးရင်တော့ ကိုယ်သိချင်တဲ့ လမ်းလေးတော့ သူညွှန်ပြနိုင်မှာပဲလေ။ ဒါနဲ့ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဘိုသံပေါက်အောင် ထိန်းပြီးမေးကြည့်တယ် “How can I go to domestic terminal?” လို့။ အဲဒီမှာ စတွေ့တာပဲ။ သကောင့်သားက နေ့တဓူဝပြောနေကျ စကားတွေကိုပဲ ဘိုသံထွက်နေအောင် အလွတ်ကျက်ထားတာဗျ။ ကျွန်တော်လဲမေးလိုက်ရော အင်း၊အဲ နဲ့ လက်ညှိုးတွေထိုးတော့တာပဲ။ သူ့လက်ညှိုးလမ်းကြောင်းကိုက ရှုတ်ရှပ်ကိုခတ်နေတာ။ ဘေး၊ဘယ်၊အပေါ်၊အောက် စုံနေတာပဲ။ ဓါတ်လှေကားစီးသလို အတက်အကျတွေတောင်ပါလိုက်သေး။ သစ်စ..ဝေး၊ ယူ..ဂိုး.. တွေဘာတွေဖြစ်ကုန်ပြီ။ ခုနက ဂျိမ်းစ်ဘွန်း အသံပျောက်သွားပြီး Donald Duck လိုအသံမျိုးပြောင်းလာတယ်။ ရပြီ၊ ဂလောက်ဆို နားလည်ပြီ၊ သဘောပေါက်ပြီ။ ကျေးဇူးတင်ပါတယ်ပြောပြီး သုတ်ရတော့တာပေါ့။ ဟုတ်တယ်လေ။ သူ့လက်ညှိုးညွှန်တာသာ လိုက်နေရင် ကိုယ်စီးရမဲ့ လေယဉ်ပေါ်မရောက်ခင်၊ ယမမင်းနဲ့တောင် အရင်တွေ့သွားနိုင်တယ်။ အထုတ်ပိုက်ပြီးပြေးရတော့တာပေါ့။ ဟိုဘက် Terminal ကိုဘယ်လိုရောက်သွားလဲ ဟုတ်လား၊ ဒီလိုပဲပေါ့ဗျာ မြှားတွေပဲ ကြည့်ပြီးသွားရတာပေါ့။ မြှားအတိုင်းသာလိုက်သွား အန္တရယ်မရှိဘူးဆိုတာ ကိုယ့်ဆရာလည်းသိပြီးသားပဲ။

        ဇတ်လမ်းကမပြီးသေးဘူးဗျ။ “ဂွေ့လင်”လေဆိပ်ရောက်တော့ ဟိုဘက်အလုပ်က လူတစ်ယောက်လာကြိုတယ်။ အသက်ကကျွန်တော်နဲ့ မတိမ်းမယိမ်းလောက်ရှိပြီး သဘောကောင်းမဲ့ပုံပါပဲ။ သူကတက္ကသိုလ်ကျောင်းဆင်းဆိုတော့ ကြိုးစားပြီးပြောကြည့်လိုက်တော့ အဆင်ပြေပါတယ်။ နာမည်တွေဘာတွေ မိတ်ဆက်ပြီး သူကပြောတယ်…
       “I will bring you to Hospital” တဲ့..
       “ခင်ဗျာ” လို့တောင်ပါးစပ်ကယောင်ပြီးထွက်သွားတယ်။ ဟုတ်တယ်လေ။ လူက ခုမှလေယဉ်ပေါ်ကဆင်းလာတဲ့လူကို ဆေးရုံတန်းပို့မယ်ဆိုတော့ သူတို့ကြိုဆိုတာကြီးက တစ်မျိုးကြီးပဲ။ ကျွန်တော်ကလည်း ကျန်းမာရေးလည်းဒေါင်ဒေါင်မြည်ပါတယ်။ ဒီဘဲမျက်စိထဲမှာ ကျွန်တော့်ပုံက တော်တော်များချူချာနေသလားပေါ့ ကိုယ့်ကိုကိုယ်တောင်သံသယဝင်လာတယ်။ အရင်တစ်ခေါက်တုန်းကလည်း ဝက်တုတ်ကွေးဖြစ်နေချိန်နဲ့ကြုံလို့ နှာစီးနေတဲ့ကျွန်တော် လေဆိပ်ဆေးခန်းမှာ ၁ နာရီလောက်  ငုတ်တုတ်မေ့လိုက်ရသေးတယ်။ တစ်ခုခုတော့လွဲနေပြီ။
ဒါနဲ့    “Do you mean Hotel?” လို့မေးတော့
        “Yes, yes, hospital for you to stay” တဲ့
        “တိန်.....”
ပြီးတော့ ဆရာကဆက်ပြောတယ်…
        “Do you want potatoes (အာလူး)?”တဲ့။
သူပြောချင်တာက ကျွန်တော်အမှတ်တရဓါတ်ပုံရိုက်ဦးမလား(Photo)လို့ မေးတာပါ။ ကောင်းရော။
        “Thanks, I don’t want potatoes” ပေါ့ဗျာ။ ကျွန်တော် ရောမရောက်နေပြီပဲ….
ကားပေါ်တက် Phone ဖွင့်ပြီးနားကြပ်တပ်လိုက်တော့ ကိုငှက်ကြီးသီချင်းက နားထဲကိုအလိုက်သင့်လေး စီးမြောလာတယ်….“နည်းနည်းလေးတော့ လွဲနေတယ်….လွဲလွဲလေးလဲကောင်းပါတယ်….”
အင်း…ဒီပုံစံနဲ့ နောက်သုံးလ ဖြတ်သန်းရဦးမှာပါလား။ ဟင်း ……………….

စာကြွင်း….
ကျွန်တော်နဲ့ အလုပ်ထဲကတရုတ်လေးတို့ရဲ့ စကားအသုံးတွေကို ကိုယ့်ဆရာမှတ်သားနိုင်အောင် တင်ပေးလိုက်ပါတယ်။
လည်သလိုသာ ကြည့်သုံးကြပေါ့ဗျာ။
သူပြောတဲ့......
   Eraser        ဆိုတာ  Measuring Tape   လို့အဓိပ္ပါယ်ပြန်ရပါတယ်။
   Boots         ဆိုတာ  Boss                       လို့အဓိပ္ပါယ်ပြန်ရပါတယ်။
   Computer  ဆိုတာ  Shipyard                 လို့အဓိပ္ပါယ်ပြန်ရပါတယ်။
   Hospital     ဆိုတာ  Hotel                      လို့အဓိပ္ပါယ်ပြန်ရပါတယ်။
   Potatoes    ဆိုတာ  Photography           လို့အဓိပ္ပါယ်ပြန်ရပါတယ်။

"ဟာသအနေနဲ့ ရေးထားတာပါ။ ပေါ့ပေါ့ပါးပါးလေးပဲ ဖတ်သွားပေးပါ။"

ကျေးဇူးတင်စွာဖြင့်...
လွယ်အိတ်
(၃၀.ဇူလိုင်.၁၁)

No comments:

Post a Comment