"မြကျွန်းညိုညို ကွမ်းခိုရာ တက္ကသိုလ်မှာဆို။ ...." ဆိုတဲ့သီချင်းကို ငယ်ငယ်တုန်းက ကြားမိတိုင်း တက္ကသိုလ်ကျောင်းသားကြီးဘဝကို စိတ်ကူးယဉ်ရူးခဲ့တာကို ပြန်သတိရမိတယ်။ ၈ တန်း၊ ၉ တန်းလောက်က ဆရာမင်းလူ ဝတ္ထုလေးတွေထဲမှာ
တက္ကသိုလ်နောက်ခံ ပိတ်ကားပေါ်မှာ အပျော်၊ အလွမ်းလေးတွေနဲ့
တက္ကသိုလ်ကျောင်းတော်သူ၊ ကျောင်းတော်သားတွေအကြောင်းကို ပီပီပြင်ပြင်
ရေးထားတာများ ဖတ်လိုက်ရရင် အဲဒီ့တနေ့တော့ ထမင်းကို ဘာဟင်းနဲ့စားလိုက်မှန်း
မသိအောင်ကို စိတ်ကူးထဲမျောနေတော့တာ။ ငါသာ
တက္ကသိုလ်ကျောင်းသားကြီးဖြစ်ခဲ့ရင်နဲ့ စတဲ့စိတ်ကူးတွေပေါ့။ ဒီကြားထဲ ဒွေးပြန်ရိုက်တဲ့ " ကျေပါတယ် မအေးစိန်" တို့၊ ဒါရိုက်တာမောင်မျိုးမင်းရိုက်တဲ့ "နှင်းဆီဝိုင်"တို့၊ စတဲ့ ရုပ်ရှင်တွေက ငယ်ငယ်က တက္ကသိုလ်အိပ်မက်ကို မီးလောင်ရာလေပင့် ပေးပြန်တယ်လေ။ အဲတုန်းကရိုက်တဲ့ကားတွေကလည်း ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ တကယ်ဝင်ရိုက်နိုင်ကြတာ မဟုတ်လား။ မင်းသား၊ မင်းသမီးတွေကလည်း အိုက်တင်ကောင်း၊ ဇတ်ပို့ဇတ်ရံတွေကလည်း တကယ့်ကျောင်းသားအရွယ်တွေ ဆိုတော့ ရုပ်ရှင်ကြည့်ရင်းကို ကိုယ်တိုင်ကျောင်းသားတစ်ယောက်ဖြစ်နေသလိုကို တက္ကသိုလ် အရသာခံစားရတာ။ ခုနောက်ပိုင်းကားတွေမှာတော့ ကျောင်းသားကားဆို မကြည့်လိုက်နဲ့ MICT Park ထဲကျောင်းတက်ပြတော့တာပဲ။ တက္ကသိုလ်ကျောင်းသားဆိုတဲ့ မင်းသားကိုလည်းကြည့်လိုက်ဦး၊ ငယ်ထိပ်မှာ ဆံပင်မရှိတော့တဲ့ မင်းသားအိုကြီးတွေဖြစ်ရင်ဖြစ်၊ မဟုတ်ရင် မိတ်ကပ်အဖွေးသားလေးနဲ့ ဂျော်ဒကီးတွေလို ရှုတ်ရှက်ခတ်နေအောင်ဝတ်ထားပြီး ခံစားချက်မရှိတဲ့ မျက်နှာသေကြီးတွေနဲ့ မင်းသားပေါက်စတွေဖြစ်၊ ဇတ်ပို့တွေကြည့်တော့လည်း လိုတာထက်ပို လန်ပြန်နေအောင်ဝတ်ပြီး ကျီးကန်းအာသလို၊ ဝိုင်းအာနေတဲ့ ငတိ၊ ငတိမတွေ။ အပြင်လောကနဲ့ ကင်းကွာလွန်းလို့ ဘယ်လိုမှကို တက္ကသိုလ်အာရုံသွင်းလို့မရတဲ့ ကားတွေချည်း။ ကိုယ်ပဲ အသက်ကြီးသွားပြီး ဘိုးတော်ကြီး ဖြစ်လာလို့လားတော့ မသိ။ ထားပါတော့ဗျာ ... မဆီမဆိုင် ကိုယ့်တက္ကသိုလ်ကျောင်းသားဘဝအကြောင်းကနေ ရုပ်ရှင်ဆီ ရောက်သွားပြန်ပြီ။
ဆယ်တန်းအောင်လို့ တက်မဲ့ တက္ကသိုလ်ကြီးကို ရောက်ကရော " မြကျွန်းလည်းမညိုနိုင်တော့ဘူး။ ကွမ်းလည်းမခိုနိုင်တော့ပါဘူး"။ "စာပေ၊ ဂီတနဲ့သာ အနုပညာ အစစမှာလည်းစုံ " ဆိုတဲ့ သီချင်းစာသားအတိုင်းဖြစ်ဖို့များ ဝေလာဝေး၊ ကျောင်းစာကြည့်တိုက်လေးတောင် စတည်တုန်း။ ဂီတမပြောနဲ့ ဂီတာတောင် ကျောင်းပင်မအဆောက်အအုံနဲ့ တော်တော်လှမ်းတဲ့ ကင်တင်းထဲမှာမှ တစ်လက်လောက်ရှိတာ။ သာချက်ကတော့ 9 လောက်ကိုရှိတယ်။ အင်းပေါ့လေ... ကိုယ်က ပထမဆုံးအသုတ်ဆိုတော့ ဂလောက်တော့ ခံရမှာပါ့။ သူငယ်တန်းကနေ ဆယ်တန်းအထိ ယောက်ျားလေးကျောင်းမှာ နေလာပြီး၊ ယောက်ျားလေး တက္ကသိုလ်ကြီးကို တက်ရတော့လည်း ကိုယ့်အတွက်ဘာမှ သိပ်တော့ မထူးခြားသွားဘူး။ ကျောင်းဝတ်စုံ အဖြူအစိမ်း ဝတ်ရတာနဲ့ အပြင်အဝတ်အစားဝတ်ရတာပဲ ကွာတယ်။ (ခုတော့ ကျောင်းတော်သားကြီးတွေ စတိုင်ပန်အပြာနဲ့ တီရှပ်အဖြူ ဝတ်နေရရှာပါပြီ။ .. ဒုက္ခိ..)။ ဝတ္ထုတွေထဲက တက္ကသိုလ်အထိန်းအမှတ် သစ်ပုတ်ပင်ကြီးတွေ၊ ကံ့ကော်ပင်တွေ၊ ရေတမာပင်တွေ အသာထား။ လောက်လောက်လားလား အရိပ်ခိုစရာ ညောင်ပင်တောင်မရှိ။ ရိုမက်တစ်ဆန်ချက်များပြောပါတယ်။ မနက်ကျောင်းကားမရှိလို့ (ကျွန်တော်တို့တုန်းက ကျောင်းကားရှားပါတယ်။) ကျောင်းကို တစ်ခုတည်းသော လိုင်းကား မ.ထ.သ ၂၁၈ နဲ့များ လာလိုက် လို့ကတော့ ကျောင်းရောက်လို့ ဒုတိယအတန်းချိန်မှီရင် ကံကောင်း။ လူလည်း ချွေးတလုံးလုံး ဖုံတလိမ်းလိမ်းနဲ့ မျောက်ရုပ်ပေါက်နေလောက်ပြီ။ အတန်းထဲမှာ ငမ်းစရာ မိန်းကလေးမရှိလို့တော်သေး။ သူ့အရပ်နဲ့ သူ့ဇတ်တော့ ကိုက်တယ်ဗျ။ ဘယ်သူငယ်ချင်းမှလည်း တယောက်မျက်နှာတစ်ယောက် စေ့စေ့ကြည့်တာမှ မဟုတ်တာ။ ယောက်ျားလေးအချင်းချင်း မင်းမျက်နှာကြီး ကြည့်နေမယ့်အစား အသေသာခံသွားမယ်ဆိုတဲ့ ကောင်တွေချည်းပဲ။
ဒါနဲ့ ကျွန်တော်တို့ ကျောင်းကြီးရဲ့ တည်နေရာကို ပြောပြရဦးမယ်။ ကျောင်းက ရန်ကုန်မြစ်ဝနားက သီလဝါဆိုတဲ့အရပ်မှာ ရှိတာဗျ။ ကျောင်းရှေ့မုခ်ဦးကို လမ်းကလေးကျော်လိုက်ရင် ဇာမဏီရေလှောင်ကန်ကြီး၊ ကျောင်းအနောက်ဖက်မှာ လယ်ကွင်းတွေ၊ လက်ဝဲဖက်မှာ အိမ်ခြေ ၂၀၊ ၃၀လောက်ရှိတဲ့ရွာ၊ (ဒါတောင်ကျွန်တော်တို့ ကျောင်းဆောက်တော့မှ ပေါ်လာတဲ့ရွာထင်တယ်။)၊ ရွာဘေးမှာ ၄စီးရှိပြီး ၃ စီးလောက် အမြဲပျက်နေတတ်တဲ့ မ.ထ.သ ၂၁၈ ကားဂိတ်နဲ့၊ အရက်ပုန်းရောင်းတဲ့ တဲ၊ ကျောင်းညာဖက်မှာ စေတီနဲ့ဘုန်းကြီးကျောင်း။
အစရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ တက္ကသိုလ်အဆောင်အယောင်တွေနဲ့ ပြည့်စုံနေတဲ့ မဟာတက္ကသိုလ်တော်ကြီးပရဝုဏ်ထဲကို ခြေချတဲ့နေ့မှာကို ငါဟဲ့...ယူနီဗာဆီတီ စတူးဒန့်ဆိုပြီး ကြွေးကြော်ချင်စိတ် ပေါက်လာမိတယ်။
ကြုံလို့ ကြွားရဦးမယ် ကျောင်းတက်လာတာ ငါးနှစ် (သန်လျင်ကျောင်းမှာ သုံးနှစ်ခွဲ) ထဲမှာ အသိမရှိတဲ့ တာဝ(ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်) သာ ချောင်းပေါက်အောင်ရောက်တာ၊ ကျောင်းဘေးက ဖန်ချက်တောရဆိုတဲ့ ဘုန်းကြီးကျောင်းကို တစ်ခါမှ မရောက်ဖြစ်တာ။ ဆရာတော်တွေလည်း ကံဆိုးရှာပါတယ်။ လူ့ဘောင်လောကကို စွန့်ခွာပြီးတောရ လာဆောက်တည်နေပါတယ်ဆိုမှ ဘေးမှာ မျောက်လောင်းပေါင်းထောင်ချီနေတဲ့ တက္ကသိုလ်ကြီးတစ်ခု ဖုန်း၊ဒိုင်းဆို ပေါ်လာပါလေရော။ ကျောင်းတင်ပဲလားဆိုတော့ မဟုတ်ဘူးဗျ။ ဒီဖက်မှာကျောင်း၊ ဟိုဖက်မှာ ကျောင်းသားတွေ အဆောင်။ Golden Flower ကနေ လာဆောက်ပေးတာ။ ယောက်ျားလေးတွေအဆောင်ဆိုတော့ ကျားကျားလျားလျားဖြစ်အောင်ထင်တယ် ပန်းရောင်ဖျော့ဖျော့လေး သုတ်ထားပေးတယ်။ အဆောင်နာမည်လည်းကြည့်ပါဦး ကန့်ကော်ဆောင်တဲ့။ ကောင်းရော။ ဒီအဆောင်နဲ့ ကျောင်းကြားမှာ ဘယ်ကဘယ်လိုဖြစ်ပြီး ဘုန်းကြီးကျောင်းရောက်သွားတယ်တော့ မသိပါဘူး။ ပြောရဦးမယ်.. ဘုန်းကြီးကျောင်းနာမည် "ဖန်ချက်တောရ" ဆိုတာကို ဘုန်းကြီးကျောင်းအဝင်ဝမုခ်ဦးမှာ ကမ္ဗည်းထိုးတားတယ်။ ဒါပေမယ့် စာလုံးတွေကလည်းသေး၊ အုတ်တံတိုင်းအဖြူပေါ်မှာ ဆေးအဖြူနဲ့ရေးထားတဲ့အပြင် အချိန်ကလည်းနည်းနည်းကြာပြီဆိုတော့ စာလုံးတွေက နည်းနည်းပျက်နေတယ်။ ဒါကို မျက်စိအတော်ကောင်းတဲ့ ကျောင်းသားတစ်ယောက်က
"ဟင်... ဘုန်းကြီးကျောင်းနာမည်ကလည်း အဆန်းပဲ။"
"ဘာဖြစ်လို့လဲ "ဆိုတော့
"ကြည့်ပါလား၊ ဘုန်းကြီးကျောင်းနာမည်ကြီးက "မန်ချက်စတာ" တဲ့" ဆိုပြီး အတည်ကြီးပြောတာဗျ။
ဘယ်လောက်တောင် ဘောပွဲကိုက်ထားတဲ့ ကောင်လဲမသိဘူး။
"ဖန် (မန်) + ချက် (ချက်) +ေ (စ) + တာ (တာ) ဆိုပြီး" မြင်ချင်တာမြင်တာ။ အဲလိုကောင်တွေ။
ဘုန်းကြီးကျောင်းပဲ မရောက်တာလား၊ မင်းတို့ကျောင်းနဲ့ ကျိုက်ခေါက်ဘုရားနီးနီးလေးပဲ ရောက်ဖူးလားဆိုရင်၊ ဟုတ်ကဲ့ ရောက်ဖူးပါတယ်။ တစ်ခါတိတိကို ရောက်ဖူးပါတယ်။ ကျွန်တော့်ရဲ့ ဘယ်နှနှစ်မြောက်မွေးနေ့မှန်းမသိတဲ့ မွေးနေ့တစ်ခုမှာ အမှတ်တရအဖြစ် တစ်ခေါက်တိတိရောက်ဖူးပါတယ်။ ကျွန်တော်တို့ အခင်ဆုံး သူငယ်ချင်းတစ်စု လုပ်နေကြထုံးစံတစ်ခုရှိတယ်။ ကျွန်တော်တို့ထဲက တစ်ယောက်ယောက် မွေးနေ့ရောက်ရင် မွေးနေ့ရှင်က မတည်ပြီး (ဇော်လတ်ဆိုတဲ့ကောင်ကတော့ ချွင်းချက်ပေါ့လေ။ ကိုယ်ကတောင် လမ်းစရိတ်ပြန်မပေးလိုက်ရရင် ထီသွားထိုး။ ကျိန်းသေပေါက်တယ်။) သူငယ်ချင်းတွေစုပြီး တနေရာရာသွားကြတယ်။ အများအားဖြင့် မြကျွန်းသာထဲက ဘီယာဆိုင်သွားတတ်ကြတယ်။ သူငယ်ချင်းတွေမွေးနေ့အများစုက သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာဆိုတော့ ဒီလတွေရောက်ရင် ကိုယ်တို့တသိုက် မြကျွန်းသာထဲမှာ တဝဲလည်လည်၊ တမူးမူးနဲ့ပေါ့ဗျာ။ အဲဒီ့တခေါက် ကျွန်တော့်မွေးနေ့မှာတော့ ကျိုက်ခေါက်ဘုရား သွားချင်တယ်ဆိုလို့ သူငယ်ချင်းတွေက ကြည်ကြည်ဖြူဖြူ ဆဲဆိုပြီးလိုက်ပို့ကြတယ်။ (ညီညီဆိုတဲ့အကောင် အဆိုးဆုံး။ သွားမရှိတဲ့ အဘွားကြီးအို ပီကေ စားနေသလို ပွစိ၊ ပွစိနဲ့ ....)။ သမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်ဘုရားကို ကျွန်တော်တို့ကျောင်းရှိတဲ့ မုခ်ဖက်ကနေတက်၊ လက်ယာရစ်တစ်ပတ်ပူဇော်တာတွေ၊ အလှူငွေထည့်တာတွေကို ဘင်လာဒင်အိမ်ကို ညဖက်ဝင်စီးတဲ့ အမေရိကန်ကွန်မန်ဒိုအမြန်နှုန်းနဲ့ လုပ်ဆောင်ပြီးသကာလ "ချစ်ကောင်းဆိုင်"သွားဖို့ GTCသွားတဲ့လမ်းဘက်မုခ်က ပြန်ဆင်းလာခဲ့ကြတယ်လေ။ ဒါကြောင့် ၁ ခေါက်တိတိရောက်ဖူးတယ်လို့ ပြောတာပါ။
"ချစ်ကောင်းဆိုင်..." နာမည်လေးက လှတယ်။ အဆိုတော်ချစ်ကောင်းကို ကြိုက်လွန်းလို့မှည့်ထားတာလား။ ဆိုင်ရှင်နာမည်ကိုက ချစ်ကောင်းလား။ လာသမျှဖောက်သည်တွေက ချစ်လည်းချစ်သွားစေ၇မယ်။ ကောင်းလဲကောင်းသွားစေရမယ်ဆိုတဲ့ အဓိပ္ပါယ်လား၊ ဘာလားတော့ မသိဘူး။ ကျွန်တော်တို့ သိတာက ချစ်ကောင်းဆိုင် သည် ထန်းရည်ဆိုင်ဖြစ်သည်။ အဆိုတော်ချစ်ကောင်းနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့တွဲဆိုတဲ့ "လူကြမ်းလေး" သီချင်းထဲက အလိုက်အတိုင်းဆိုရရင်တော့ "ဦးချစ်ကောင်းနဲ့ ထန်းရည်ဆိုင် ... ဦးချစ်ကောင်းနဲ့ ထန်းရည်ဆိုင်။" အဲလို ဆိုရမယ်ထင်တယ်။ ဆိုင်က သန်လျင် GTC သွားတဲ့လမ်းမဘေးမှာ ကပ်ရက်ရှိတာ။ သူ့နယ်တဝိုက်မှာတော့ သူကနာမည်ကြီးပဲ။ ထန်းရည်ကောင်းလို့တော့ မဟုတ်လောက်ဘူး။ သူ့ဆိုင်ကထန်းရည်တွေလည်း သူများထန်းရည်ဆိုင်တွေကလိုပဲ ဘီအီးတွေ၊ ဘာတွေနဲ့ ရောတာပဲ။ ဆိုင်နေရာနဲ့ အခင်းအကျင်းကြောင့် နာမည်ကြီးတာ ဖြစ်လိမ့်မယ်။ သန်လျင်က တခြားထန်းရည်ဆိုင်တွေနဲ့မတူတာကတော့ ထန်းပင်အောက်မှာကို တဲထိုးပြီး ဆိုင်ဖွင့်ထားတာ။ တဲက တော်တော်ကြီးတယ်။ ဘေးမှာ အကာတွေ ဘာတွေလည်းမရှိဘူး။ တဲဆိုပေမယ့် သန့်ရှင်းတယ်ဗျ။ လေဝင်လေထွက်ကောင်းတော့ အသက်ရှုချောင်တယ်။ လမ်းမဘေးကပ်လျက်ဆိုပေမယ့် ကားလမ်းမနဲ့တဲက တော်တော်လှမ်းသေးတော့ ကားသံတွေ၊ ဘာတွေလည်း သိပ်ဆူဆူညံညံမရှိဘူး။ အေးဆေးပဲ။ ထိုင်စရာခုံ မထားပေးဘူး။ မြေကြီးပေါ် သင်ဖြူးဖျာခင်းပေးထားတယ်။ အလယ်မှာ ခြေတံတိုထမင်းစား စားပွဲခပ်ကြီးကြီးတလုံးရှိတယ်။ သူငယ်ချင်းတွေ အားလုံးဝိုင်းထိုင်ပေါ့။ ပဲကြီးလှော် တွေကို ဖျာပေါ်ကြဲပေးထားတယ်။ ချစ်ကောင်းဆိုင်က ထန်းရည်ကို မြူနဲ့ရောင်းတယ်။ တခြားသန်လျင်က
ထန်းရည်ဆိုင်တွေလို ပုလင်းလိုက်မဟုတ်ဘူး။ အဲ.. လေးမြူလောက်မှာရင်တော့
ကျည်တောက်နဲ့ချပေးတယ်။ ဝါးကျည်တောက် ခပ်ကြီးကြီးထဲကို ထန်းရည်ထည့်ထားတာ။
သဘာဝ အအေးဓါတ်လေးရတာပေါ့ဗျာ။ ကျွန်တော်ထင်တယ် တစ်ကျည်တောက်ဆို ၁၀
လီတာလောက်တော့ ရှိမယ်ထင်တယ်။ ဓနိမိုးတဲအောက်က မြေကြီး အေးအေးလေးမှာထိုင်၊ ထန်းရည်ခပ်ချဉ်ချဉ်လေးတစ်ခွက်လောက်သောက်၊ ဘေးက ဒလဟောတိုက်လာတဲ့ လေအေးတွေကို ခံစား၊ ပဲကြီးလှော်လေးကို တမြုံ့မြုံ့ဝါးပြီး ခါးတွင်းချဉ်လာရင် ခြင်္သေ့သုံးကောင်ဆေးပေါ့လိပ်လေး ဖွာပြီး တလူလူတက်သွားတဲ့ မီးခိုးငွေ့လေးတွေကို တရိပ်ရိပ်လိုက်ကြည့်နေရတာလောက်ကောင်းတဲ့ စည်းစိမ်ဘယ်မှာ ရှိမှာတုန်းဗျာ။ ထန်းရည်က ဆေးပေါ့လိပ်နဲ့မှ လိုက်တာဗျ။ ပုံမှန်ဆို ဆေးပေါ့လိပ်က သောက်နေကျမဟုတ်ရင် ရှတတလေးဖြစ်ပေမယ့် ထန်းရည်လေးဝင်သွားလို့ ခံတွင်းချဉ်လာရင် ဆေးပေါ့လိပ်က အကောင်းဆုံးပဲ။ အဆီခံပြောင်းဖူးဖက်လေးကို အံသွားနဲ့ဖွဖွလေးခဲပြီး ယူစမ်းဗျာ။ တကယ့်ဖီးလ်။ ဒါမျိုးအချိန်ကို ဒူဘိုင်းက ဆဲဗင်းစတားဟိုတယ်ကြီးပေါ်မှာထိုင်ပြီး King label ခွက်နဲ့တောင် မလဲနိုင်ဘူး။ ချစ်ကောင်းဆိုင်က အမြည်းလား။ စုံပါ့။ ရန်ကုန်မှာ မရှိတဲ့ လယ်ကြွက်ကျော်တို့၊ ဘာတို့လည်းရှိတယ်။ အလိုက်ဆုံးကတော့ ပဲကြီးသုတ်။ ပဲကြမ်း ကျွတ်ကျွတ်လေးတွေကို ကြက်သွန်နီများများ၊ ဆီရွှဲရွှဲမှာ ဆား၊ အချိုမှုန့်နည်းနည်းနဲ့ သုတ်ထားတာ။ ဘာစားကသလဲတော့ မမေးနဲ့။ ဒါမျိုးမစားတတ်ဘူးလား။ ဆေးဘဲဥသုတ်စားမလား၊ ဒါမှမဟုတ် ကြက်ဥမွှေကြော်ပူပူလေးစားမလား။ ရှိပါ့။ စားကောင်းကောင်းနဲ့စားပြီး ဗိုက်ပြဿနာတတ်ရင်တော့ မပြောတတ်ဘူး။ ဒါမျိုးတွေ သိပ်မစားတတ်တဲ့ ကျွန်တော့်သူငယ်ချင်း ညီညီတို့အတွက်တော့ ကျောင်းတော်ကြီးမှာ အပတ်တကုတ်ပညာရှာနေတဲ့ သားတော်မောင် အကောင်းစားလေးတွေ ဆာရင်စားဖို့ (အမေတွေလည်း သိပြီးသာပါ။ ကျောင်းမှာ မရှိမှန်း) အိမ်က ထည့်ပေးလိုက်တဲ့ ထမင်းချိုင့်လေးတွေ ဖွင့်ကြပေါ့ဗျာ။ ငဖြိုးအိမ်က ဟင်းချက်တာ ကောင်းတယ်ဗျ။ မြန်မာပီပီ ဆီတော့ အသုံးများတယ်။ ဒီကောင်က ကျွန်တော့်မာတာမိခင် ချက်တဲ့လက်ရာကို ကြိုက်တယ်။ အောင်ကိုမြတ်အိမ်ကတော့ တရုတ်စားသောက်ဖွယ်ရာတွေပေါ့။ ဗမာဟင်းပဲဖြစ်ဖြစ်၊ ရခိုင်ဟင်းပဲဖြစ်ဖြစ်၊ တရုတ်ဟင်းပဲလာလာ နောက်ဆုံးတော့ အမြည်းဖြစ်သွားကြတာချည်းပဲ။ ကံကောင်းထောက်မလို့ ကျွန်တော့်အိမ်က အမဲကြော်ဖြစ်ဖြစ်၊ ငဖြိုးအိမ်က ဆတ်သားခြောက်ကြော်ဖြစ်ဖြစ် ပါလာလို့ကတော့ ထန်းရည်မြူတွေက စီမံကိန်း လျာထားချက်နဲ့ပြည့်မှီတဲ့အပြင် ဟိုဖက်ပါ လွန်လွန်သွားတတ်တယ်။ တကယ်တမ်း ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ ဒီခွေးမသောက်တဲ့ အရည်တွေသောက်တာ ကျွန်တော်၊ ငဖြိုး၊ ငညီ နဲ့ ဇော်လတ်လောက်ပဲ ရှိတယ်။ ရှမ်းဆိုတဲ့ ငတိရယ်၊ အောင်ကိုမြတ်ဆိုတဲ့ တရုတ်လေးရယ်၊ တခါတခါပါလာတတ်တဲ့ သက်ဝေဆိုတဲ့ တွတ်ပီရယ်က လုံးလုံးမသောက်။ ချစ်ကောင်းဆိုင်မှာဆို ဒီကောင်တွေ ဝိုင်းဘေးမှာ ဘောလုံးဂျာနယ်ထိုင်ဖတ်နေတဲ့ကောင်တွေ။ အပါယ်ခံတွေပေါ့။ ဒါတောင် ဇော်လတ်နဲ့ ညီညီက သိပ်သောက်တာမဟုတ်ဘူး။ ဒါပေမယ့် သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ အချိန်တန် ငွေရှင်းရင်တော့ စုပေါင်းကျခံစေသတည်းပေါ့။ သုံး၊လေး နာရီလောက် ချစ်ကောင်းဆိုင်မှာ ခွေးမသောက်တဲ့အရည်တွေသောက်ပြီးရင် ထန်းရည်ဆိုင်ရှေ့က လိုင်းကားတားစီးပြီး မဟာရန်ကုန်ရွှေမြို့တော်ကြီးကို counter ပစ်ဖို့ ချီတက်ကြပါလေတော့သည်။
ကျောင်းသားဘဝက သူငယ်ချင်းများအား အမှတ်တရ ပြန်ရေးပါသည်။
နောက်တခေါက်မှ ငယ်ကျိုးငယ်နာများဖေါ်ထုတ်ပါမည်။ ရန်ဖြစ်ဖူးသူများ သတိထားကြပါကုန်လော့ ....။
ကျေးဇူးတင်စွာဖြင့်
လွယ်အိတ်
(၁၉.ဇွန်.၁၂)
မှတ်မိသေးတယ်... ထမလုံကဆိုင်မှာထိုင် ညနေစောင်းတော့ ကားကမရှိ ကျိုက်ခေါက်ကို တစ်ကြော့မပြန်ပဲ နွားခြံတွေထဲဖြတ်ပြီးတော့ ကံကော်ဆောင် (အရင်တုန်းက မင်နန္ဒာ ဆောင်)ကိုပြန်... လူတွေအကုန်လုံးက လိမ်စောင်းပြီးတော့ ထန်းရည်ကတက်တော့ အကုန်လုံး ကော့လန်၊ ကော့လန်... ဘယ်နှယ်ဘယ်လို ပြန်ရင်း ပြန်ရင်းနဲ့ ကျိုက်ခေါက်ဘုရားဖက်ရောက်သွားတယ်မသိ... လမ်းချော်သွားပုံပြောပါတယ်.. အဲ့ အဲ့ဒီမှာ ၀က်သားဒုတ်ထိုးဆိုင်တွေ့တာပဲ... စားကောင်းကောင်းနဲ့ စားလိုက်တာ ထန်းရည်နဲ့ ၀က်သား.. "အို.. ပန်ကမ္ဘာကိုရောက် အို.. ပန်းကမ္ဘာကိုရောက်" ပဲ... :P
ReplyDeleteKaung dal byar phat loe a yan kaung dal......lwan mi par thi university......
ReplyDelete