9/25/11

ဖိုးမောင်လာပြီ (ဝတ္ထုတို)

ချမ်းအေးလှသော အညာဒေသ၏ မိုးညတစ်ညဖြစ်သည်။ သော်တာလမင်းသည် အေးမြသောအလင်းရောင်ကို အရပ်ရှစ်မျက်နှာတစ်ခွင်လုံးအားလွှမ်းခြုံထိန်ညှီးပေးထားသော်လည်း နေ့ဘက်ကရွာခဲ့သောမိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် မြူမှုန်တို့ဖြင့်ရစ်သိုင်းကာ မှိုင်းပြပြရှိနေလေ၏။
တနေ့တာပတ်လုံး လယ်ထဲ၌ ထွန်ယက်စိုက်ပျိုးနေခဲ့ရသော ရွာသူရွာသားတို့သည်လည်း ပင်ပန်းနွမ်းနယ်သမျှကို အိပ်စက်ခြင်းဖြင့်ဖြေဖြောက်နေသည်ရှိကြသဖြင့် သူတို့ရွာကလေးသည် တခါတရံမှပေါ်ထွက်လာသော ဇီးကွက်အော်သံ၊ သစ်ရွက်တို့ လေတိုးသဖြင့် လှုပ်ခတ်သံတို့မှလွဲလျှင် ပကတိတိတ်ဆိတ်စွာအိပ်မောကျနေလေသည်။
     “ဝုတ်…ဝုတ်…ဝုတ်”
     ဂုတ်ကျား၏ ကျယ်လောင်သော ဟောင်သံက ည၏ငြိမ်သက်မှုကို လှုပ်နှိုး၍သွားစေသည်။ အစာရှာနေသော ညဉ့်ငှက်အုပ်တို့လန့်ကာ “ဝုန်းကနဲ”ထပျံကြသည်။ လှုပ်လှုပ်ရှားရှားဖြစ်သွားသော အသံများကြောင့် ရွာစည်းရိုးအတွင်းဘက်ရှိ လင့်စင်ထက်၌ ငိုက်ကောင်းနေသော ကင်းသမားများနိုးနိုကြားကြားဖြစ်ကုန်သည်။ ရွာစည်းရိုးဟုဆိုသော်လည်း ကျွန်းပင်၊ ပျဉ်းကတိုး စသော အပင်ကြီးများကို အလုံးလိုက်ချောသတ်ပြီးမှစိုက်ထူထားသောကြောင့် အတော်အတန်ခိုင်ခံ့ယုံမျှမက မြင့်လည်းမြင့်မားလှပေသည်။ လင့်စင်ကိုကား စည်းရိုးအတွင်းဘက်မှကပ်လျက်ဆောက်ထားပြီး စည်းရိုးထက်မြင့်သောကြောင့် လင့်စင်ထက်မှ ရွာအဝင်တံခါးမကြီးနှင့်တကွ ရွာနီးအစပ်ပတ်ဝန်းကျင်များကိုပါ မြင်နိုင်လေသည်။ ကျေးရွာအတွင်းရှိကာလသားများကား ဤလင့်စင်ထက်၌ ရပ်ရွာလုံခြုံရေးအတွက် အလှည့်ကျစံနစ်ဖြင့် ကင်းစောင့်ရလေသည်။ အကြောင်းကြီးငယ်ရှိပါ ရွာသူရွာသားများစုဝေးနိုင်စေရန် ကြေးမောင်းကြီးတစ်ခုကိုလည်း လင့်စင်ထက်တွင် ချိတ်ဆွဲထား၏။ ထိုကဲ့သို့ စနစ်ကျသောအစီအမံများကြောင့်လည်း ဤရွာကလေးသည် ခိုးသား၊ဓါးပြဘေးမှ ကင်းလွတ်နေရသည်မဟုတ်ပါလား။
   “ဟေ့ကောင် နီတွတ်၊ ဂုတ်ကျားဟောင်သံကြားတယ် ထကြည့်စမ်း၊ မင်းကွာ တာဝန်ချိန်ခွဲထားရဲ့သားနဲ့ ကိုယ့်တာဝန်ချိန်မှာ အိပ်ပျော်နေရတယ်လို့။”
လန့်နိုးလာသောကာလသားခေါင်းညွန့်ဖေက အလှည့်ကျကင်းသမားနီတွတ်ကို လှမ်းကြိမ်းသည်။
   “မအိပ်ပါဘူး..ဟ။ .မှေးကနဲဖြစ်သွားတာပါ။ ဒီအချိန်ဆို ဖိုးမောင်ပြန်လာတာပဲနေမှာပေါ့..”ဟုရေရွတ်ယင်း နီတွတ်က ပြေလျော့နေသောလုံချည်စဆွဲကာ အိပ်မှုန်စုံဝါးဖြင့်ထရပ်သည်။ တိုင်တွင်ချိတ်ထားသော မီးတုတ်တစ်ချောင်းကိုဖြုတ်ကာ ရွာတံခါးကြီးဘက်သို့ကြည့်သည်။ ကြည့်ပင်ကြည့်ငြားသော်လည်း အိပ်ချင်စိတ်မပြေသေးသောမျက်လုံးများက ရောင်ပြန်ဟတ်နေသောမီးတောက်ကိုကျော်၍ အောက်ဘက်သို့ သဲသဲကွဲကွဲမမြင်ရချေ။
   “ဟေ့..အောက်ကဘယ်သူလည်းကွ..”
နီတွတ် …… လှမ်းအော်မေးသည်။
   “ဟေ့.. နီတွတ်လား…ကျုပ်.. ဖိုးမောင်ပါ။ ချောင်းထဲက ငါးထောင်ပြီးပြန်လာတာ”
   “အော်…အေး …ဟေ့ကောင်သံလုံး၊၊ ဖိုးမောင်ပြန်လာတာကွ၊ မလွယ်ပေါက်ဖွင့်ပေးလိုက်” ဟုအောက်ဘက်တံခါးမကြီးတွင်တာဝန်ကျသော သံလုံးကိုလှမ်းအော်ပြောလိုက်သည်။ ကျွီ..ကနဲ ပွင့်သွားသော မလွယ်ပေါက်တံခါးမှ ဖိုးမောင်လျှိဝင်လာသည်။ မလွယ်တံခါးကား တံခါးပေါက်ဟုဆိုသော်လည်း ပင်မရွာအဝင်တံခါးမကြီး၏ ဘေးဘက်မှ လူတစ်ကိုယ်ဝင်ဆံ့ရုံသာဖောက်ထားသောကြောင့် ခမောက်၊ ပစ်ကွန်၊ ပလိုင်းတို့ဖြင့် ငါးထောင်ပြီးပြန်လာသောဖိုးမောင်မှာ ကိုယ်တစောင်းအနေအထားကိုပင် ခါးကိုင်း၍ခဲရာခဲစစ် ဝင်ရလေသည်။
   “ဖိုးမောင်…မင်း..ဒီညပြန်လာတာ တယ်နောက်ကျပါလား။ ဟင်းစားရှာတာလဲ ရှာတာပေါ့။ သတိလေးဘာလေးလည်းထားဦး။ ခေတ်ကြီးက ကောင်းတာမဟုတ်ဘူးကွ။”
တံခါးဖွင့်ပေးသော သံလုံးကဖိုးမောင်ကို ခရီးရောက်မဆိုက်ဆီးကာဆူသည်။ ဒီရွာမှာမွေး၊ ဒီရွာမှာအတူကြီးပြင်းခဲ့ကြသော ဆိုးတူကောင်းဖက်သူငယ်ချင်းများဖြစ်သောကြောင့် တစ်ယောက်စိတ်ရင်းကို တစ်ယောက်ကောင်းကောင်းသိသည်။ မောမောနှင့်ပြန်လာသောသူအား နားပူအောင်လုပ်နေသည်ဟု ဖိုးမောင်မထင်ရက်ပါ။ သူ့အား ဘေးအန္တရာယ်ကင်းစေလိုသော ငယ်သူငယ်ချင်း၏ ဂရုဏာဒေါသကို ဖိုးမောင်အပြုံးဖြင့်တုန့်ပြန်ရမည်သာ။
   “အေးပါဟ…ခုတလော အမ(အမေ)က သိပ်မမာတော့ ယာဂုထဲကို ငါးလေးဘာလေးထည့်ပြုတ်ကျွေးရင် ခံတွင်းလိုက်တယ်ဆိုလို့ပါ။”
   “မင်းအတွက် စိုးရိမ်လို့ပါ။ အရင်လက ကိုရင်ခွေးပု ထင်းခွေသွားရင်း တောပုန်းတွေသေနတ်နဲ့လိုက်ပစ်လို့ပြေးရတာ မင်းအသိပဲမဟုတ်လား။”
   “ငါသိပါတယ် … ကနေ့မှ ချောင်းထဲလည်း ငါးတွေလွှတ်ပွက်တာကိုး။ နောက်နေ့တွေကျ စောစောပြန်တာပေါ့.. ဟုတ်ပြီလား။ ဒါနဲ့ မင့်အိမ်အတွက် ဟင်းစားယူသွားဦး။ ကနေ့မိတာတွေ အကုန်အကောင်ကြီးတွေချည်းပဲ။ မင့်တအိမ်စာတော့ ကောင်းကောင်းလောက်တယ်။”
ပြောပြောဆိုဆိုနှင့် ဖိုးမောင် ပလိုင်းထဲမှငါးတစ်ကောင်ထုတ်ကာ သံလုံးအားပေးသည်။
    “ဂုပ်ကျား… ကနေ့တော့မင်းနေ့ပဲဟေ့။ လာ..အိမ်လိုက်ခဲ့ကွာ။ အိမ်ရောက်မှ ငါးရံ့ခေါင်းနဲ့ ထမင်းနယ်ကျွေး..မကွ။”
သံလုံးနှင့် စကားပြောနေရင်းမှ နံဘေးတွင်ဝပ်နေသော ဂုပ်ကျားဘက်သို့လှည့်ကာ ပြောခြင်းဖြစ်သည်။ ဂုပ်ကျားကလည်း ဖိုးမောင်ပြောသည်ကို သဘောပေါက်သည့်အလား ဝပ်နေရမှ ခေါင်းထောင်လည်ဆံ့ကာ အမြှီးလှုပ်ပြသည်။ အမှန်ကား ဂုတ်ကျားကား ခွေးလေခွေးလွင့်တကောင်တည်း။ ဂုတ်ကျားဟူသောနာမည်မှာလည်း ကင်းသမားတို့ပေးထားသောကြောင့် တွင်နေခြင်းဖြစ်သည်။ ဖိုးမောင် ငါးရှာမှပြန်လာတိုင်း ဂုပ်ကျားအား အစာကျွေးမြဲဖြစ်သဖြင့် သံယောဇဉ်တွယ်ကာ ဖိုးမောင်ပြန်လာချိန်တိုင်း ဤနေရာမှလာရောက် ဆီးကြိုနှုတ်ဆက်နေလေသည်။ ထို့ကြောင့်ပင် ဤအချိန်မျိုးတွင် ရွာတံခါးမှခွေးဟောင်သံကြားပါက ဂုပ်ကျားဟောင်သံဖြစ်၍ “ဖိုးမောင်လာပြီ”ဟု ရွာမှလူများ ဆိုစမှတ်ပြုကြကုန်သည်။
    “အင်း..ငါသွားတော့မယ်။ မနက်ကျမှဆုံတာပေါ”့
    “သြော်…အေး…အေး”
စကားမဆုံးမီ လရောင်အောက်တွင် ခမောက်ဆောင်းလျက် ငါးပလိုင်းကိုစလွယ်သိုင်း၊ ပစ်ကွန်ကို လက်ယာဘက်ပုခုံးပေါ်တွင်လျှိလျက် ထွက်ခွာသွားသောဖိုးမောင်ကျောပြင်ကိုကြည့်ကာ ကိုရင်သံလုံး သက်ပျင်းရှည်ကြီးချမိသည်။ ဖိုးမောင်မှာ ဖခင်တိမ်းပါးသွားချိန်မှစ၍ မကျန်းမာသောမိခင်အိုကြီးကို တစ်ယောက်တည်း မငြိုမငြင်ပြုစုနေသူဖြစ်သည်။ ဖခင်မဆုံးမီကပင် ချစ်တီးထံပေါင်နှံခဲ့ရသော လယ်ယာများမှာလည်း ဖခင်တိမ်းပါးပြီးနောက် ချစ်တီးလက် ဝကွက်အပ်လိုက်ရသည့်အပြင် မကြေလည်သေးသော အတိုးများကို မိမိလယ်ကွက်၌ပင် သူရင်းဌားဝင်လုပ်ကာ လုပ်အားဖြင့်ပေးဆပ်နေရသေးသည်။ အလုပ်သိမ်း၍ အိမ်ပြန်လျှင်လည်း ထင်းခွဲ၊ရေခပ်သည်မှအစ အိမ်ဝေယျာဝစ္စများမှာလည်း ဖိုးမောင်၏တာဝန်တည်း။ အိမ်မှုကိစ္စများပြီးဆုံးချိန်တွင်တော့ ဖိုးမောင်တစ်ယောက် ပစ်ကွန်ကိုလွယ်ကာ ရွာအပြင်ဘက်ချောင်းရိုးတစ်လျောက် မြုံးထောင်၊ ငါးရှာ၊ ဖားရှာထွက်ရလေပြီ။ ယခင်အချိန်များကတော့ ဖိုးမောင်နှင့်အတူအခြားကာလသားများပါ ငါးရှာထွက်လေ့ရှိကြသော်လည်း ချောင်း၏တဖက်ကတောထဲတွင် မည်သို့ရောက်ရှိလာမှန်းမသိသော သေနတ်ကိုင်လူရမ်းကားတစ်စုလာရောက် စခန်းချသည်မှစ၍ ရွာသားများမသွားလာဝံ့တော့ချေ။ ဝက်၊ကျွဲ၊နွား ပေါ်မှ သား၊ငါးစားသုံးရသော ယင်းရွာကလေးသည် ဖိုးမောင်၏ကောင်းမှုကြောင့် လတ်လတ်ဆတ်ဆတ်ငါးဟင်း၊ ဖားဟင်းတို့ စားသုံးခွင့်ရကြလေသည်။ ထို့အတွက် ဖိုးမောင်ပြန်ရသော စေတနာအဖိုးအခများကား ဆန်၊ဆီ၊ဆားမှအစ အခြားသောမီးဖိုချောင်သုံးပစ္စည်းများတည်း။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖေးမကူညီပေးတတ်သော ဤရွာကလေးတွင် ဖိုးမောင်သည်လည်း တတပ်တအားဝင်ရောက်ဖြည့်ဆည်းပေးလျက်ရှိနေသည်. မဟုတ်ပါလား။


ချမ်းအေးလှသော အလားတူညတစ်ညဖြစ်သည်။ အုံ့မှိုင်းနေသောမြူမှုန်များကြားတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အေးမြငြိမ်သက်နေ၏။ ပုစင်းရင်ကွဲတို့၏အော်မြည်သံ၊ ဇီးကွက်ဟောက်သံ၊ အိမ်မြှေင်စုပ်ထိုးသံတို့ကိုလည်း ဟိုမှ၊ဒီမှကြားနေရ၏။
“ဝုတ်..ဝုတ်…ဝုတ်”
ရုတ်တရက် ထိုးဟောင်လိုက်သော ဂုပ်ကျားဟောင်သံက ရွာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဟော… ဖိုးမောင်ပြန်လာပြီ။
လင့်စင်ထက်က ကင်းသမားက ထုံးစံအတိုင်း မီးတုတ်ဆွဲကာ ရွာတံခါးဘက်လှမ်းကြည့်သည်။ ရွာတံခါးဝတွင် လူတစ်ဦး တွေတွေကြီးရပ်နေသည်ကိုတွေ့ရသည်။ ဘယ်သူလဲ။ ဘာလို့ရပ်နေရတာလဲ။ ဟင်..ဖိုးမောင် ပါလား။ ဟုတ်ပ….။ သူ့ပုံစံအတိုင်း ခမောက်ဆောင်းလျက် ပလိုင်းလွယ်ကာ ရွာတံခါးဝတွင် ရပ်ကာတံခါးမကြီးအား တွေဝေပြီးမော့ကြည့်နေခြင်းဖြစ်သည်။ နေပါဦး… ထူးဆန်းလိုက်တာ။ အရင်တုန်းကလိုမျိုး တံခါးဖွင့်ပေးပါလို့ ဘာကြောင့်များမဆိုရတာတုန်း။ စက္ကန့်ပိုင်းအတွင်း စီးဆင်းသွားသောမေးခွန်းများကို အဖြေရှာရန် ကင်းသမားကလှမ်းအော်သည်။
   "ဟေ့..တံခါးဝက.. ဘယ်သူလဲဟေ့"
ကင်းစောင့်သမား၏ အမေးကား တံခါးဝတွင်ရပ်နေသူ၏ စိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်ကာ ပြန်လည်၍ဟစ်အော်လေသည်။
   "ကင်းသမားတွေ.. မောင်းထုကြဟေ့၊ မောင်းထုကြ..။  လူစုပြီးငါတို့ရွာကိုကာကွယ်ကြ…။ ဓါးမြတွေ ငါ့ကိုဖမ်းထား …….. "
ဒိုင်း…ဒိုင်း ..ဒိုင်း ဟူသော ယမ်းပေါက်ကွဲသံများက ဖိုးမောင်၏ ဟစ်အော်သံကို ဖြတ်တောက်တားဆီးလိုက်သည်။
   "ဒူ…ဒူ…ဒူ…ဒူ"
   "ဝုတ်…ဝုတ်…ဝုတ်"
ယမ်းပေါက်ကွဲသံနှင့်အပြိုင် လင့်စင်ထက်မှ မောင်းသံ၊ ဂုပ်ကြား၏ ရင်ကွဲတမျှဟောင်သံ၊ ကင်းသမားတို့၏ အော်ဟစ်သံကား ရွာပတ်ဝန်းကျင်တစ်ခုလုံးသာမက ချောင်းရိုးတလျောက်အထိပင် ပဲ့တင်ထပ်၍သွားလေပြီ။ ရွာတစ်ခုလုံးလည်း မီးရောင်တို့ဖြင့် လင်းထိန်သွားသည်။ မြူငွေ့တို့လည်းပျယ်ရလေပြီ။ လေး၊ မြှား လက်နက်တို့ဖြင့် စုဝေးရောက်လာကြသော ရွာသားတို့၏ ညီညွတ်မှုကြောင့် ဓါးမြတို့လည်း သေနတ်ဖောက်ကာ ပြေးလေပြီ။
         တစစဖြင့် တိတ်ဆိတ်အေးမြခြင်းက ပြန်လည်ကြီးစိုးလာသည်။ မအေးချမ်း၊ မငြိမ်သက်နိုင်သည်မှာကား ရွာသူ၊ ရွာသားများ၏ ရင်ထဲမှသောကအပူမီးများသာလျှင်တည်း။ သွေးအိုင်ထဲ လဲလျောင်းနေရသော ဖိုးမောင်၏ ဖြစ်တည်မှုသည် မကြာမီဆုံးခန်းတိုင်ရောက်တော့မည်ကို သူတို့အားလုံးရင်ထဲတွင် လက်မခံချင်ပဲ၊ လက်ခံနေရသည်။ အိမ်မက်မဟုတ်မှန်းသိရက်နဲ့ အိမ်မက်ဖြစ်ပါစေကြောင်း ဆုတောင်းနေကြသည်။ တခဏအတွင်းဖြစ်ပျက်ခဲ့သောအရာများမှာ မယုံနိုင်အောင်များပြားလှသည်။ ငယ်ရွယ်သူတို့ကား တရှူံ့ရှူံ့ငိုနေကြလေပြီ။ ယောက်ျားသားများက ပါးရိုးများပေါ်သည်အထိ အံကိုကြိတ်ကာလက်သီးဆုတ်ထားကြသည်။ သက်ကြီးသူတို့ပင်လျှင် အကြောင်းမဲ့မျက်တောင်ပုတ်ခတ်ပုတ်ခတ် ခတ်ကာ၊ မျက်နှာတဖက်သို့လှည့်ထားရလေသည်။ သြော်…..ဒီညအဖို့..ညတာရှည်လွန်းပါတကား....။
        ကျွန်တော့်မျက်လုံးတွေက ဘာကိုမှ သဲသဲကွဲမြင်နိုင်စွမ်းမရှိတော့ပါ။ နားများမှာလည်း အူနေပြီး မသဲမကွဲ ဗလုံးဗထွေးအသံများသာကြားနေရပါတယ်။ ကျွန်တော့်နှုတ်ခမ်းတွေက သွေ့ခြောက်ကာ မလုပ်ရှားနိုင်တော့ချေ။ ရင်ထဲက စကားလုံးတွေက လည်ချောင်းဝမှာတင် ဆို့တစ်လို့နေပါတယ်။ ကိုယ်ခန္ဖာအနှံ့အပြားမှာလည်း နာကျင်မှုဒဏ်များကို အပြင်းအထန်ခံစားနေရပြီး ဝင်သက်ထွက်သက်တိုင်းဟာ ကျွန်တော့်နှလုံးသားကို ဆုတ်ချေနေသလိုခံစားနေရပါတယ်။ ဒါပေမယ့် ကျွန်တော်ကျေနပ်ပါတယ်။ မိမိကိုယ်က ထွက်တဲ့သွေးနဲ့ မိမိကိုမွေးဖွားခွင့်ပေးခဲ့သော ဤမြေ၊ ဤရွာ၊ ဤဆွေမျိုးများကို ကျေးဇူးဆပ်နိုင်ခဲ့ပြီလေ။ ခုတော့ ဒီရွာကလေး လုံခြုံသွားပြီ။ အန္တရာယ်ကင်းလွတ်သွားပြီ။ မကြာခင် ရောင်နီလာတော့မယ်။ ခွဲခွရတော့မယ်.။ မွေးသမိခင်ကျေးဇူးရှင်ကိုလည်း သားမောင် ဒီနေရာကကန်တော့ခဲ့ပါတယ်။ အပြစ်များရှိရင်ကျေပါစေ။ အခွင့်ရှိသေးရင်တော့ ဒီရွာကလေးကို နောက်တခေါက်လောက် မြင်ခဲ့စမ်းချင်ပါတယ် ..တဖြည်းဖြည်းနှင့် မြင်ကွင်းများတွေဝါးလာလေပြီ ……
ဂုပ်ကျား ဆွဲဆွဲငင်ငင်အူသည်……
“အူ…. အူ …… အူ…………”
တိုက်ဆိုင်စွာ ကောင်းကင်မှ ကြယ်တစ်ပွင့် လွင့်ကြွေသွားသည်။ ……

မိုးရာသီမှ ဆောင်းရာသီ … ဆောင်းရာသီမှနွေရာသီ ….. နွေရာသီမှမိုးရာသီ။ ရာသီတွေအလီလီပြောင်းလဲခဲ့ပါပြီ။ ဒါပေမယ့် သူတို့ရွာကလေးမှာ မပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုတော့ရှိနေပါသေးတယ်။ မပြောင်းလဲတာကတော့ ……

ချမ်းအေးလှသော မိုးညတစ်ညဖြစ်သည်။ အုံ့မှိုင်းနေသောမြူမှုန်များကြားတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အေးမြငြိမ်သက်နေ၏။ ပုစင်းရင်ကွဲတို့၏အော်မြည်သံ၊ ဇီးကွက်ဟောက်သံ၊ အိမ်မြှေင်စုပ်ထိုးသံတို့ကိုလည်း ဟိုမှ၊ဒီမှကြားနေရ၏။
   “ဝုတ်..ဝုတ်…ဝုတ်”
ဂုပ်ကျားရုတ်တရက်ထိုးဟောင်သည်။
လင့်စင်ပေါ်ကကင်းသမားက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာနေရမှ တစ်ကိုယ်တည်းခေါင်းညိမ့်ရင်း တီးတိုးပြောသည်
“ဖိုးမောင်လာပြီ” ……


ဝန်ခံချက်
ကဗျာဆရာ၊ ဆရာကြီးမင်းသုဝဏ် (၅-၁၂-၁၉၆၂) မှာ ရေးသားခဲ့တဲ့ ဖိုးမောင်လာပြီ ကဗျာကို ဖတ်ရတော့ ကျွန်တော် ရင်ထဲနင့်သွားအောင်ကို ခံစားရပါတယ်။ ဆရာ့ရဲ့ကဗျာအရေးအသားဟာ ရှင်းလင်းပြေပြစ်ပြီး စကားပြေပြန်စရာမလိုအောင်ကို ပြောင်မြောက်ကောင်းမွန်လှတဲ့ အရေးအသားပါ။
ဒီကဗျာလေးရဲ့ မူရင်းဇတ်အိမ်က ကောင်းလွန်းနေတာကြောင့် ဇတ်လမ်းတပုဒ်အနေနဲ့ပြန်ရေးကြည့်ဖို့ကြိုးစားပြီး ဒီဇတ်လမ်းလေးကို ရေးခဲ့မိတာပါ။ ဆရာ့ကဗျာဟာ အဆင့်အတန်းမြင့်မားလွန်းလို့ ကျွန်တော့်လိုငချွတ် တစ်ယောက်အနေနဲ့ ဒီလိုပြန်မရေးသားသင့်ဘူးလို့ နားလည်မိပေမယ့် ဆရာ့ကိုပူဇော်တဲ့အနေနဲ့ရော၊ ညီငယ်၊ညီမငယ်တွေကိုပါ ဇတ်လမ်းတစ်ခုအနေနဲ့ နားလည်သင့်တယ်လို့ ထင်မိတဲ့အတွက်ကြောင့်ပါ ရေးသားမိတာပါ။
ဇတ်လမ်း၊ ဇတ်အိမ် ကောင်းမွန်ပါက ဆရာမင်းသုဝဏ်၏ မူရင်းဇတ်အိမ် အင်မတန်ကောင်းမွန်ခြင်းကြောင့်ပါလို့ ရိုးသားစွာဝန်ခံလိုပြီး၊ တင်ပြချက်ညံ့ဖျင်းပါက ကျွန်ုပ်၏ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါကြောင်း ပွင့်လင်းစွာဝန်ခံပါရစေ..။ ။



ကျေးဇူးတင်စွာဖြင့်
လွယ်အိတ်
၁၃.စက်တင်ဘာ.၂၀၁၁
(ခေတ္တတရုတ်ပြည်)

3 comments:

  1. ဖဘတင်မကဘူး ဒီအထိပါလိုက်ပြီ အားပေးနေပါသည်။ :)

    ReplyDelete
  2. perfectly match 2 writing techniques.

    ReplyDelete
  3. ကောင်းပါတယ်။ ဒါပေမယ့် အစမှာ အညာဒေသလို့ရေးထားတယ်။ အောက်ပိုင်းဒေသအနေနဲ့ ရေးရင် ပိုအဆင်ပြေမလားဘဲ။ ဧရာဝတီတိုင်းဒေသထဲကရွာငယ်ပုံစံမျိုးပေါ့။ ဆရာကလည်း ကွန်းခြံကုန်းသားမို့ပါ။ မပြင်လည်းကိစ္စမရှိပါဘူး။ အခုလိုကဗျာကနေ ၀တ္ထုဘက်ကိုတင်ပြတော့ ပိုပြီးပီပြင်တာပေါ့။

    ReplyDelete