ဒေါက်တာနိုင်ပန်းလှ ပြုစုသော ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှ ကူးယူဖေါ်ပြပါသည်။
တကောင်းပြည်မှ ဧကရာဇ်မင်းသည် တရုတ်နိုင်ငံတွင် နန်းစည်းစိမ် သမ္မတိကိုခံစားနေစဉ် ကာမဏိ (ကာမ္မနိ)ဟူသော လူစွမ်းကောင်းတယောက် ရှိသည်။ ကာမဏိသည် သူမတူအောင် လက်ရေးကောင်းသည်။ ဓါးခုတ်၊ လှံထိုး မြင်းစီးတိုင်သည့်အရာတွင် ပြိုင်ဘက်ကင်းသည်။ "ကာမဏိသည် လူမဟုတ်၊ နတ်ဒေဝါနှင့်တူသည်"ဟု အမျိုးမျိုးချီးမွမ်းပြောဆိုကြသည်။
တနေ့သော် စိန့်ပြည့်ရှင် ဧကရာဇ်မင်းသည် ညီလာခံထွက်တော်မူ၍ မှူးမတ်သေနာပတိများနှင့် ဆွေးနွေးတိုင်ပင်၏။ "င့ါသူရဲကောင်း ဗိုလ်ကာမဏိနှင့် တပါးသော သူရဲကောင်းတစ်ဦးတို့အား မြင်းစီးချင်းစစ်ထိုးသည့်ပွဲကို ပသို့ ငါ ရှုစားရမည်နည်း။ ကာမဏိနှင့် စစ်ထိုးဝံ့သော သူရဲကောင်းတစ်ဦးကို မည်သည့်ဧကရာဇ်မင်းတွင် တွေ့နိုင်ပါသနည်း။ သူရဲကောင်းတစ်ဦးနှင့် တစ်ဦးမြင်းစီးချင်း စစ်ထိုးသည်ကို ငါရှုစားလိုလှသည်။ " ဟု မိန့်တော်မူ၏။
"ရတနာပူရ အင်းဝပြည်နှင့် ဟံသာဝတီပြည်ရှိ ဧကရာဇ်မင်းနှစ်ပါးတို့သည် အစဉ်သဖြင့် စစ်ခင်းလျက်ရှိပါသည်။ ထိုဧကရာဇ်မင်းနှစ်ပါးတွင် စီးချင်းတွင်အလွန်ကောင်းသည့် သူရဲကောင်းများ ရှိပါသည်။" ဟုမှူးမတ်များကလျှောက်ထားလျှင် စိန့်ပြည်ဧကရာဇ်မင်းသည် လွန်စွာဝမ်းသာအားရ၍ ရတနာပူရအင်းဝပြည်သို့ စစ်ချီရန် စစ်အင်္ဂါများ စီရင်စေ၏။
အချိန်ကောင်း အခါကောင်းရသော် ကြည်းတပ်တွင်မြင်းစီး၍ စိန့်ပြည်ဘုရင်သည် အင်အားကြီးမားစွာဖြင့် ရတနာပူရအင်းဝနိုင်ငံသို့ ချီတော်မူသည်။ စိန့်ပြည်ဘုရင်၏ စစ်အင်အားကြီးမားပုံကား ဝဿန္တ မိုးဥတုတွင် မိုးကြီးသည်းထန်စွာရွာသွန်းသဖြင့် တောအလုံးကို မိုးရေတွေဖုံးလွှမ်းထားသကဲ့သို့ ဖြစ်လေသည်။ အထက်မှအောက်သို့စီးကျသော တောင်ကျရေများကို တာဆီး၍မရနိုင်သလို စိနမင်း၏စစ်တပ်မကြီးသည် အင်းဝသို့ ဒလဟောချီလာသည်။ စည်မောင်းသံများမှာ တသောသောညံလျက်ရှိတော့သည်။အင်းဝနှင့်နီးလတ်သော် တပ်စခန်းချ၍နေတော်မူ၏။
ရတနာပူရ အင်းဝရွှေနန်းရှက် ဘုရင်မင်းခေါင်သည် တရုတ်စစ်ချီလာသည်ကိုကြားလျှင် မြို့ပြ၊ ကျုံးမြောင်းများကို ခိုင်ခံ့မြဲမြံအောင် ပြုပြင်၍နေတော်မူ၏။ မြို့ပြင်သို့ထွက်၍ တိုင်ခိုက်ခြင်းမပြုပဲ မြို့တွင်း၌သာ အခိုင်နေလေသည်။
စိန့်ပြည်ဘုရင်သည် သူရဲသူခက်များအား "လက်နက်ကောင်ဆောင်ခြင်းမပြုသော လူသူများကို အန္တရာယ်မပြုရ။ ငါ့အမိန့်ကိုမနာခံလျှင် ခေါင်းဖြတ်သတ်ပစ်မည်"ဟု ကြေငြာချက်ထုတ်တော်မူ၏။ ထို့နောက် အင်းဝရွှေနန်းရှင်ဘုရင်မင်းခေါင်ထံ ရာဇသံစာရေး၏။ ပဏ္ဏာလက်ဆောင်များကား မကန်းရုပ်ဖြင့် ပိုးအဝတ်အုပ်တစ်ရာ၊ ရွှေသမင်ရုပ်ဖြင့်ပိုးအုပ်တစ်ရာတို့ ဖြစ်သည်။ ရာဇသံစာနှင့် လက်ဆောင်ပဏ္ဏာများကို မြန်မာစကားတတ်သောစော်ဘွားတစ်ဦးကို နောက်လိုက်များနှင့်တကွ အင်းဝသို့စေတော်မူ၏။ စော်ဘွားသည် လက်ဆောင်ပဏ္ဏာများနှင့် ရာဇသံစာကိုယူ၍ အင်းဝရွှေနန်းသခင် ဘုရင်မင်းခေါင်ထံ ဝင်ရောက်ဆက်သလေ၏။ ဘုရင်မင်းခေါင်လည်း စာကိုမြန်မာဘာသာနှင့် ပြန်ဆိုဖတ်ကြားစေ၏။ စာတွင်
"စိနပြည့်ရှင် ဧကရာဇ်မင်း ကြားရောက်အပ်သော၊ အင်းဝရွှေနန်းရှင်သခင်။ ယခု ငါတို့စစ်ချီလာသည်မှာ ဆန္ဒနှစ်မျိုးရှိပါသည်။ တစ်မျိုးကား အင်းဝမင်းသည် ငါတို့လက်အောက်ခံ၍ လာရောက်ရှိခိုးရန်ဖြစ်သည်။ အခြားတစ်မျိုးကား သူရဲကောင်းချင်းစီးချင်းထိုးသည်ကို မျက်မှောက်ပြုလျက် ရှုစားလိုခြင်းဖြစ်သည်။ အကယ်၍ အင်းဝဘက်မှ မြင်းစီးသူရဲကောင်းရှူံးခဲ့လျှင် အင်းဝကိုကြည်သာစွာဖြင့် ငါ့လက်အပ်ရန်ဖြစ်သည်။ အကယ်၍ ငါတို့ဘက်မှ သူရဲကောင်း ရှုံးခဲ့သော် စိနပြည်သို့ ငါတို့ ဆုတ်ပြန်ပါမည်။ အင်းဝပြည်ရှိ တဲငယ်တစ်ခုကိုမျှ မပျက်ဆီးစေရပါ။ သို့ဖြစ်၍ အင်းဝရွှေနန်းရှင်၏ ဆန္ဒကိုပြန်ကြားစေလိုပါသည်။ "
ဟု ပါရှိလေသည်။ ဘုရင်မင်းခေါင်သည် စာပါအကြောင်းအရာတို့ကို သိရပြီးလျှင် လွန်စာဝမ်းသာအားရတော်မူ၏။
"သည်တစ်ကြိမ် စစ်ကိစ္စပြောဆိုရသည်မှာ လွန်စွာပင် တရားနည်းလမ်းကျလှပေသည်။ တိုင်းသူပြည်သား၊ ပုဏ္ဏား၊ ရဟန်းများကို ပူပင်သောက မရောက်စေရတော့ပါ။ တရားဓမ္မနှင့် ပြည့်ဝသော မင်းဧကရာဇ်များအတွက် သင့်တင့်လှပေသည်"
ဟုမိန့်တော်မူပြီး ပြန်စာနှင့်တကွ လက်ဆောင်ပဏ္ဏာများကို စော်ဘွားလက်သို့ အပ်တော်မူသည်။ လက်ဆောင်များကား ခေါမစောင်အုပ်နှစ်ဆယ်၊ ခေါင်းအုံးနှင့်တကွ သဇင်ပန်းအပွင့်သုံးဆယ်ပါသော တင်းတိမ် အတောင်ငါးဆယ်ဖြစ်သည်။ စာတွင်
"စိန့်ပြည့်ရှင်ဧကရာဇ်မင်း ဆန္ဒရှိသည့်အတိုင်း သူရဲကောင်းအချင်းချင်း မြင်းစီး၍ ဓါးလှံကိုင်လျက် စစ်ထိုးမှုကို ရှုစားရန် ကောင်းသည်ဟု ငါလည်းမြင်ပါသည်။ လွန်စွာ ငါဝမ်းသာပါသည်။ သို့သော် သည်တစ်ကြိမ် စစ်ထိုးမည့်ကိစ္စမှာ မဟာယုဒ္ဓ(စစ်ကြီး)ဖြစ်သဖြင့် အလျင်လို၍မရပါ။ အင်းဝမှာ သူရဲကောင်းရွေးချယ်ရဦးမည် ဖြစ်သဖြင့် ၇ ရက်မျှ ဆိုင်းငံ့စေလိုသည်။ တနည်းဆိုရသော် စစ်တပ်ဗိုလ်ပါများနှင့်ချီလာသော အဆွေတော် ဧကရာဇ်မင်းသည် ခရီးဝေးမှလာခဲ့ရသဖြင့် ပင်ပန်းချေမည်။ အမောမပြေသေး။ ဗိုလ်ပါများနှင့်တကွ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာစွာဖြင့် အနားယူကြပါဦး။ အဆွေတော်၏ ရာဇသံ၌ပါသည့်အတိုင်း အချိန်တန်လျှင် အကြောင်းကြားစေမည် ဖြစ်ပါကြောင်း "
ယင်းစာနှင့် လက်ဆောင်များကို ရရှိလျှင် စိန့်ပြည့်ရှင်ဧကရာဇ်မင်းလည်း လွန်စွာဝမ်းသာ၏။ ဗိုလ်ပါ၊ သူရဲသူခက်များကို ပျော်ရွှင်စွာအပန်းဖြေကြစေသည်။
ဘုရင်မင်းခေါင်သည် မှူးမတ်သေနာပတိများနှင့် ဆွေးနွေးတိုင်ပင်တော်မူစဉ် "စိန့်ပြည့်ရှင်၏ သူရဲကောင်းကာမဏိနှင့် မည်သူတစ်ဦးတစ်ယောက်သည် မြင်းစီးချင်းထိုးဝံ့ပါသနည်း" ဟုမေးတော်မူ၏။ ခစားနေကြသော မှူးမတ်ဗိုလ်ပါ သူရဲသူခက်များအနက် မည်သူမျှခေါင်းမမော်ဝံ့ပေ။ တိတ်ဆိတ်စွာနေသဖြင့် ဘုရင်မင်းခေါင်သည် လွန်စွာကြောက်ရွံ့စိုးရိမ်တော်မူ၏။ စိတ်သောကရောက်တော်မူ၏။"
အင်းဝပြည်၏ ဂြိုလ်အနေအထားကို ကြည့်ရှုစေရာ ပုဏ္ဏား၊ ဟူးရားတို့က " အင်းဝပြည်၏ ဂြိုလ်အနေအထားမှာ အားလုံးကောင်းမွန်ပါသည်။ ရှေ့သို့ လာဘ်လာဘ ရရန်လည်းရှိပါသေးသည် " ဟု လျှောက်တင်ကြသည်။ ဘုရင်မင်းခေါင်လည်း ဝမ်းသာတော်မူ၏။ သူရဲကောင်းရှာရန် မြို့အနှံ့မောင်းလည်ခတ်စေသည်။
"အကြင်သူတစ်ဦးသည် စိန့်ပြည့်ရှင်မင်း၏ သူရဲကောင်း ဗိုလ်ကာမဏိနှင့် စီးချင်းတိုက် ပေးနိုင်ခဲ့ပါမူ ထိုသူရဲကောင်းအား ရတနာပူရအင်းဝရွှေနန်းရှင်က မဟာဥပရာဇာအဖြစ် ချီးမြှင့်တော်မူမည်။ "
ဟူ၍ အင်းဝမြို့အနှံ့အပြားသို့ ကြေညာမောင်းကို လည်ခတ်စေ၏။ သို့သော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ကာမဏိအား စစ်ထိုးဝံ့သူ မရှိချေ။"
ယင်းသောအခါ ထောင်တွင်း အကျဉ်းကျနေသော သမိန်ဗရမ်းအား စောင့်ရသည့် ထောင်စောင့်များသည် သူရဲကောင်းကိစ္စကို အချင်းချင်းပြောဆိုကြသည်။
"ယခု ငါတို့ရွှေနန်းရှင် ဧကရာဇ်မင်းခေါင်က မဟာဥပရာဇာပေးမည်။ နန်းထက်ဝက်ပေးမည် ဆိုသည့်တိုင်အောင် ကာမဏိကို စစ်ထိုးဝံ့သူ မရှိပါသဖြင့် ငါတို့အင်းဝပြည်ကြီး ပျက်စီးရတော့မည် တကား။ "
ယင်းသို့ဆိုသည်ကို သမိန်ဗရမ်း ကြားရလျှင်
"ငါသည် ထောင်တွင်း၌ ကြာမြင့်စွာပင် ဒုက္ခခံနေခဲ့ရသည်။ ဆင်စီး၍လည်းကောင်း၊ မြင်းစီး၍လည်းကောင်း ခြေလက်ကို မဆန့်တန်းရသည်မှာ ကြာလှပြီ။ ဘယ်လက်ကို ညာသို့တိုင်အောင်၊ ညာလက်ကို ဘယ်သို့တိုင်အောင် မလှည့်ရသည်မှာ ကြာလှပြီဖြစ်၍ ငါပူပန်ပါ၏။ တရုတ်သူရဲကောင်း ဗိုလ်ကာမဏိကို အနည်းငယ်မျှ ငါမကြောက်။ သူ့ကိုအနိုင်ယူဖို့ မည်သို့မျှ မခက်ခဲ။ သည်တာဝန်ကို ငါယူခဲ့သော် အရှင်နှစ်ပါးတို့၏ အမှုကို ငါ့ပုခုံးနှစ်ဖက်ဖြင့် ထမ်းသလိုဖြစ်တော့မည်။ သည်ကဲ့သို့ပြုဖို့ မသင့်တင့်ပါတကား"
ဟု စဉ်းစားပြီး တိတ်ဆိတ်စွာပင်နေလေ၏။ နောက်တနေ့တွင်လည်း ကြေငြာမောင်းလည်ခတ်သည်ကို ထောင်စောင့်များ ကြားရလျှင်
"သည်တစ်ကြိမ် တရုတ်စစ်ချီလာသည်မှာ အင်အားကြီးမားလှသည်။ ငါတို့ဘက်က သူရဲကောင်းကို ရှာသည်မှာလည်း မည်သူမျှ တာဝန်မယူဝံ့သေး။ သည်မြို့တစ်မြို့ကို မဆိုထားနှင့်ဦး၊ အင်းဝထက် ဆယ်နှစ်ဆကြီးသော မြို့ဖြစ်သည့်တိုင်အောင် တရုတ်တို့ကို ခံနိုင်မည်မဟုတ်။ ငါတို့ မြန်မာနိုင်ငံကို တရုတ်တို့ အမှန်ရတော့မည်။ "
ဟု အချင်းချင်းဆိုကြပြန်၏။ သမိန်ဗရမ်းလည်းနားထောင်လျှက်
"အင်းဝမြို့သည် ပဲခူးမြို့သို့ချီရန် လမ်းစဖြစ်၏။ အင်းဝသည် ဟံသာဝတီ၏ မုခ်ဝနှင့်လည်းတူသည်။ ယခု စိန့်ပြည့်ရှင် ဧကရာဇ်မင်းသည် သူရဲကောင်းချင်း မြင်းစီး၍ စစ်ထိုးသည်ကို ရှုစားလိုသောဆန္ဒဖြင့် စစ်ချီလာခြင်းဖြစ်သည်။ ကာမဏိကို ခံဝံ့သူ အင်းဝတွင် မရှိပါက သူ့ဆန္ဒပြည့်ဝမည်မဟုတ်။ အင်းဝကို ရပြီးသော် ဟံသာဝတီသို့ ဆက်လက်ချီပေဦးမည်။ ငါ့မှာလည်း ထောင်တွင်း၌ ကြာမြင့်စွာ နေခဲ့ရပြီ။ အင်းဝပျက်သော် ဟံသာဝတီသို့ ငါပြန်ရောက်ဖို့ မရှိတော့ပြီ။ သည်စစ်ကို ငါတာဝန်ယူတိုက်မှ တော်တော့မည်။ တရုတ်စစ်ကို ဟံသာဝတီသို့ မစုန်စေတော့ပြီ။"
ဟု စိတ်တွင် စဉ်းစားဆင်ခြင်ပြီး ထောင်စောင့်တို့အား
"စိန့်ပြည်မှ သူရဲကောင်း ကာမဏိကို ပသို့ကြောင့် ကြောက်ရမည်နည်း။ သူ့မှာ ဥာဏ်ပညာ အစွမ်းသတ္တိ မည်မျှရှိသနည်း။ ကောင်းကင်ပျံနိုင်သည့် နတ်သားကိုသာ ငါကြောက်သည်။ ဤမြေချာတွင် ကာမဏိသည် ငါတို့လို လူတစ်ယောက်သာ ဖြစ်သည်။ သူ့အား ကြောက်စရာမရှိ။ သူ့ကိုနိုင်အောင် ငါတာဝန်ယူ တိုက်ဝံ့သည် " ဟုဆို၏။ ယင်းစကားကို ထောင်စောင့်တို့ကြားလျှင် ဝမ်းသာအားရစွာဖြင့်
"ငါ့ရှင် တာဝန်ယူ၍ တိုက်ဝံ့လျှက် အလွန်ကောင်းမည်။ ငါ့ရှင်လည်း ဒုက္ခမှ လွတ်ကင်းရမည်။ ယဿပတ္တိနှင့် ပြည့်စုံသော ဥပရာဇာမင်း ဖြစ်ရမည်မချွတ်။ နောင်ကို ငါ့ရှင်၏ ဘုန်းရိပ်ကို ငါတို့ ခိုလှုံရတော့မည် " ဟုဆိုကြ၏။
"ယခု ကာမဏိအား အနိုင်ယူစစ်ထိုးဖို့ ငါတာဝန်ယူသည်မှာ ယဿပတ္တိကို လို၍မဟုတ်။ အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲ၍ ကိတ္တိယဿကျော်စောခြင်းနှင့် ပြည့်စုံစေလိုသည်။ မြို့သူမြို့သား ရဟန်းပုဏ္ဏားများအား ချမ်းသာသုခတို့နှင့် ပြည့်စုံစေလို၍ ဖြစ်သည်။"
ဟု ဆို၏။ ထို့နောက် ထောင်မှူးသည် စစ်သေနာပတိထံသွား၍ သမိန်ဗရမ်း (ဗညာဓရေမ်) ဆိုသည့် စကားများကို တင်လျှောက်သည်။ သေနာပတိလည်း ဝမ်းသာအားရဖြင့် ဘုရင်မင်းခေါင်ထံ ဝင်ရောက်သံတော်ဦးတင်လေ၏။ ဘုရင်မင်းခေါင်လည်း ထိတ်လန့်နေရာမှ သတိရလာ၏။
"အင်း သမိန်ဗရမ်းကို ငါမေ့နေလိုက်တာ။ သမိန်ဗရမ်းသည် ဆင်စီး၊ မြင်းစီး၍ တိုက်ခိုက်ရာမှာ အလွန်လျင်မြန် ဖျတ်လတ်ပေါ့ပါးလှသည်။ ဥာဏ်ပညာ အစွမ်းသတ္တိရဲရင့်မှုမှာ ပြိုင်ဘက်ကင်းသူ ဖြစ်သည်။ ကာမဏိနှင့် စစ်ထိုးစေမှ သင့်မည်"ဟု စိတ်တွင် ပေါ်ပေါက်လာ၏။ လွန်စွာ ဝမ်းသာအားရတော်မူ၏။ ထို့နောက် မှူးမတ်သေနာပတိများအား
"သမိန်ဗရမ်းသည် ဟံသာဝတီတွင် သူရဲကောင်းဖြစ်သည်ကို ငါမေ့နေသည်။ ယခုမှ ငါသတိရလာသည်။ သမိန်ဗရမ်းကို သစ္စာရေတိုက်ပြီး ထောင်တွင်းအကျဉ်းချထားရာမှ ထုတ်ခဲ့ချေ "
ဟု မိန့်တော်မူ၏။ အမိန့်အတိုင်း သမိန်ဗရမ်းအား သစ္စာရေတိုက်ပြီးသော် ထောင်တွင်းမှ ထုတ်၍ ရှေ့တော်သို့ခေါ်ဆောင်ခဲ့ကြသည်။ သမိန်ဗရမ်းကိုမြင်လျှင် ရွှေနန်းသခင် ဘုရင်မင်းခေါင်သည် လွန်စွာဝမ်းသာ အားရတော်မူ၏။
"ရတနာပူရ အင်းဝပြည်အနီး၌ တပ်တည်နေသော တရုတ်စစ်တပ်မှ သူရဲကောင်းကာမဏိနှင့် ခံဝံ့သူတစ်ယောက်ကို ငါတို့ ရှာ၍မရသေး။ သည်တာဝန်ကို မင်းယူဝံ့မည်လော" ဟု မေးတော်မူ၏။
"ရွှေနန်းရှင်၏ ကျေးဇူးတော်ကို ဆပ်သည့်အနေဖြင့် ကာမဏိနှင့် စီးချင်းတိုက်မည့် တာဝန်ကို ကျွန်ုပ်ထမ်းဆောင်ပါမည်။ စိန့်ပြည့်ရှင်ကို ရွှေနန်းသခင် အရှက်မရစေပါ။ သို့သော် အရှင်မင်းကြီးထံမှ မြင်းကောင်းတစ်စီးကို ကျွန်ုပ်တောင်းခံလိုပါသည်။ ကျွန်ုပ်စိတ်ကြိုက်မြင်းကို ရပါမူ ကာမဏိလောက်ကို မဆိုထားနှင့်၊ နတ်သိကြားမှလွဲ၍ မည်သူ့ကိုမဆို ကျွန်ုပ်ရအောင် တိုက်ဝံ့သည်" ဟု သမိန်ဗရမ်း လျှောက်ထားလေ၏။ ဘုရင်မင်းခေါင်လည်း ဝမ်းသာ အားရတော်မူ၏။
"ငါ့မှာ မြင်းတွေ သောင်းသိန်းမျှရှိသည်။ မင်း ဘာမျှမပူနှင့်။ မင်းစိတ်ကြိုက်မြင်းကို ရွေးယူချေ။" ဟု မိန့်တော်မူ၏။
"ရွှေနန်းသခင် ပိုင်သော မြင်းတွေ အမြောက်အမြား ရှိသည်ကား မှန်ပါ၏။ မြင်းကောင်း မရမည်စိုးသည်။ အကောင်းမှန်လျှင် ရှားသည်ချည်း။ ဆင်ကောင်းသည်ကို စီးပြီးမှ သိနိုင်သည်။ မြင်းကောင်းသည်ကို သိလိုလျှင် သူ့ကုန်းထက်မှာ လက်တင်ကြည့်မှ သိမည်။ သူရဲကောင်းအစွမ်းကို သိလိုလျှင် တိုက်ခိုက်စေပြီးမှ သိနိုင်သည်။ ကိုးရည်မီသော ရွှေဖြစ်ကြောင်း သိလိုပါက မှတ်ကျောက်တင်ကြည့်မှ သိနိုင်သည်။ မိန်းမကောင်းမည်သည် မယားဝတ်တရားနှင့်ညီပြီး လှပ၍ အကျင့်သိက္ခာ လက္ခဏာများနှင့် ပြည့်စုံမှ မိန်းမကောင်းမည်ပေမည်။ ချိုဆိမ့်သည့် အရသာကောင်းကို သိလိုလျှင်လည်း မြည်းကြည့်ပြီးမှ သိနိုင်ပါသည်။ စိတ်ကောင်းရှိမရှိ သိလိုလျှင်လည်း သံသယကင်းသည့်အထိ စမ်းသပ်ပြီးမှ သိနိုင်ပါသည်။ ယခု ကျွန်ုပ်တင်ပြသည့် ဥပမာတို့သည် ရှာရခက်သည့် ပစ္စည်းကောင်းတွေ ဖြစ်ပါသည်"
ဘုရင်မင်းခေါင်ကြားလျှင် ရယ်တော်မူ၏။ လွန်စွာသဘောကျတော်မူ၏။ ထို့နောက် ရှိသမျှ မြင်းကြီးငယ်ဟူသရွေ့ကို သမိန်ဗရမ်းအားပြစေ၏။ ဘုရင်မင်းခေါင် ကိုယ်တော်တိုင် ထွက်ကြည့်တော်မူ၏။
မြင်းရှိသရွေ့ သောင်းသိန်းမက ပြသသော်လည်း သမိန်ဗရမ်း စိတ်ကြိုက်မြင်း တစ်ကောင်မျှ မတွေ့ရပေ။ မြန်မာ မှူးမတ် သေနာပတိများလည်း ရယ်မော၍ သရော်ကြ၏။ လှောင်ပြောင် ပြောဆိုကြ၏
"သည်မွန်သူရဲကောင်းမှာ စကားများများပြောသော နှုတ်ရေးကောင်းသူသာဖြစ်သည်။ မြင်းရွေးဟန်ပြုပြီး အခွင့်ကောင်းအခါကောင်း ယူမည်။ မြင်းတွေ သောင်းသိန်းမကကို ပယ်သည်။ သည်မြင်းတွေအားလုံးမှာ စစ်ပွဲတွင် အမြဲတိုက်ခိုက်ခဲ့ဖူးသည်ချည်း။ အားလုံးပင် မြင်းကောင်းချည်း ဖြစ်ကြသည်။ တစ်စီးမျှ မရွေးချယ်ဘဲ အချိန်နှောင်းအောင်ပြုသည်။ လမ်းရလျှင် ပြေးမည် မချွတ်"
ဟူ၍ အမျိုးမျိုး တီးတိုးပြောဆိုကြသည်။ သို့သော် ဘုရင်မင်းခေါင်သည် မည်သို့မျှ သံသယမဖြစ်။ သမိန်ဗရမ်းအား ယုံကြည်တော်မူသည်။ မြို့တွင်းရှိသမျှ မြင်းများအနက် တစ်စီးမျှစိတ်ကြိုက်မတွေ့ကြောင်းကို သမိန်ဗရမ်းလျှောက်ထား၏။ ဘုရင်မင်းခေါင်သည် သေနာပတိများအား မြို့ပြင်သို့ထွက်၍ ကျေးရွာဇနပုဒ် နိဂုံးများ၌ မြင်းကောင်းတစ်စီး ရရှိသည်အထိ ရှာစေတော်မူ၏။
ဘုရင်မင်းခေါင်နှင့် စိန့်ပြည့်ရှင်တို့ အချိန်းအချက် ပြုထားသည့် အချိန်မှစ၍ မြို့ပြင်ရှိဇနပုဒ်များတွင် ဘေးအန္တရာယ်မရှိ နဂိုမူလပကတိအတိုင်း အေးချမ်းစွာ ဝင်ထွက်သွားလာနိုင်ပေသည်။ သေနာပတိများသည် အမိန့်တော်အတိုင်း မြို့ပြင်သို့ထွက်ကာ မြင်းရှိသောကျေးရွာများသို့ လှည့်လည်ရှာဖွေကြသည်။ များမကြာမီ မြင်းမသားအမိ နှစ်စီးတို့အားတွေ့မြင်ကြသည်။ မြင်းရှင်မှာ မုဆိုးမဖြစ်သည်။ ရေကန်အနီးတွင် မြင်းမသားအမိတို့သည် မြက်စားလျက်နေကြသည်။ ရေကန်၏အနံမှာ ငါးလံမျှရှိ၍ ရေနက်သည်။ မြင်းပျိုသည် ရေကန်ကို နေ့စဉ် ခုန်လွှား၍သွားလာမြဲဖြစ်၏။ မုဆိုးမသည် ဆန်ကိုဖွပ်ပြီး ဖွဲနုကို ပြာထုတ်၏။ ရသမျှဖွဲနုကို မြင်းသားအမိတို့အား ခေါ်ကျွေးလျက်ရှိ၏။ မြင်းမသည် အားနည်းသဖြင့် ရေကန်ကို မခုန်လွှားနိုင်။ ရေကို ဖြတ်ကူး၍လာရသည်။ မြင်းပျိုသည် အလွန်အားကောင်း၍ ရေကန်ကို ခုန်လွှားကာ ဖွဲနုကိုလာစား၏။
ယင်းသို့ မုဆိုးမသည် နေ့စဉ်ပင် မြင်းသားအမိတို့အား ဖွဲနုကို ခေါ်ကျွေးသည်။ ထိုမြင်းပျိုကို သေနာပတိတို့မြင်ကြလျှင် "မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်။ အားကောင်းလွန်းသည်" ဟု ဆိုကြပြီး ဝိုင်းဝန်း၍ဖမ်းဆီးရန် ကြိုးစားကြ၏။ ကြာမြင့်စွာကြိုးစားသော်လည်း မြင်းပျိုကိုဖမ်း၍ မရပေ။ သို့ဖြစ်ရာ မုဆိုးမအား ခေါ်၍ဆို၏။
"ယခု နင့်မြင်းပျိုကို ငါတို့ကြိုက်နှစ်သက်သည်။ မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်။ နင့်မြင်းကို ငါတို့ယူ၍ ရွှေနန်းရှင်အား ဆက်သရမည်။ အမြန်ဖမ်းပေးပါ။"ဟု ဆိုလျှင် မုဆိုးမက "မြင်းပျိုကို အလိုရှိပါက သေနာပတိများ ဤအနီးအနား၌ မနေကြပါနှင့် ။ အဝေးသို့ ခေတ္တရှောင်နေကြပါ" ဟုဆို၏။ သေနာပတိများလည်း ခပ်လှမ်းလှမ်းသို့ ထွက်သွားကြသည်။ သို့စဉ် မုဆိုးမသည် မြင်းပျို၏လည်တွင် ကြိုးတပ်၍ သစ်ပင်ကြီးနှင့် ချည်နှောင်လိုက်သည်။
သေနာပတိများလည်း ဝမ်းသာစွာဖြင့် ရောက်လာကြပြီး မြင်းပျိုကို ယူသွားကြ၏။ မြို့တွင်းသို့ရောက်လျှင် ရွှေနန်းရှင်အား မြင်းပျိုကို တွေ့ရပုံ အလုံးစုံကို တင်လျှောက်ကြ၏။ ဘုရင်မင်းခေါင်သည် မြင်းပျို၏ ကောင်းသော ကြန်အင်လက္ခဏာကို မြင်လျှင် လွန်စွာသဘောကျ၏။ ထို့နောက် သမိန်ဗရမ်းအားခေါ်ပြီး မြင်းပျိုကိုကြည့်စေ၏။ လှပဝဖြိုး၍ မြင်းကောင်းတို့၏ လက္ခဏာများနှင့် ပြည့်စုံသည်ကို သမိန်ဗရမ်းမြင်လျှင် ကြိုက်နှစ်သက်၏။ မြင်းပျို၏ ကျောထက်တွင် လက်ကို တင်ကြည့်၏။ အနည်းငယ်မျှ နိမ့်မကျ။ မြို့တွင်းမှ မြင်းများနှင့်မတူ။ ခွန်အားဗလကောင်းသော မြင်းကောင်းဖြစ်သည်ကို သိရ၏။ ပြိုင်ဘက်ကင်းသော မြင်းဖြစ်၍ စိတ်ကြိုက်ဖြစ်သဖြင့် ကကြိုးတန်ဆာများကို ချည်စေ၏။
"ကျွန်ုပ် စိတ်ကြိုက်မြင်းကို ရပါပြီ။ မြင်းနှင့် ရင်းနှီးရန်နှင့် စစ်ထိုးတတ်အောင် မြင်းကို လေ့ကျင့်ခွင့် ပြုတော်မူပါ" ဟု သမိန်ဗရမ်း လျှောက်ထားလေ၏။ ရွှေနန်းသခင်လည်း ခွင့်ပြုတော်မူသဖြင့် သမိန်ဗရမ်းသည် တုတ်၊ ဓားနှင့် လှံတို့ကိုကိုင်၍ မြင်းထက်သို့တက်ကာ မြို့ပြင်သို့ ဒုန်းဆိုင်းနှင်လေသည်။ လမ်းတွင် မြေမှုန်များ ထသဖြင့် မြင်းနှင့်လူကို မမြင်ရတော့ပေ။ မြန်မာသေနာပတိများသည် သမိန်ဗရမ်းအား သံသယဖြစ်ကြသည်။
"သမိန်ဗရမ်း ပလီသည်။ ရွှေနန်းသခင်ကို လိမ်လည်လှည့်ဖျား၍ ဟံသာဝတီသို့ ထွက်ပြေးပြီ"
ဟု ဆိုကြ၏။ ဘုရင်မင်းခေါင်သည် ယင်းသို့ မှူးမတ်များဆိုကြလျှင် ပူပင်တော်မူ၏။ ထောင်မှူးအား ခေါ်၍မေး၏။
"သမိန်ဗရမ်းသည် သစ္စာရှိသည်။ ဖြောင့်မတ်လွန်းသည်။ ရွှေနန်းသခင်အား လိမ်လည်၍ ထွက်ပြေးမည် မဟုတ်ပါ။ မြင်းပျိုသည် အရိုင်းဖြစ်သဖြင့် စီးကျင့်ရရန် လေ့ကျင့်ခြင်း ဖြစ်ပေသည်။ ကျင့်သားရလျှင် မုချပြန်လာမည်ကို ကျွန်တော်ယူဆပါသည်။ ရွှေနန်းရှင် ဆိုင်းငံ့၍ စောင့်တော်မူပါ။"
ဟု လျှောက်ထား၏။
သို့သော်လည်း ဘုရင်မင်းခေါင်သည် သံသယစိတ် မကုန်သေးသဖြင့် အတွင်းဆောင်သို့ ဝင်တော်မမူဘဲ စောင့်မျှော်လျက် နေတော်မူ၏။ သေနာပတိများကိုလည်း သမိန်ဗရမ်းအလာကို စောင့်စားနေစေ၏။
သမိန်ဗရမ်းသည် နံနက်ပိုင်းမှစ၍ မြင်းကို ဒုန်းစိုင်းနှင်ကာ မြို့ပြင်သို့ထွက်ပြီး စိတ်တိုင်းကျအောင် လေ့ကျင့်သည်။ နေစောင်း၍ သုံးချက်တီးအချိန်တွင် မြင်းကိုအလှစီးလျက် မြို့တွင်းသို့ ဝင်လာလေ၏။ မြင်းကို အမျိုးမျိုး လေ့ကျင့်ခဲ့သည်။ မြင်းကို အလှစီး၍ သမိန်ဗရမ်း ဝင်လာသည်ကို အဝေးမှမြင်ရလျှင်ပင် သေနာပတိများက အသံကျယ်စွာဖြင့်
"သမိန်ဗရမ်း ပြန်လာပြီ။ သမိန်ဗရမ်း ပြန်လာပြီ။ ထောင်မှူးပြောသည့်အတိုင်း မှန်ပေသည်"
ဟု ဟစ်အော်ကြ၏။ ဘုရင်မင်းခေါင်လည်း သမိန်ဗရမ်း ဝင်လာသည်ကို မြင်လျှင် လွန်စွာ ဝမ်းသာအားရတော်မူ၏။
"သမိန်ဗရမ်းသည် ယောက်ျားကောင်းတစ်ယောက်ဟူ၍ မှတ်ယူနိုင်ပြီ။ သစ္စာတရား ခိုင်မြဲပေသည်။ မြင့်မြတ်သော စိတ်ရှိသည်။ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်။ ပြိုင်ဘက် ကင်းသည်။"
ဟု စိတ်တွင်ချီးမွမ်းတော်မူ၏။ သမိန်ဗရမ်းသည် မြင်းထက်မှသက်၍ ရွှေနန်းသခင်ထံ ဝင်ရောက်ရှိခိုးလျက်
"ကျွန်ုပ်သည် စိတ်တိုင်းကျ မြင်းကို လေ့ကျင့်ပြီးပါပြီ။ ကာမဏိဦးခေါင်းသည် ကျွန်ုပ်လက်က မလွတ်တော့ပြီ။ ရွှေနန်းသခင်ထံ အရဆက်သပါမည်။ သို့ဖြစ်၍ သံခြင်းတစ်ခုကို ကျွန်ုပ်လိုပါသည်။ ကာမဏိဦးခေါင်းကိုဖြတ်ပြီး မြေသို့မကျမီ ချွန်းဖြင့်ချိတ်၍ သံခြင်း၌ထည့်ကာ ရွှေနန်းသခင်အား ဆက်သပါမည်" ဟု လျှောက်ထားလေ၏။ ထိုအခါ မှူးမတ်များက
"ရွှေနန်းရှင်က သူ့ကို ချီးမွမ်းဖန်များလို့ သူ့စကား ကြီးမားလှသည်။ ဘဝင်မြင့်လွန်းသည်။ ကြုံးဝါးလွန်းပေသည်" ဟု တီးတိုးဆိုကြ၏။
ဘုရင်မင်းခေါင်သည် ပတ္တမြားစီသော မြင်းကကြိုးတန်ဆာ၊ ရွှေရောင်ခေါင်းပေါင်း၊ နဝရတ်ကိုးသွယ် လက်စွပ်နှင့်တကွ စစ်ထိုးရန် လက်နက်ပစ္စည်း ဟူသမျှကို သမိန်ဗရမ်းအားပေးတော်မူ၏။ မြင်းကို အလှဆင်မြန်းရန် မင်းနန္ဒမိတ်အား တာဝန်ပေးတော်မူ၏။ သမိန်ဗရမ်းအလား စိတ်တိုင်းကျ လိုအပ်သမျှ ပစ္စည်းများကို ပေးစေ၏။ ထို့နောက် တရုတ်ပြည့်ရှင်ထံသို့ ရာဇသံစာနှင့် စစ်ထိုးမည့် အချိန်ကာလကို ချိန်းချက်ပြုတော်မူ၏။ လက်ဆောင်ပဏ္ဏာနှင့် ရာဇသံစာကို မင်းမဟာရာဇာလက် အပ်၍စေတော်မူ၏။