9/6/11

တို့တိုင်းပြည်


ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ၊ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှို့းညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း.....။

ဆရာဇော်ဂျီ

2 comments:

  1. စာပေသမားစစ်တွေရဲ့ မြှော်တွေးနိုင်တဲ့စွမ်းအားက တကယ်ပြင်းထန်ပါပေတယ်။ လွတ်လပ်ရေးမရခင်ကရေးခဲ့တဲ့ ဆရာဇော်ဂျီကဗျာတွေက ဒီနေ့ထိတိုင်အောင် မှန်နေတုန်းပါလား။

    ReplyDelete
  2. အရမ်းကောင်တယ်ဗျာ
    ကျေးဇူးလဲအရမ်းတင်တယ်

    ရှေးကျတဲ့စာ
    ရှေးကျတဲ့စကာအများများ
    တိုးပွားမကုန် အဖုံဖုံ
    မင်းပြောမှသိ
    ပီတိဂွမ်းဆီ ထိ၏ မနော
    သောတအာရုံ ခံစားမကုန်
    ကျေးဇူးဂုဏ်
    ဖွဲဆိုမနိုင်းအပ် တကား------


    ကျေးဇူးတင်ပါတယ် အစ်ကို။

    ReplyDelete