10/11/11

မှာပါရစေ၊ ပြောပါရစေ


ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။
 
ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)

သားဂျာနယ်ကျော်သည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်ဂျာနယ်ကျော်မမလေးတို့၏ သားအငယ်ဆုံးဖြစ်သည်။ လည်ချောင်းကင်ဆာဝေဒနာခံစားခဲ့ရပြီး မကွယ်လွန်မီတွင် ကင်ဆာရောဂါနှင့် ပတ်သက်သော စာအုပ်များပါရေးသားခဲ့သည်။


No comments:

Post a Comment