6/18/12

သမိန်ဗရမ်း-၂ (နိုင်ပန်းလှ)

ဒေါက်တာနိုင်ပန်းလှ ပြုစုသော ရာဇဓိရာဇ် အရေးတော်ပုံကျမ်းမှ ကူးယူဖေါ်ပြပါသည်။ 

မင်းမဟာရာဇာသည် အင်းဝမြို့ပြင်သို့ထွက်၍ တရုတ်ပြည့်ရှင်အား လက်ဆောင်များနှင့် ရာဇသံစာကို ဆက်သလေ၏။ စာတွင်
"ရတနာပူရအင်းဝ ရွှေနန်းသခင် ကြားရောက်အပ်သော စိန့်ပြည့်ရှင်မင်း။ ငါတို့၏ သူရဲကောင်း တစ်ဦးနှင့်တစ်ဦး မြင်းစီးချင်းတိုက်ခိုက်သည်ကို မျက်မှောက်ပြုလျက် ရှုစားလိုသည့်အတိုင်း ယခုအခါ ငါတို့ဘက်က အစစအရာရာ စီစဉ်ထားပြီး ဖြစ်ပါသည်။ လာမည့် ကြာသာပတေးနေ့တွင် ၇ ရက် ပြည့်မြောက်ပြီး ဖြစ်သည်။ ၎င်းနေ့တွင် ချိန်းဆိုထားသည် ဖြစ်ပါ၍ စစ်ထိုးမည့် သူရဲကောင်းကို စေလွှတ်လိုသည်။ မြင်းစီးချင်း ထိုးမည့်စစ်ပွဲကို ငါတို့မင်းနှစ်ပါးနှင့် မှူးမတ်သေနာပတိများ ရှုစားကြရပေတော့မည်"

   ဘုရင်မင်းခေါင်ထံမှ စာကိုရလျှင် စိန့်ပြည့်ရှင်လည်း လွန်စွာဝမ်းသာ၏။ မကန်းခြေသည်း ငါးခုပါသော ခြေနင်းတစ်စုံနှင့် ပုလဲစီသော ရွှေကကြိုးတစ်ဆင်စာတို့ကို လက်ဆောင်တုံ့တော်မူ၏။ ဘုရင်မင်းခေါင်လည်း နှလုံးမွေ့လျော်တော်မူ၏။ မင်းနှစ်ပါးတို့ ချိန်းချက်ပြုပြီးသော် အင်းဝမြို့မုခ်ဝ အရှေ့ဘက်ကျုံးနားတွင် စစ်ကွင်းကို စီရင်စေ၏။ စစ်ကွင်းတဖက်စီတွင် သာလာယံဇရပ်များ ဆောက်လုပ်စေ၏။ စစ်ပွဲကို ဇရပ်ထက်မှ တစ်ဖက်စီ တစ်ဖက်စီတွင်နေပြီး မင်းနှစ်ပါးတို့ ရှုစားကြရန်ဖြစ်သည်။ စစ်ကွင်း၏ အနံမှာ ဆယ်ဧကမျှ ကျယ်ပြန့်သည်။

   နှစ်ဖက်သော မှူးမတ်သေနာပတိများသည် မိမိတို့သက်ဆိုင်ရာ ဇရပ်များကို ဆောက်လုပ်ကြသည်။ ဇရပ်များတွင် လှပတင့်တယ်စွာ တင်းတိမ်ကာခြင်း၊ ဗိတာန်မိုးခြင်း၊ အလံတံခွန်များဖြင့် မွမ်းမံ၍ ကျက်သရေမင်္ဂလာတို့နှင့် ပြည့်စုံအောင် ပြုပြင်ကြသည်။ ချိန်းဆိုထားသည့် နေ့ရက် အချိန်ကာလရောက်လတ်သော် ရေမြေ့ရှင် မင်းနှစ်ပါးတို့သည် မိမိတို့၏ ဇရပ်သို့ အသီးသီးထွက်တော်မူကြ၏။ မှူးမတ်သေနာပတိ ဗိုလ်ပါ သူရဲသူခက်များလည်း တစ်ဖက်တစ်ချက်စီတွင် အသီးသီးနေရာယူကြသည်။
ဗိုလ်ကာမဏိသည် ရွှေဖြင့်ပြီးသော ချပ်ဝတ်တန်ဆာကို ဝတ်ဆင်သည်။ ရွှေခါးစည်းကို ချည်သည်။ မြင်းစီးချင်း၌ သုံးရသည့်လက်နက်များကို လွယ်လျက် မြင်းထက်သို့တက်ကာ စစ်ပွဲရှုမည့် ပရိတ်သတ်ထု၏ အလယ်ဗဟိုသို့ ထွက်ခဲ့လေသည်။
သမိန်ဗရမ်းသည် အင်္ကျီကိုဝတ်ပြီး ရွှေစလွယ်ကို သိုင်းသည်။ ရွှေဖြင့် မွမ်းမံထားသော ခေါင်းပေါင်းအနီကို ပေါင်းသည်။ ရွှေဆွဲကြိုး၊ ရွှေလက်ကြပ်၊ ရွှေလက်ကောက်၊ ရွှေလက်စွပ်များကို ဝတ်ဆင်သည်။ လက်သန်းတွင် နဝရတ်ကိုးပါး လက်စွပ်တစ်ခြည်ကို ဝတ်သည်။ ပြီးလျှင် ဓါးရှည်ကိုလွယ်ကာ မြင်းထက်သို့တက်၍ ပရိသတ်တို့၏ အလယ်ဗဟိုသို့ မြင်းကိုကလျက် ထွက်ခဲ့လေသည်။
    သမိန်ဗရမ်းသည် ချပ်ဝတ်တန်ဆာဖြင့် အပြည့်အဝ ဝတ်ဆင်ထားသော ကာမဏိအားကြည့်ပြီး လှံဖြင့်ထိုးရန် နေရာကို ရှာ၏။ ထိုးခုတ်ရန် နေရာကို မမြင်သဖြင့် အကြံထုတ်၏။

    "ကာမဏိသည် ချပ်ဝတ်တန်ဆာကို အပြည့်ဝတ်ထားသည်။ လက်နက်လည်း ပြည့်စုံသည်။ လျင်မြန်ပေါ့ပါးသည်။ သူ့မြင်းနှင့် ငါ့မြင်းမှာ အင်အားတူမျှကြသည်။ ထိုးခုတ်ဖို့နေရာကိုရှာရန် သူ့အားပရိယာယ်ပြု၍ ကစေမှတော်မည်။ မြင်းတို့မည်သည် ကခုန်ရသဖြင့် အင်အားပျော့လာချေမည်။ သို့မှသာလျှင် သူ့အား ငါအနိုင်ယူ ထိုးခုတ်ဖို့ လွယ်ကူမည်" ဟု စဉ်းစားဆင်ခြင်ပြီး သိမ်မွေ့စွာဖြင့် ကာမဏိကို ဆို၏။

   "ငါတို့ နှစ်ဦးသည် အခြားသော သူရဲကောင်းများထက် ဂုဏ်ထူးဝိသေသနှင့် ပြည့်ဝသော သူရဲကောင်းများဖြစ်ကြသည်။ ယခု ငါတို့နှစ်ဦးသည် အဝသာန်(အဆုံး)ကာလအဖြစ် သေရေးရှင်ရေးအတွက် စစ်ထိုးခြင်း ဖြစ်ပေသည်။ ငါတို့၏ ကျော်ကြားသည့်အမည်ကို ရာဇဝင်တွင်ရစ်အောင် အဆုံးကာလာရောက်သည်အထိ တည်ရှိစေလိုသည်။ ယခု ငါတို့သည် အနိုင်အရှုံးကို တစ်ခါတည်း ဆုံးဖြတ်နိုင်ရန် တိုက်ခိုက်လိုက်ပါက စစ်ထိုးသည့် ပုံပန်းသဏ္ဌာန် ဟန်အမူအရာအားလုံးကို ပရိတ်သတ်များ မြင်ရမည် မဟုတ်။ ငါတို့သည် တစ်ဦးကိုတစ်ဦး အန္တရာယ်မပြုကြနှင့်ဦး။ အဆွေတော်သည် မြင်းထက်တွင် လက်နက်ကိုင်၍ သီချင်းသီဆိုလျက် ကဟန်ရှိသမျှ ကပြပါ။ အဆွေတော် ကပြသလိုတူအောင် ငါလိုက်၍ကမည်။ နောက်တဖန် ကဟန်အမျိုးမျိုးဖြင့် ငါကပြမည်။ ငါ ကသလို တဖန်တူအောင် အဆွေတော်လိုက်ကစေလိုသည်။ မင်းဧကရာဇ်နှစ်ပါးနှင့် မှူးမတ်သေနာပတိ ဗိုလ်ပါများအား ပြသရန်ဖြစ်ပါသည်။ ငါတို့ သူရဲကောင်းနှစ်ဦးသည် ကဟန်ရှိသမျှ ကုန်စင်အောင်ကပြပြီးသော် အနားယူလိုက အနားယူကြမည်။ ထိုအခါကျမှ အနိုင်အရှုံးကိုယူရန် အစွမ်းကုန် တိုက်ခိုက်ထိုးခုတ်ကြစေလိုသည်။ အဆွေတော် သဘောတူလျှင် သည်အကြောင်းကို နှစ်ဦးနှစ်ဖက်သော မင်းဧကရာဇ် နှစ်ပါးတို့ထံ အကြောင်းကြားစေမည်။"
ဟု သမိန်ဗရမ်းဆိုသည်ကို ကာမဏိကြားလျှင် ဝမ်းသာ၏။ "သင့်တော်ပါသည်။ သို့သော် ငါတို့သည် ဧည့်သည်ဖြစ်၍ အဆွေတော်သည် အိမ်ရှင်ဖြစ်၏။ ငါသည် ဧည့်သည်ဖြစ်၍ အလျင်ကမည်။ ငါကသလို တူအောင် အဆွေတော် လိုက်၍ကပါ" ဟု ကာမဏိဆိုပြီး ဓါး၊ လှံ၊ ဒိုင်း၊ လွှားတို့ကိုကိုင်၍ မြင်းကိုနှင်ကာ သီဆိုကခုန်သည်။ သမိန်ဗရမ်းသည် ကာမဏိကသလိုတူအောင် လိုက်၍ကသည်။ ယင်းသို့ ကာမဏိကသလို သမိန်ဗရမ်းသည် တူအောင်နောက်မှလိုက်၍ကသည်ကို စိနပြည့်ရှင်နှင့်တကွ အင်းဝပြည့်ရှင် ဘုရင်မင်းခေါင်တို့က စိတ်ဝင်စားစွာ ရှုစားတော်မူကြ၏။ ကြည့်ရှု၍အလွန်ကောင်းသည်။ ပုံပန်းသဏ္ဌာန်ကောင်းလှသည်။ လျှင်မြန်ဖျတ်လတ်၍ သွက်လက်ချက်ချာသည်။ နတ်မြင်းသည်များ၊ ဇော်ဂျီဝိဇ္ဇာဓိုရ်များ လာရောက်ကပြနေသလားဟူ၍ ထင်မှတ်လောက်ပေသည်။

    ယင်းသောအခါ နှစ်ဖက်သော စစ်သေနင်္ဂဗျူဟာဗလဂ္ဂ စစ်သည် သူရဲတို့သည် လက်နက်များနှင့်တကွ စီးချင်းတိုက်ပွဲကို အားရပါးရ ရှုစားကြသည်။ ဧကရာဇ်မင်းနှစ်ပါးတို့နှင့်တကွ မှူးမတ်သေနာပတိ ဗိုလ်ပါများသည် ကာမဏိနှင့် သမိန်ဗရမ်းတို့အား လွန်စွာချီးကျူးထောမနာ ပြုကြသည်။

     ဧကရာဇ်မင်းနှစ်ပါးတို့၏ မင်းပုရိသတ် ဗိုလ်ပုံအလယ်တွင် နတ်မြင်းသည်တော်များ ဆင်းသက်လာ၍ လက်နက်စုံညီစွာဖြင့် လှပတင့်တယ်စွာ ကပြနေသလို ဖြစ်တော့သည်။ မျက်စိနှစ်လုံးဖြင့် အလျင်မှီအောင် မကြည့်နိုင်ကြပေ။ ကာမဏိကိုကြည့်ပြီး သမိန်ဗရမ်းကို ကြည့်ရသည်။ ရှုမငြီးဖွယ် ရှုကွင်းရှုကွက်ကောင်းလွန်း၍ မျက်စိတံခွန်ဟု ဆိုလောက်သည်။ မျက်စိပသာဒကျလှသည်။ ကာမဏိ ကဟန်ကုန်လျှင် သမိန်ဗရမ်းသည် ကဟန်အမျိုးမျိုးဖြင့် ကပြပြန်သည်။ ကာမဏိလည်း တု၍စီးသည်။ လက်နှစ်ဖက်ကို ဆန့်တန်း၍စီးသည်။ ကာမဏိလည်း လက်နှစ်ဖက်ကို ဆန့်တန်း၍စီးပြသည်။ ကာမဏိ၏ ချပ်ကြိုးအချိတ်အဆက်ကို မြင်သာအောင် သမိန်ဗရမ်းသည် ပရိယာယ်လုပ်၍ ကသည်။ ဓါး၊ လှံ၊ ဒိုင်း၊ လွှားတို့ကိုကိုင်လျက် လက်ဝဲလက်ကို လက်ယာသို့ချ၍ လက်ယာလက်ကို အထက်သို့မြှောက်တန်းလိုက်သည်။ လည်ကို ကိုင်း၍ချသည်။ ကာမဏိလည်း တု၍ပြုလုပ်သည်။ ပက်လက်လှန်၍လည်းကောင်း၊ မှောက်လျက်လည်းကောင်း၊ လက်ယာလက်ကို ဝဲဘက်သို့ချ၍ လက်ဝဲလက်ကို အထက်သို့ဆန့်တန်း၍လည်းကောင်း၊ လည်ကို ဘယ်ပြန်၊ ညာပြန်လှည့်၍ လည်းကောင်း၊ မော့၍လည်းကောင်း၊ နောက်ကျောသို့လည်းကောင်း အမျိုးမျိုးအဖုံဖုံ ပြုလုပ်၍စီးပြသည်။

      ကာမဏိသည် သမိန်ဗရမ်း၏ ပရိယာယ်ကိုမသိ။ မြန်မာတို့၏ ကဟန်ပင်ဖြစ်သည်ဟု မှတ်သည်။ အနည်းငယ်မျှ သံသယမရှိပေ။ သမိန်ဗရမ်းကသမျှ တစ်စမကျန်တူအောင် တု၍ကပြသည်။ လက်ကိုအထက်သို့မြှောက်ထားစဉ် ကာမဏိ၏ ချိုင်းကြားနှစ်ဖက်တွင် ချပ်ကြိုးအဆက်ပြတ်၍ ဟနေသည်ကို လည်းကောင်း၊ လှုံဖြင့်ထိုး၍ ဓါးရှည်ဖြင့်ခုတ်နိုင်သည်တို့ကို သမိန်ဗရမ်းသည် အမှတ်တမဲ့ မှတ်သားလိုက်ပြီး သည်နောက် "ကဟန်ကုန်ပြီ " ဟု ရုတ်တရက်ဆို၍ အနားယူလိုက်သည်။

  "ငါတို့သည် ကဟန်အမျိုးစုံကို ကပြပြီးပြီ။ ယခုအချိန်မှစ၍ အရှုံးအနိုင်ကို ဆုံးဖြတ်ရန် ငါတို့အစွမ်းရှိသလောက် ထိုးခုတ်တိုက်ခိုက်ကြပါစို့ ။  " ဟု သမိန်ဗရမ်းဆိုသည်။

   ကာမဏိလည်း "ကောင်းပြီ၊ တိုက်မည်" ဟု ဆို၍ မြင်းကိုနှင်ကာ သမိန်ဗရမ်းထံ ဝင်လာသည်။ သမိန်ဗရမ်းလည်း ထွက်၍ခံနှင့်သည်။ အမျိုးမျိုးအဖုံဖုံ ထိုးခုတ်တိုက်ခိုက်ကြသော်လည်း ချက်ကောင်းမရကြပေ။ သို့စဉ် သမိန်ဗရမ်းကြံ၏။ "သည်လိုသာ ထိုးခုတ်တိုက်ခိုက်နေလျှင် သူ့ကိုနိုင်ဖို့ခက်သည်။ သူ့မြင်းမှာ အင်အားမလျော့သေး။ သူ့မြင်းကို အင်အားလျော့အောင် ပြုပြီးမှ သူ့ကိုထိုးခုတ်ရန် လွယ်တော့မည်။"

   ယင်းသို့ အကြံရပြီးသည်နှင့် ရှုံးလေဟန် ဆုတ်၍ပြေးသည်။ ကာမဏိလည်း သမိန်ဗရမ်းပြေးလျှင် ဒုန်းစိုင်း၍လိုက်သည်။ တစ်ချီတစ်ချီတွင် သမိန်ဗရမ်းသည် ရုတ်ခြည်းလှည့်၍ တိုက်ခိုက်သည်။ ထို့နောက်ပြေးပြန်သည်။ ထို့နောက် လှည့်၍တိုက်ခိုက်ပြန်သည်။ ယင်းသို့ ပြေးတစ်ချီ တိုက်တစ်လှည့်နှင့် ပြေးရင်းလွှားရင်းပင် ဖြုတ်ချည်းလှည့်၍ ထိုးခုတ်ပြန်သည်။ ကြာလျှင် သမိန်ဗရမ်း၏ ပရိယာယ်ကြောင့် ကာမဏိ၏ မြင်းအင်အားမှာ ပျော့ညံ့လာတော့၏။ ကာမဏိလည်း မောပန်းလာ၏။ သို့ဖြစ်၍ သမိန်ဗရမ်း၏ အလှည့်ကို အလျင်မီအောင် ကာမဏိမလိုက်နိုင်တော့ပေ။

   သို့စဉ် ကာမဏိလက် အထက်သို့ မြှောက်ထားသည့် အခွင့်ကောင်းရသည်နှင့် သမိန်ဗရမ်းသည် ကာမဏိ၏ ချိုင်းကြားကို ဗြုန်းဒိုင်း လှံဖြင့်ထိုးလိုက်သည်။ တဖက်သို့ စောင်းကျစဉ် ကာမဏိ၏ လည်ကို ဓါးရှည်ဖြင့် ခုတ်ဖြတ်လိုက်သည်။ ကာမဏိ၏ ဦးခေါင်းလည်း ထက်ပိုင်းပြုတ်ကျလေ၏။ မြေသို့မရောက်မီ သံချွန်းဖြင့် ဖြင်းခနဲချိတ်ယူပြီး သံခြင်း၌ထည့်ကာ သီဆိုကခုန်လျက် ပရိတ်သတ်ဗိုလ်ပုံအလယ်မှ ဖြုန်းခနဲခွာ၍ ဘုရင်မင်းခေါင်ရှိရာ သာလယံဇရပ်ရှေ့သို့ မြင်းကိုနှင်ခဲ့လေသည်။

စိနပြည့်ရှင်မင်းနှင့်တကွ မှူးမတ်သေနာပတိ ဗိုလ်ပါများသည် မမျှော်လင့်ဘဲ ကာမဏိကျ၍ သမိန်ဗရမ်းနိုင်သည်ကိုမြင်လျှင် ဖျပ်ဖျပ်လန့်မျှ အံ့သြကြသည်။ ထို့နောက် ကာမဏိအလောင်းကို သိမ်းဆည်း၍ သင့်တော်သောနေရာ၌ မြှပ်နှံကြပြီးလျှင် မိမိတို့တပ်စခန်းသို့ အသီးသီးပြန်ကြသည်။ 

သမိန်ဗရမ်းသည် ကာမဏိ၏ ဦးခေါင်းကို ခြင်းဖြင့်ယူ၍ လာရောက်ဆက်သလျှင် ဘုရင်မင်းခေါင်သည် လွန်စွာပီတိသောမနဿ ဖြစ်တော်မူသည်။ ထို့နောက် မှူးမတ်ဗိုလ်ပါများနှင့်တကွ အင်းဝမြို့တွင်းသို့ ဝင်တော်မူ၏။ အင်းဝသားများသည် သမိန်ဗရမ်းအား ချီးကျူးထောမနာပြုကြ၏။ "သမိန်ဗရမ်းသည် နတ်မြင်းသည်တော်အလား စွမ်းပကား ကြီးမားပါပေသည်။ ကာမဏိခေါင်းကို မြေသို့မခစေဘဲ ယင်းသို့ ပြုနိုင်ချေသည်" ဟုဆိုကြ၏။ သမိန်ဗရမ်းအား အမျိုးမျိုးမြှောက်စား၍ ကောင်းချီးသြဘာပေးကြသည်။

တရုတ်ဘက်မှ ဗိုလ်မင်းတပ်မင်းများသည် ကာမဏိကျဆုံးသဖြင့် ဗြုန်းဗြင်းဆန်ပြီး လွန်စွာ မကျေမနပ်ဖြစ်ကြသည်။

    "အရှင်မင်းကြီးသည် အင်းဝနိုင်ငံကို လက်အောက်ခံပြုလို၍ စစ်ချီခဲ့သည် မဟုတ်လော။ ကာမဏိလို သူရဲကောင်းတစ်ယောက် ကျဆုံးခဲ့သော်လည်း အင်းဝကို ကျွန်ုပ်တို့ ရအောင် တိုက်နိုင်ပါသေးသည်။ အင်းဝမြို့ရိုးကို နင်းပြီးမှ အချည်းအနှီး အလာဟဿ ပြန်သွားရမည်ဆိုလျှင် ကျွန်ုပ်တို့သည် မြန်မာတို့အား အလွန်ရှက်လှပါသည်။ ကျွန်ုပ်တို့သည် တစ်ယောက်လျှင် မြေကြီးတစ်တုံးစီဖြင့် အင်းဝမြို့တွင်းသို့ ပစ်သွင်းလိုက်ပါကလည်း အင်းဝမြို့ရိုးမှာ တစ်ခဏချင်း မြုပ်သွားနိုင်ပေသည်။ "ဟု စိနပြည့်ရှင်မင်းထံ လျှောက်တင်ကြသည်။

    "ငါသည် မြင့်မြတ်ကြီးမားသော ခတ္တိယမင်းတစ်ပါးဖြစ်သည်။ သစ္စာစကား ဆိုထားပြီးလျက် ပြန်လည် ဖျက်ပစ်ရန် လားလားမျှ မတော်ပေ။ မင်းတို့အလိုအတိုင်း လိုက်နာခဲ့သော် နောင်ကို မြန်မာတို့က "တရုတ်တို့သည် သစ္စာမရှိ၊ ကတိမတည်"ဟု ကဲ့ရဲ့ပြောဆိုကြချေမည်။ ငါသည် လူ့စည်းစိမ်သမ္ပတ္တိ၊ ရွှေငွေဥစ္စာပစ္စည်းကို မဆိုထားနှင့်ဦး။ သိကြားမင်း၊ နတ်မင်း၏ ဒိဗ္ဗကမ္ပတ္တိ ဥစ္စာပစ္စည်းထက် သစ္စာတရားကို ပို၍ချစ်သည်" ဟု မိန့်တော်မူပြီးလျှင် မှူးမတ်ဗိုလ်ပါ သေနာပတိများနှင့် စစ်တပ်ကြီးကို နုတ်၍ စိနပြည်သို့ ပြန်တော်မူသည်။

    ရတနာပူရ အင်းဝရွှေနန်းထက်တွင် ဘုရင်မင်းခေါင်သည် ညီလာခံသို့ ထွက်တော်မူလျှင် မှူးမတ်သေနာပတိများအား "ငါ၏ ရာဇပုရောဟိတ် ဟူးရားတို့က အင်းဝ၏ ဂြိုလ်အနေအထား ကောင်းမွန်သည်။ မြတ်သော လာဘ်လာဘတွေ ရမည်ဟု ဟောပြသည့်အတိုင်း မှန်ပေသည်။ သို့ဖြစ်၍ ရာဇပုရောဟိတ်နှင့် မြင်းရှင်မုဆိုးမတို့အား ဥပဘောဂနှင့် ပရိဘောဂများ ချီးမြှင့်စေ"ဟု မိန့်တော်မူ၏။ ထို့နောက် ဆက်လက်၍

 "သည်တစ်ကြိမ် စိနပြည့်ရှင်မင်းသည် ငါတို့နိုင်ငံသို့ အင်အားကြီးမားစွာဖြင့် စစ်ချီလာသည်မှာ မြေပြင်ကြီးတုန်လှုပ်သွားသကဲ့သို့ပင် ဖြစ်တော့သည်။ တရုတ်သူရဲကောင်း ကာမဏိကို ခံဝံ့သူမရှိ။ ငါ၏ ထီးဖြူနန်းလျာကို တည်တံ့ခိုင်မြဲအောင် သမိန်ဗရမ်းတစ်ဦးတည်းသာ တာဝန်ယူ၍ တွန်းလှန်ပေးခဲ့သည် မဟုတ်လော။ ငါတို့ဘက်က သမိန်ဗရမ်းနိုင်သဖြင့် တရုတ်တို့သည် ပြောဆိုထားသည့် ကတိအတိုင်း တပ်နုတ်၍ ပြန်သွားကြလေပြီ။ သမိန်ဗရမ်းသည် နှစ်သက်ဖွယ်၊ ပီတိဖြစ်ဖွယ်၊ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော၊ ကြည်လင်လှပတင့်တယ်သော ပုဂ္ဂိုလ်ထူး တစ်ဦးဖြစ်ပေသည်။ ယခုအခါ သမိန်ဗရမ်းအား ငါ၏ ရာဇာဓိတာ သမီးကညာကို အပ်နှင်း၍ မဟာဥပရာဇာအဖြစ် ထားတော်မူမည်။ မှူးမတ်သေနာပတိများ ပသို့မြင်ကြပါသနည်း" ဟု မိန့်တော်မူ၏။ သို့စဉ် မှူးမတ်များက မည်သို့မျှ မတင်လျှောက်မီ သမိန်ဗရမ်းသည် ဦးခိုက်လျက်
"အရှင်မင်းကြီး၏ ရွှေဖဝါးတော်အောက်တွင် ကျွန်ုပ်ခစား၍ သည်တစ်ကြိမ် အမှုတော်ကို ထမ်းပေးသည်မှာ ဆန္ဒလေးပါးရှိပါသည်။
(၁) ကျွန်ုပ်သည် သုံ့ပန်းအဖြစ် သံခြေချင်းခတ်ထားသည့် ဒုက္ခမှ လွတ်မြောက်လိုသည့် ဆန္ဒတစ်ပါး။
(၂) အဝသာန်အဆုံးကာလတိုင်အောင် ကျွန်ုပ်၏ ကိတ္တိယဿ ကျော်စောမှုကို တည်တံ့စေလိုသည့် ဆန္ဒတစ်ပါး။
(၃) ကျွန်ုပ်အား ကွပ်မျက်စေလိုသည့် ဆန္ဒတစ်ပါး။
(၄) သို့မဟုတ် ကျွန်ုပ်အား ဟံသာဝတီပြည်သို့ ပြန်ခွင့်ပြုစေလိုသည့် ဆန္ဒတစ်ပါး
ပေါင်း ဆန္ဒလေးပါးဖြစ်ပါသည်။ ယခု အရှင်မင်းကြီးသည် ကျွန်ုပ်အား ရာဇဓိတာသမီးကညာပေး၍ မဟာဥပရာဇာ အိမ်ရှေ့မင်းအရာဖြင့် ချီးမြှင့်တော်မူမည်ဟု မိန့်တော်မူသည်မှာ မနှိုင်းယှဉ်နိုင်သော ဂုဏ်ကျေးဇူးပင် ဖြစ်ပါသည်။ သို့သော် ကျွန်ုပ် လက်မခံပါရစေနှင့်။ အရှင်မင်းကြီးပေးသည့်ဆုကို အရှင်မင်းကြီးအား ပြန်လည်ဆက်သပါသည်"ဟု လျှောက်ထားလေ၏။ ဘုရင်မင်းခေါင်ကြားတော်မူသော် 
"သမိန်ဗရမ်းသည် သူရဲကောင်း မျိုးရိုးဇာတိ ပီသည်။ အသက်ကို မနှမြော။ သေဘေးကို မကြောက်။ စည်းစိမ်သမ္ပတ္တိကို မမက်မော။ ရဲရင့်သည်။ မြင့်မြတ်သော သူရဲကောင်းဖြစ်ပေသည်။ သူ့ကျေးဇူးဂုဏ်တွေများသည်။ အင်းဝပြည်ကို ရန်သူအန္တရာယ်မှ လွတ်ကျွတ်အောင် ကူညီကယ်တင်မှု ပြုထားပေသည်။ သူ့အား ကွပ်မျက်ရန်မသင့်။ ဟံသာဝတီသို့လွှတ်လိုက်ရန်မှာလည်း ရာဇာဓိရာဇ်နှင့် ငါတို့သည် အချင်းချင်း စစ်ခင်း၍ မပြီးဆုံးကြသေး။ သူ့အား အင်းဝမှာ ထားမှ တော်မည်"ဟု စိတ်တွင်ဆို၍ တိတ်ဆိတ်စွာ နေတော်မူပြီး အတွင်းဆောင်သို့ ဝင်တော်မူသည်။ သို့နှင့် ခစားနေကြသော မှူးမတ်သေနာပတိများနှင့်တကွ သမိန်ဗရမ်းလည်း မိမိတို့၏ နေရာအသီးသီးသို့ သက်ကြကုန်၏။


ဒေါက်တာနိုင်ပန်းလှ
B.Sc (Hons)Ph.D,
LL.D(Pacific Western Un.)
L.A. USA










လွယ်အိတ်။      ။ သမိန်ဗရမ်းနှင့် ကာမဏိတို့၏ စီးချင်းတိုက်ပွဲအကြောင်းကို သမိုင်းပြုစုသူတို့မှ အမျိုးမျိုးကောက်ချက်ဆွဲကြသည်ကို ဖတ်ရှုမှတ်သားဖူးပါသည်။ အထင်အရှားအားဖြင့် ဒေါက်တာနိုင်ပန်းလှနှင့် ခေတ်ပြိုင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက (စကားချပ်။  ။ ထူးခြာချက်မှာ အဆိုပါမြန်မာ့အထင်အရှား သမိုင်းပညာရှင် နှစ်ဦးလုံးကို ခရစ်နှစ် ၁၉၂၃၊ တန်ခူးလတွင် ဖွားမြင်၍ ဒေါက်တာနိုင်ပန်းလှက ဒေါက်တာသန်းထွန်းထက် ရက်ပိုင်းမျှပို၍ အသက်ကြီးသည်။) သမိန်ဗရမ်းနှင့် ဂါမဏိစီးချင်းတိုက်ပွဲမှာ မြန်မာသမိုင်းပညာရှင်တို့မှ မျိုးချစ်စိတ်ဓါတ်ကို ဦးစားပေး၍ ဖြည့်စွက်ရေးသားခဲ့ကြသည်ဟု ဖွင့်ဆိုရှင်းပြခဲ့သည်။ ယင်းကို ဒေါက်တာသန်းထွန်းရေးသားသော ခေတ်ဟောင်းမြန်မာရာဇဝင်ကျမ်း၊ မြန်မာရာဇဝင်စာတန်းအမှတ်တစ် (တတိယအကြိမ်) စာ-၁၉ ၌
"သက္ကရာဇ် ၇၇၅ နှင့် ၈၃၇ ခုများတွင် တရုတ်စစ်ရောက်၍ သူရဲကောင်းတစ်ယောက်ချင်း စီးချင်းကစားရာတွင် အနှစ် ၆၄နှစ်သာ ခြားလျက် ဇတ်လမ်းတူ၍ မြန်မာဖက်မှ ဇာတ်လိုက်မှာ နှစ်ကြိမ်စလုံး သမိန်ဗရမ်းဖြစ်နေသည်မှာ တစ်နေရာရာတွင် မှားအံ့လောဟု သံသယဖြစ်စရာ ကောင်းနေပါသည်။ ထို့ကြောင့် တရုတ်မှတ်တမ်းများ၌ ရှာဖွေကြရာ ထိုအခါက မြန်မာနှင့်ရန်ဖြစ်သည်ဟု မတွေ့ရချေ။ "ဟု ဖေါ်ပြထားသည်။ သက္ကရာဇ်မှာ မြန်မာသက္ကရာဇ်ဖြစ်မည်ဟု ယူဆရ၍ ခရစ်နှစ်အားဖြင့် ၁၄၁၃ နှင့် ၁၄၇၅ ခန့် ဖြစ်ပေမည်။



ဒေါက်တာနိုင်ပန်းလှ၏ ကျမ်းတွင်လည်း မြန်မာနှင့် စစ်ပြုခဲ့သော တိုင်းပြည်မှာ တရုတ်ပြည်ဖြစ်ကြောင်းကို ခိုင်လုံသော အထောက်အထားမရှိကြောင်း ရှင်းပြထားသည်။ ယင်းကို ဒေါက်တာနိုင်ပန်းလှပြုစုသော ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း (အဋ္ဌမအကြိမ်) စာ -၃၃၇ ၌
"မြန်မာပေမူတွင် တရုတ်ဦးတည်ဘွားဟုဆို၏။ မွန်ပေမူတွင် တရုတ်ဧကရာဇ် ဟုဆို၏။ အမည်နာမကိုတိကျစွာ မပြဆို။ သည်အကြောင်းကို တရုတ်ရာဇဝင်၌လည်း မတွေ့ရသဖြင့် အချို့ရာဇဝင်ဆရာတို့က တရုတ်မဟုတ်ဟု မှတ်ယူကြသည်။ သို့သော် သိန္နီကို မင်းရဲကျော်စွာ တိုက်ခဲ့သည်ကို ထောက်၍ ကာမဏိသည် ရှမ်းတရုတ်ဖြစ်လေသလားဟု တွေးတောဖွယ်ရာရှိပါသည်" ဟူ၍ လည်းကောင်း၊
စာ-၃၂၉ ၌
"မွန်မူတွင် တကောင်းပြည်မှ ဧကရာဇ်မင်းသည် တရုတ်နိုင်ငံတွင် မင်းပြုစဉ်ဟု ဆိုသဖြင့် တရုတ်ပြည်မကြီးကို ဆိုလိုဟန်မတူ။ တကောင်းပြည်၌ရှိသော တရုတ်ကို ဆိုလိုဟန်တူ၏။ "
ဟူ၍ ရှင်းပြထားသည်။


ကျွန်တော့်သီးခြားကိုယ်ပိုင် အမြင်အားဖြင့် အင်းဝခေတ်တွင် မြန်မာ့စာပေအဆင့်အတန်းသည် လွန်စွာထွန်းလင်းခဲ့၍ ပင်လေးပင်၊ ရှင်လေးပါးကဲ့သို့သော စာဆိုအာဇာနည်များ ပေါ်ပေါက်ခဲ့သည်။ ယင်းကဲ့သို့ စာပေယဉ်ကျေးမှု မြင့်မားသည်နှင့်အညီ အင်းဝခေတ်၏ အခြေအနေကို ပေါ်လွင်စေသော စာပေမှတ်တမ်းများလည်း ကျန်ရှိခဲ့သည်။ ဆရာနိုင်ပန်းလှ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတွင်ပင် အင်းဝဘုရင်မင်းခေါင်နှင့် မွန်ဘုရင် ရာဇာဓိရာဇ်တို့ စစ်ခင်းသည့်အကြောင်းကို မွန်မူတွင်မည်သို့ဆိုလေသည်၊ မြန်မာမူတွင် မည်သို့ဆိုလေသည် ဟု အသေးစိတ် မှတ်တမ်းတင်နိုင်ခဲ့သည်။ ထို့အတူ သမိန်ဗရမ်းနှင့် ကာမဏိ စီးချင်းထိုးသည်ဟု  မွန်နှင့်မြန်မာ နှစ်ဖက်စလုံး၌ အညီအညွှတ် ဖေါ်ပြထားသည်ကို ကြည့်ခြင်းဖြစ် စီးချင်းထိုးခဲ့သည်ကား မှန်၏။ သို့သော် တရုတ်တို့၏ မှတ်တမ်းမှတ်ရာတို့၌ မဖေါ်ပြထားသဖြင့် စစ်ရောက်လာသူတို့မှာ တခြားအင်အားကြီးလူမျိုးတစ်မျိုး ဖြစ်တန်ရာ၏ ဟု စဉ်းစားမိသည်။  ဆရာဒေါက်တာသန်းထွန်းအဆိုအရ ပထမမြန်မာနိုင်ငံတော်တွင် ကချင်ပြည်နယ် (ဧရာဝတီမြစ်နှင့် ရွှေလီမြစ်စုံရာထက် အထက်ပိုင်း) မပါသေး၊ ယင်းပြည်နယ်ကို မြန်မာနှင့်ယူနန်နယ်စပ်ရှိ နန်ကျောင်တို့ အုပ်စိုးထားဆဲ) ဟု ဆိုလေသဖြင့် သမိန်ဗရမ်းနှင့်တိုက်ခိုက်ခဲ့သော လူမျိုးတို့မှာ ယူနန်ပြည်သား (သို့) အင်အားကြီးမားလာသော နန်ကျောင်တို့ ဖြစ်မည်ဟု ယူဆမိပါသည်။  ဤကား သုတပိုင်းဖြစ်သည်။


ရသပိုင်းအနေဖြင့်ကား ဤအကြောင်းအရာကို ဖတ်ရတိုင်း ကြက်သီးများထသည်အထိ လေးစားအားကျမိသည်သော အချက်အလက်တို့ရှိသည်။ ယင်းမှာ မွန်သူရဲကောင်းသမိန်ဗရမ်း၏ စူးရှထက်မြက်လာသော မြင်းရေးလည်းမဟုတ်၊ စီးချင်းထိုးခြင်း၏ အတိမ်အနက်ကို ပါးနပ်စွာ အသုံးချသွားသော စစ်မက်သေနကဗျူဟာ နှံ့စပ်မှုလည်းမဟုတ်၊ ကာမဏိခေါင်းကို ဖြတ်၍မြေသို့မကျမီ ချွန်းဖြင့်ချိတ်ကာ ရွှေနန်းရှင်ထံ ဆက်သပါမည်ဟု ရဲရဲတောက်ပေးဝံ့သော ကတိလည်းမဟုတ်ပဲ ၎င်းတို့ထက် ပို၍လုပ်နိုင်ခဲလှသော သီးခံခြင်းတရားပင် ဖြစ်သည်။


စင်စစ်အားဖြင့် သမိန်ဗရမ်းသည် မွန်သူရဲကောင်းဖြစ်၍ မွန်ဘုရင် ရာဇာဓိရာဇ်၏ သမီးတော်နှင့် လက်ဆက်ရသော ဘုရင့်သားမက်တော်ဖြစ်သည်။ အင်းဝနှင့် ဟံသာဝတီတို့၏ ကာလရှည်ကြာလှသော စစ်ပွဲများအတွင်း၌ အင်းဝသားတို့အား ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။ မြန်မာမင်းသား မင်းရဲကျော်စွာ၏ ဥပါယ်တံမျဉ်ကြောင့် မွန်သူရဲကောင်း လဂွန်းအိမ်ကျဆုံးရသည်ကို မခံရပ်နိုင်၍ အင်းဝတပ်တည်ရာသို့ တစ်ဦးတည်းဆင်ကို ချွန်းဖွင့်ကာ အပြင်းတိုက်သောကြောင့် အင်းဝစစ်သည်တို့ အများအပြား ကျဆုံးခဲ့ရဖူးလေသည်။ သုရှင် ရာဇဓိရာဇ် စစ်ဆုတ်ရာ၌ နောက်ချန်တပ်အနေဖြင့် အင်းဝသားတို့၏ စစ်ကိုခံရင်း မင်းရဲကျော်စွာလက်တွင်းသို့ကျရောက်ရကာ အင်းဝ၌ အကျဉ်းချခံနေရသူဖြစ်သည်။ ဘယ်လက်ကို၊ ညာသို့ မလှည့်ရ၊ ညာလက်ကို ဘယ်သို့မလှည့်ရ ဟုဖေါ်ပြထားသဖြင့် အင်းဝရှိမြေတိုက်ခန်းတစ်ခုအတွင်း၌ ခြေ၊လက်တို့ မလှုပ်နှိုင်အောင်ပင် သံလက်ထိပ်၊ သံခြေကျင်းတို့ဖြင့် နှစ်ရှည်လများ အချုပ်အနှောင်ခံထားရသည့် မွန်သူရဲကောင်းတစ်ဦး၏ ခံစားချက်တွင် အင်းဝသားတို့အား လက်စားချေလိုစိတ်များ ပြည့်နှက်နေလိမ့်မည်ဟု ခန့်မှန်းမိလျှင် လွန်မည်မထင်။  သို့သော် အင်းဝသို့ ပြည်ပစစ်ရောက်ချိန်တွင် အင်းဝပျက်ကာ ကစင့်ကလျားဖြစ်ပြီး မိမိလွတ်မြောက်နိုင်မည်၊ အင်းဝသားတို့အား လက်စားချေနိုင်တော့မည်ဟု မျက်တောင်မွှေးတစ်ဆုံး မတွေး၊ အင်းဝသည် ဟံသာဝတီ၏ တံခါးပေါက်ဖြစ်သည်၊ အင်းဝနှင့် မိမိတို့ဟံသာဝတီသည် စစ်ပြုမြဲဖြစ်ခဲ့သော်လည်း တိုင်းတပါးသားတို့ ဝင်ရောက်ကျူးကျော်ချိန်တွင် အင်းဝနှင့်ဟံသာဝတီတို့ပေါင်း၍ တိုက်မှတော်မည်ဟု အမျိုးသားရေးအတွေး တွေးသည်။ အင်းဝသားတို့အပေါ် မကျေနပ်မှုများရှိသော်လည်း၊ "အင်းဝနိုင်ငံကြီး တည်တံ့ခိုင်မြဲ၍ ကိတ္တိယဿကျော်စောခြင်းနှင့် ပြည့်စုံစေလိုသည်။ မြို့သူမြို့သား ရဟန်းပုဏ္ဏားများအား ချမ်းသာသုခတို့နှင့် ပြည့်စုံစေလို၍ ဖြစ်သည်" ဟု ရဲရဲတောက်ဆို၍ စီးချင်းတိုက်ရန် တာဝန်ယူသည်။ ပြုနိုင်ခဲလှစွာသော သီးခံခြင်း၊ အမြင်ကျယ်ခြင်း တို့ပင်ဖြစ်သည်။ ကာမဏိအား စီးချင်းအောင်နိုင်ပြီးသောအခါ၌လည်း အင်းဝဘုရင်မင်းခေါင်အား ဟံသာဝတီသို့ ပြန်ခွင့်ပြုရန်၊ မဟုတ်ပါက ကွပ်မျက်ပေးပါရန်သာ တောင်းဆိုသည်။ အိမ်ရှေ့ဥပရာဇာဘွဲ့ကိုပင် လက်မခံ။ သက်ဦးဆံပိုင် ဘုရင်စံနစ်တွင် မည်မျှကြိုးပမ်း၍အမှုတော်ကို ကျေပွန်စွာထမ်းရွက်နိုင်သည်ဖြစ်စေ၊ ရှင်ဘုရင်ထံ အတင်မှားပါက အကွပ်ခံရတတ်သည်ကို သိလျက်နှင့်ပင် သေဒဏ်တောင်းခံခြင်းမှာ၊ မိမိအားထုတ်မှုကို ရှင်ဘုရင်က ပို၍အရေးပေးလာစေရန် ဟန်လုပ်၍တောင်းခံခြင်းမဟုတ်ကြောင်း ထင်ရှားပေသည်။  ထိုကဲ့သို့ အမျိုးသားရေးအမြင်ကို အရှင်းဆုံးလင်းမြင်နိုင်စွမ်းရှိသော သမိန်ဗရမ်းသည် အင်းဝခေတ်က ပေါ်ထွန်းခဲ့သော သူရဲကောင်းတစ်ဦးဖြစ်သော်လည်း သူ၏အတွေးအခေါ်များသည် ယခုလက်ရှိအချိန်ထိသာမက နောင်အနာဂတ်နှစ်များစွာတိုင် လတ်ဆတ်နေဦးမည် ဖြစ်သည်။




(၎င်းတို့မှာ ကျွန်တော်၏ ကိုယ်ပိုင်ထင်မြင်ချက်သာ ဖြစ်ပါသည်။ ကျွန်တော်သည် သမိုင်းပညာရှင်လည်းမဟုတ်၊ သမိုင်းပညာဖြင့် ဘွဲ့ရသူလည်းမဟုတ်ပါ။ ဝါသနာအရသာ ဖတ်ရှုလေ့လာနေသော သမိုင်းဝါသနာပါသူ သက်သက်မျှသာ ဖြစ်သဖြင့် ကျွန်တော့်ထင်မြင်ချက်များသည် တက်တက်စင်အောင် လွဲကောင်းလွဲပါလိမ့်မည်။ အမြင်မတော်သော သမိုင်းပညာရှင်များ လမ်းပြပေးကြပါကုန်။)


ကျေးဇူးတင်စွာဖြင့်
   လွယ်အိတ်
(၁၈.ဇွန်လ.၁၂) 

No comments:

Post a Comment