(စာရေးဆရာ သော်တာဆွေ၏
“ကျွန်တော့်ဘဝဇတ်ကြောင်း အတွဲ ၂” မှ ကူးယူဖေါ်ပြပါသည်။)
ဦးဗဆွေသည်
ကျွန်တော့်အား ငွေငါးထောင်ပေးခဲ့ဘူးပါသည်။ သို့သော် … သူကိုယ်တိုင်ကတော့ မသိပါ။
ကျွန်တော်ကလည်း ဤငါးထောင်ကို မယူခဲ့ချေ။ သို့ရာတွင် ငွေငါးထောင်မကတန်သော
“နိုင်ငံရေးအသိ”တစ်ခုကို ကျွန်တော်ရခဲ့ပါသည်။
တင့်တယ် အင်္ဂလန်က
ပြန်ရောက်ခါစ ။
၁၉၅၃ ခု၊
ဆောင်းဦးပေါက်လောက်က ဖြစ်ပါသည်။
ထိုအချိန်မှာ ဦးဗဆွေသည် နိုင်ငံခြားသတင်းစာများက (သရဖူဆောင်းသော
မင်းသား)ဟု ချီးကျူးရေးသားလောက်အောင် မြန်မာပြည်မှာ ဘုန်းမီးနေလတောက်ပနေသော ကာလ၊
တနေ့သော
နံနက်ခင်းကြီးမှာ ဆီးနှင်းတွေဝေနေတုန်း ကျွန်တော်သည် ဦးဗဆွေ၏
ဟုမ်းလမ်းအိမ်ကြီးရှေ့သို့ရောက်ခဲ့ပါသည်။ ထိုအခါမှာ သူက ကာကွယ်ရေးဝန်ကြီးကဘဲ၊
ဘယ်သူအိမ်ထဲဝင်ချင်တိုင်း ဝင်ရမတုန်း၊ အပေါက်စောင့်ရဲဘော်တွေဆီကို
ကျွန်တော့်နာမည်နှင့် ကိစ္စရေးပေးရပါသည်။ တွေ့ချင်လို့ဆိုရုံနှင့် မရပါ။
သည်တော့ ကျွန်တော့်ကိစ္စက
ရေးပြဘို့ခက်နေသည်။ ခက်မှာပေါ့၊ ကျွန်တော့်ကိုယ်တိုင် ကိစ္စလည်းမဟုတ်။ တင့်တယ်ရဲ့
မယားပူဒုက္ခကိုးခင်ဗျ။ သူ ဘိလပ်မှာနေတုန်းက သွားလေရာအိမ်ထောင်ကျရပါစေရဲ့လို့ဆိုတဲ့
သနားစရာ ကျိန်စာသင့်ခဲ့ရှာတဲ့ ဆရာတင့်တယ်ဟာ ဟိုမှာမိန်းမတယောက်ရခဲ့တယ်ခင်ဗျ။
ဆရာတင့်တယ်ရဲ့ တချို့ဝတ္ထုတွေထဲမှာ ဂျုံးနီ၊ ဂျုံးနီနဲ့ တဂျီဂျီအော်ခဲ့တာကို ယခင်
ရှုမဝပရိတ်သတ်များ ဖတ်ဖူးခဲ့ကြလိမ့်မယ်။ လန်ဒန်မှာ သူရခဲ့တဲ့မိန်းမနာမည်က
ဂျုံးတဲ့ခင်ဗျာ။ ဆရာတင့်တယ် မြန်မာပြည်ပြန်ရောက်တော့ရင် သူက ဒီ “ဂျုံ”ကို “ဆန်”လုပ်ချင်တယ်။ အဓိပ္ပာယ်က အင်္ဂလန်ကနေပြီး
မြန်မာပြည်ကို ခေါ်ချင်တယ်ခင်ဗျာ။ အင်္ဂလန်ကတော့ ပြည်ပထွက်ခွာခွင့် “ပတ်စ်ဘုတ်”
ပေးဘို့ အဆင်သင့်ပါဘဲတဲ့၊ မြန်မာပြည်မှာဘဲ နေထိုင်ခွင့်အမိန့် “ဗီဇာ”ရဘို့
လိုနေတယ်။ ဆရာတင့်တယ်ဟာ ဘိလပ်သူမကို မြန်မာပြည်ခေါ်ဘို့ ကြိုးစားရှာတယ်။
သည်အချိန်မှာ ဦးဗဆွေက
တန်ခိုးအာဏာကြီးတဲ့ ဝန်ကြီးဖြစ်နေတော့ ဆရာတင့်တယ်က ကျွန်တော့်ကို “ဟေ့ … မောင်ဆွေ၊
မင်းဦးဗဆွေနဲ့ တော်တော်ရင်းနှီးသလား”လို့ မေးပါတယ်။
သည်နေရာမှာ ဦးဗဆွေနှင့်
ကျွန်တော်သိကြွမ်းရပုံကို ပြောရပါမယ်၊ အခုကွယ်လွန်သွားပြီဖြစ်တဲ့ မင်းရှင်နောင်ကအောင်သွယ်ပါ။
မင်းရှင်နောင်ဟာ နိုင်ငံရေးအားဖြင့် ဦးဗဆွေနှင့် အလွန်ရင်းနှီးသူပါ။
တနေ့
မင်းရှင်နောင်နှင့်ကျွန်တော် ဗိုလ်ချုပ်ဈေးရှေ့ဖြတ်အလျှောက်မှာ
ဗိုလ်ချုပ်လမ်းကနေပြီး မဂိုလမ်းထဲ ချိုးဝင်သွားတဲ့ ကားတစီးကိုကြည့်ပြီးတော့
မင်းရှင်နောင်က ..
“ဟေ့…. ဝန်ကြီးတွေကွ၊
ဘယ်သွားမလဲ မသိဘူး၊ ဟာ….ချစ်တီးထမင်းဆိုင်ရှေ့ရပ်တယ်၊ ထမင်းစားမလို့နဲ့တူတယ်၊
လာဟေ့မောင်ဆွေ၊ ဒို့လဲဝင်တုတ်ရအောင်” ဆိုတော့ ကျွန်တော်က …
“ဟ… ဝန်ကြီးတွေက
ဒို့ထမင်းမကျွေးတဲ့အပြင် ရိုက်ထုတ်နေပါအုံးမယ်၊ မလုပ်ပါနဲ့၊ ငါဝန်ကြီးရိုက်တာတော့
မခံချင်ပါဘူးကွာ”
“လာပါကွာ၊
ငါနဲ့ရင်းနှီးပါတယ်”
“ဟေ့အော …. မင်းနဲ့
ရင်းနှီး မင်းဘဲသွားကွာ၊ ငါနဲ့မှ မသိတာကြီး”
“ဟ…. မင်းနဲ့ လူချင်းမသိပေမယ့် မင်းစာတွေဖတ်ပြီး သူတို့က မင်းကို သိနေကြပါတယ်ကွ”
“ဟ…. ဝန်ကြီးတွေက ငါ့စာတွေ ဖတ်မလားကွ”
“ဖတ်တယ်ဆရာ၊ ဦးဗဆွေကဆိုရင် မင်းဝတ္ထုတွေကို ကြိုက်တယ်ကွ၊ ငါ့ကိုတောင် သော်တာဆွေ တနေ့ သူ့အိမ်ခေါ်ခဲ့စမ်းပါလို့ ပြောဘူးတယ်။ လာပါကွာ။ မင်းစိတ် ငါသိပါတယ်။ မင်းသိက္ခာငယ်ရမယ့်ဟာမျိုး ငါဘယ်တော့မှ မလုပ်ပါဘူး”
ဒါနှင့်
ကျွန်တော်တို့ချစ်တီးထမင်းဆိုင်ထဲ ရောက်သွားပြီး ဝန်ကြီးများနှင့်မိတ်ဆက်ရပါသည်။
ဦးဗဆွေ၊ ဗိုလ်မှူးအောင်၊
ဗိုလ်လှအေးတို့ သုံးယောက်ဖြစ်ပါသည်။
မင်းရှင်နောင်ပြောတာမှန်ပါသည်။
ဦးဗဆွေက ကျွန်တော့်ဝတ္ထုတွေ မပြတ်ဖတ်လေ့ရှိကြောင်းနှင့် မည်သည့်ဝတ္ထုတုန်းက
သူတို့ဖဆပလဝန်ကြီးတွေကို သရော်သည်၊ ကလော်သည်ဟုလဲ ပြောပြပါသည်။
ဦးဗဆွေနှင့် ကျွန်တော်
ဒုတိယအကြိမ် ထပ်မံရင်းနှီးရပြန်သည်မှာ စထရင်းဟော်တယ်၊ ဆိုဗီယက်အောက်တိုဘာ
တော်လှန်ရေးနေ့ အခမ်းအနားတွင်ဖြစ်ပါသည်။ ရုရှားသံရုံးမှ ဖိတ်ကြားခြင်းခံရသဖြင့်
သည်ဟော်တယ်မျိုးမရောက်စဖူး၊ အသောက်ထူးနေကြသော (ဝီစကိတွေကို ခင်ဗျ) ကျွန်တော်တို့
စာရေးဆရာတွေမှာ တော်တော်ထွေနေကြပါသည်။ သည်အချိန်မှာ ဦးဗဆွေကနိုင်ငံခြားသံတမန်ကြီးများနှင့်
ပြောဆိုနေကြပါသည်။
ယင်းကို ဆရာကြီးမဟာဆွေက
ကျွန်တော့်အား …..
“ဟေ့…. မောင်ဆွေ၊
ဗဆွေကို သွားပြီး ဆွဲခေါ်ခဲ့စမ်းကွာ၊ ဒီကောင်က နိုင်ငံခြားသားတွေကိုမှ လူထင်သလား။
ဒို့စာရေးဆရာတွေကို လာပြီးနှုတ်ဆက်ဖော်မရဘူး”လို့ မူးသံကြီးနှင့်ပြောလေတော့၊
ကျွန်တော်ကလဲ ဒီနေရာ ဒီကိစ္စမျိုးမှာ မမူးသေးရင်တော့ ယုန်သူငယ်၊ မူးပြီဆိုရင်တော့
ကျားဘဲ။
ဒါနဲ့ ကျားကြီးဗဆွေကို
ကျွန်တော်သွားဆွဲတော့၊ သူကျွန်တော်နဲ့ ကန့်လန့်ကန့်လန့် ပါလာပြီး …
“ဟေ့ ….. သော်တာဆွေ ဘာလဲကွ”
“ခင်ဗျားက ကျွန်တော်တို့နဲ့လာပြီး စကားစမြည်ပြောပါအုံးဗျာ”
“ဟေ…. မင်းက ငါ့…. ဘာပြောစရာရှိလို့လဲကွာ”
“ရှိတာပေါ့ဗျ”
“ဒါဖြင့် နောက်မှပြောကွာ”
“အာ… နောက်မှဆိုရင် ခင်ဗျားကို ဘယ်မှာတွေ့နိုင်လို့တုန်း၊ ခင်ဗျားလို ဝန်ကြီးတယောက်ကို ကျွန်တော်တို့လို လူတွေ့ဘို့က အရိမေတ္တယျအပွင့်မှာ ဖူးရလောက် ခက်နေတာ”
“ဟေ့ သော်တာဆွေ၊ ဒီလိုမပြောနဲ့ကွာ။ မင်းငါ့ကိုတွေ့ချင်ရင် အချိန်မရွေး၊ ငါ့ဆီကိုလာခဲ့ပါ။ မနက်နဲ့နေ့ခင်းပိုင်းမှာ ငါ့အိမ်၊ ညနေ ၄ နာရီကျော်ရင် ပြည်ထောင်စုကလပ်ကွာ”
ကျွန်တော်က
သူ့လက်ဆွဲလျက်ဘဲ ရှိနေသေးး၍
“ဟုတ်လား။ လွှတ်ကွာ ငါက
အခုမင်းတို့လို အပျော်သောက်၊ အမူးသောက်နေရတာ မဟုတ်ဘူးကွ။ နိုင်ငံခြားသံတမန်တွေနဲ့
စကားပြောနေရတာက နိုင်ငံ့တာဝန် ထမ်းဆောင်နေရတာဘဲကွ”
ယင်းမှ သူပြောတာ ဟုတ်ပါလားဟု မိမိအပြုအမူ အမှားကိုသိရှိကာ ဦးဗဆွေလက်ကို ကျွန်တော်လွှတ်လိုက်ရပါတော့၏။
ထိုကြောင့်
ထိုနေ့မနက်မှာ ဦးဗဆွေကိုတွေ့ရဘို့အတွက်
“ဦးဗဆွေ ခင်ဗျာ …
မင်းငါ့ကိုတွေ့ချင်ရင် အချိန်မရွေးလာခဲ့ပါ ဆိုစကားအရ ကျွန်တော် ယခုကိစ္စတခုအတွက် လာခဲ့ပါသည်။
သော်တာဆွေ ”
ကျွန်တော် ဤသို့ရေးပြီး၊ ရဲဘော်ကိုပေးလိုက်ပါသည်။ မကြာမီ ထိုရဲဘော်ပြန်လာပြီး ကျွန်တော့်ကို ဦးဗဆွေ၏အိမ်ကြီးပေါ်သို့ ခေါ်သွားပါသည်။
အလား…လား… ဧည့်ခန်းမှာ
ကျွန်တော့်လိုဘဲ ဦးဗဆွေကို ထိုင်စောင့်နေတဲ့လူတွေ အများကြီးပါလား။ မြန်မာများသာမက
နိုင်ငံခြားသား မျက်နှာဖြူ၊ မျက်နှာဝါ၊ မျက်နှာမဲတွေ ပါရဲ့။
ကျွန်တော်ရောက်ပြီး
မကြာမီဘဲ ဦးဗဆွေဟာ ကျွန်တော်ကျောခိုင်းထိုင်နေတဲ့ အခန်းထဲလာတယ်၊ အခန်းထဲကလူတွေ
မျက်စိဝေ့ကြည့်လိုက်ပြီး ကျွန်တော့်မြင်တော့ ကျွန်တော့်ဆီရောက်လာပြီး
ကျွန်တော့်ပခုံးပုတ်ကာ
“ဟေ့… မင်းနဲ့ငါတော့
အေးအေးဆေးဆေးပေါ့ကွာ”ပြောပြီး ခေါင်းရင်းခန်းထဲဝင်သွားကာ သူလာစောင့်နေတဲ့
ဧည့်သည်တွေကို တယောက်စီခေါ်တွေ့ပါသည်။
၅ မိနစ်လောက်နဲ့
ကိစ္စပြီးတဲ့လူ၊ ၁၅ မိနစ်က နာရီဝက်ကျော်ကျော် ကြာတဲ့လူတွေရှိပါသည်။ နောက်ဆုံး
ကျွန်တော်တယောက်တည်း။ ၁၀ နာရီကျော်နေပါပြီ။ ကျွန်တော့်ကိုတော့
သူ့အခန်းထဲမခေါ်ပါဘူး။ ကျွန်တော်ထိုင်နေတဲ့ ဆိုဖာရှည်ပေါ်မှာ သူလာထိုင်ပြီး
ဘေးချင်းယှဉ်လျက် ….
“ကိုင်း… မင်းကိစ္စက
ဘာတုန်းကွ”
ကျွန်နော်က
တင့်တယ်ပြဿနာကို တင်ပြလိုက်တော့သူက ခပ်အေးအေးပင် စတင်၍
“အော်… ဗီဇာရဘို့လား… ဒါ
ငါလုပ်ပေးနိုင်ပါတယ်ကွ”
သည်စကားကြားရတော့
ကျွန်တော့်စိတ်ထဲမှာ အောင်မယ်လေး သော်တာဆွေတို့ ကံထတော့ ငွေငါးထောင်ရဘို့
တယ်လွယ်ပါလားဟဲ့နော်လို့ စိတ်က ကျူးရင့်လိုက်မိတယ်ဗျ။ ဘာကြောင့်လဲဆို တင့်တယ်က
သူ့မိန်းမမြန်မာပြည်လာနေခွင့်ဗီဇာ ရအောင်သာလုပ်ပေးနိုင်ရင် ကျွန်တော့်ကို
ချက်ချင်းလက်ငင်း ငွေ ၅၀၀၀ိ ပေးမယ်လို့ ဆိုစကားရှိသကိုး။ အဲသည်အချိန်မှာ တင့်တယ်ဟာ
ဘိလပ်ကပြန်လာတာ မကြာသေး။ သူ့ဝတ္ထုတွေဟာ အင်မတန်ရောင်းလို့ကောင်းတယ်။ သူ့နာမည်ဟာလဲ
ထိပ်ဆုံးမှာနေတုန်း။ ရုပ်ရှင်ဇတ်ညွှန်းတွေကလဲ ထောင်၊သောင်းချီ ရနေခိုက်။ သူ
ကျွန်တော့်ကို တကယ်ပဲ ငွေငါးထောင်ပေးနိုင်ပါတယ်။ သူပေးလဲပေးမှာပါဘဲ။ အကယ်၍
ကျွန်တော်က ဈေးကိုင်တောင် တသောင်းလောက်ရနိုင်ပါတယ်။
ဟီ…ဟီ….သော်တာဆွေတို့
ပွပြီ…ပွပြီ ….
သို့သော် ဦးဗဆွေ၏စကားက
မဆုံးသေးပါ။ သူ ထားဝယ်သံဝဲဝဲကြီးနှင့် လေးလေးမှန်မှန် ဆက်၍လာပုံကား
“ဒါပေမယ့် တင့်တယ်။
မိန်းမဗီဇာ ပေးသင့်၊ မပေးသင့်ကို မင်းနဲ့ငါနဲ့ ဆွေးနွေးကြအုံးစို့ကွာ။
မင်းကစာရေးဆရာ၊ ငါကနိုင်ငံရေးသမား။ ဒီတော့ ဒို့နှစ်ယောက်လုံးမှ တိုင်းပြည်အတွက်
စဉ်းစားဘို့ရှိတယ်ကွ”ဟုဆိုပြီး သူခေတ္တစကားဖြတ်ထား၍ ကျွန်တော်က နားပေထောင်နေစဉ်
“ဟေ့…ဒီမှာ …သော်တာဆွေ၊ ဘိလပ်သားတွေ ဗမာပြည်မှာနေပြီး ဗမာမိန်းမတွေ မယူကြဘူးလားကွ”
“ဟာ.. ယူကြတာပေါ့ဗျာ”
“အေး…နို့ပြီး၊ သူတို့ ဘိလပ်ပြန်တော့ ဗမာမိန်းမတွေ ခေါ်သွားကြသလားကွ”
“ဟေ့…ဒီမှာ …သော်တာဆွေ၊ ဘိလပ်သားတွေ ဗမာပြည်မှာနေပြီး ဗမာမိန်းမတွေ မယူကြဘူးလားကွ”
“ဟာ.. ယူကြတာပေါ့ဗျာ”
“အေး…နို့ပြီး၊ သူတို့ ဘိလပ်ပြန်တော့ ဗမာမိန်းမတွေ ခေါ်သွားကြသလားကွ”
ကျွန်တော်.. မျက်လုံးကလေး ကြောင်တက်တက်နှင့် နှုတ်ဆွံ့အသွားလေပြီ။ ဦးဗဆွေက ဆက်ပြော၏။
“နို့ပြီး….တရုတ်၊ ကုလားတွေကောကွာ။ ဗမာမိန်းမတွေ ယူကြတာဘဲ မဟုတ်လားကွ။ ဒါပေမယ့်…သူတို့ပြည်ကြီးပြန်တော့ရင် ဗမာပြည်က မယားတွေ၊ သားသမီးတွေ ခေါ်သွားကြတယ်လို့ ကြားဘူးသလား”
“ဟင့်အင်း”
ကျွန်တော် ခေါင်းခါရပါတော့သည်။
“အဲဒါ….သူတို့မယားတွေ..သားသမီးတွေ မချစ်လို့ လို့မင်းဆိုနိုင်မလား”
“ဟာ…. ဘယ်ဆိုနိုင်မလဲဗျာ။ လူမှန်ရင် ကိုယ့်သားမယား ကိုယ့်ရင်သွေးကို ချစ်ကြတာချည်းပေါ့”
“ဒါပေမယ့်… သူတို့ဘာကြောင့် သူတို့တိုင်းပြည်ကို ခေါ်မသွားကြသလဲမင်းသိလား”
ကျွန်တော်က ခေါင်းခါလိုက်တော့ …
“အဲဒါ နိုင်ငံရေးဘဲကွ။ ဒီမှာသော်တာဆွေ၊ ဒို့တိုင်းပြည်ဟာ ကျွန်သပေါက်ဘဝ ရောက်ခဲ့ရလို့ လူမျိုးခြားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် နေချင်သလိုနေခဲ့ကြတာကို ဒို့ခံခဲ့ရတာကြာပြီ။ အခု ဒို့လွတ်လပ်ရေးရပြီမို့ ဒီကိစ္စတွေကို ဒို့အဖတ်ဆယ်ရမယ်”
သူခေတ္တစကားနား၏။ ပြီးမှ ကျွန်တော့် စေ့စေ့ကြည့်၍
“ဒီမှာသော်တာဆွေ၊ လူမျိုးခြားတွေ ဒို့တိုင်းပြည်ရောက်လာတယ်ဆိုရင် ဒို့လူမျိုးတွေရဲ့လုပ်စာကိုစားပြီး ဒို့တိုင်းပြည်ရဲ့ နေရာကောင်းတွေမှာနေကြတာကွ၊ သူတို့အဆင့်အတန်းက ဒို့လူမျိုးထက်များတောင် မြင့်နေလိုက်ကြသေးတယ်။ အဲဒါတွေတွေးပြီးတော့များ မင်းအသဲမနာဘူးလား သော်တာဆွေရယ်”
“အခု မင်းသူငယ်ချင်း တင့်တယ်ခေါ်လာချင်တယ်ဆိုတာက ဘိလပ်သူ မျက်နှာဖြူမဟုတ်လား၊ သူကဗမာပြည်ရောက်တော့ရင် ဘယ်အဆင့်အတန်းမှာ နေမလဲကွ၊ ဗိုလ်မက ဗိုလ်လိုဝတ်ပြီး ဗိုလ်လိုနေမယ် မဟုတ်လားကွ။ ဒီနေရာမှာ သူ့မယား သူထားတာပဲ၊ တင့်တယ်ရဲ့လုပ်စာလို့ မတွက်ရဘူး။ သူ ဘယ်နည်းနဲ့ရရ၊ ဒို့တိုင်းပြည်ရဲ့ ပစ္စည်းလို့ယူဆရမယ်။ နားလည်ရဲ့လား သော်တာဆွေ”
“ဟုတ်ကဲ့ ခင်ဗျ”
“နို့ပြီးတော့ အဲဒီဘိလပ်သူ ဗိုလ်မက ဒို့တိုင်းပြည်မှာနေပြီးတော့ သူတယောက်ထဲနဲ့ မပြီးသေးဘူး။ ခလေးတွေ မွေးအုံးမယ်ကွ၊ မျက်နှာဖြူကပြား ကကတစ်ကလေးတွေ၊ နောက်သူတို့ကတဆင့် တဆင့် နိုင်ငံခြားသား အဆက်အနွယ်တွေ ဘယ်လောက်ပွားများလာအုံးမလဲ၊ မင်းစဉ်းစားကြည့်စမ်းကွာ”
“ဟေ့…ဒီမှာ သော်တာဆွေ၊ ဒို့တိုင်းပြည်ဟာ ဒို့တိုင်းရင်းသားလူမျိုးတွေအတွက်သာ ဖြစ်ရမယ်ကွ။ ဒါဟာ ကမ္ဘာပေါ်မှာရှိတဲ့ လွတ်လပ်တဲ့တိုင်းပြည်တွေရဲ့ သဘောထားဘဲ။ အခုကြည့်စမ်း၊ ဘိလပ်သားနဲ့ တရုတ်၊ကုလားလူမျိုးတွေ ဒို့ဗမာမတွေယူပြီး ကပြားတွေမွေးဖွားကြ၊ နောင်သူတို့တိုင်းပြည်အစိုးရကလဲ သူတို့ပြည်က ပစ္စည်းလာစားမယ့် ပါးစပ်ပေါက်တွေကို ခေါ်လာခွင့်မပေးဘူးကွ။ သူတို့ကသာ သူများပြည်က စားမယ်၊ သူများပြည်က ယူမယ်။”
“ဟေ့..ဒီမှာ သော်တာဆွေ၊
သူတို့လူမျိုးခြားတွေက ဒို့တိုင်းပြည်မှာ သူတို့သွေးနဲ့ပေါက်ဖွားခဲ့ကြတဲ့
သားသမီးတွေတောင် ပစ်ထားခဲ့ကြသေးတာ၊ မင်းသူငယ်ချင်း တင့်တယ်က ဗမာပြည်လာပြီး
သားပေါက်မယ့် မျက်နှာဖြူမကို ခေါ်သင့်ပါသလား၊ မင်းစဉ်းစားပါကွ..။ မင်းက စာရေးဆရာပါ၊
ငါက နိုင်ငံရေးသမားဘဲ။ မင်းက သင့်လျော်တယ်ဆိုရင် အခုချက်ချင်းဘဲ အဲဒီဗီဇာပေးဖို့
ငါတယ်လီဖုန်းဆက် ပြောလိုက်မယ်။ မင်းဆန္ဒကို ငါမငြင်းပါဘူး။ ကဲ…. မင်း သူငယ်ချင်း
ပြဿနာ မင်းပဲ ဆုံးဖြတ်ပေရော့၊ ငါနောက်ထပ် ဘာတခွန်းမ မပြောတော့ဘူး။”
သည်နေရာမှာ
ကျွန်တော့်ရဲ့ ရင်ထဲက တုန်လာတယ်။ နှုတ်ခမ်းကတော့ ယဲ့ယဲ့ပြုံးလို့။ မျက်လုံးမှာတော့
မျက်ရည်တွေ ဝေ့လာတယ်။
ကျွန်တော်
သက်ပြင်းကြီးကိုချလိုက်ပြီး ဘေးချင်းယှည်ထိုင်နေတဲ့ ဦးဗဆွေရဲ့လက်ကို လှမ်းကိုင်ကာ
“ကျွန်တော် နားလည်ပါပြီဗျာ” လို့ပြောလိုက်တယ်။
သည်တော့ ဦးဗဆွေက
အင်မတန်ဝမ်းမြောက်တဲ့ မျက်နှာကြီးနဲ့ …
“ဒါဖြင့် မင်းကျေနပ်ပြီပေါ့နော်”
“ဟုတ်ကဲ့”
“ဒါဖြင့်… မင်းငါ့အိမ်မှာ ထမင်းစားသွားကွာ” ဟုဆိုပြီး သူ့အိမ်သားများအား “ဟေ့….ဒို့ထမင်းစားမယ်ကွ” ဟုလှမ်းပြောလိုက်လေ၏။
ထို့ကြောင့် တင့်တယ်လည်း
ဘိလပ်က ဂျုံးကို မခေါ်ဖြစ်၊ ကျွန်တော်လည်း သူ့ဆီက ငွေငါးထောင်မရ။
ဤအကြောင်းကို
ကျွန်တော်သည် ရွှေတူဂျာနယ်ထုတ်နေစဉ်က ဦးဗဆွေသည် “တော်လှန်ရေး၏ မြုပ်ကွက်၊
ရှုပ်ကွက်များ”ခေါင်းစဉ်ဖြင့် သူ့ဘဝ ကိုယ်တွေ့နိုင်ငံရေးများကို
အပတ်စဉ်ရေးနေသည်နှင့် ချစ်ဆွေနောင်ကြီးအား အမှတ်တရဟု (၁-၅-၇၁) နေ့ထုတ်
ရွှေတူဂျာနယ်တွင် ကျွန်တော်ရေးသားဖော်ပြခဲ့၏။
မှတ်ချက်။ ။ ထိုအချိန်က အော်စတင်ကားတစီး၏တန်ဖိုးမှာ
ရှစ်ထောင်ဝန်းကျင်ခန့်ဖြစ်ပါသည်။
အင်း...ဟုတ်ပ ဟုတ်ပ... အမှန်တွေချည်းပဲ.. ကျေးဇူးပါ သူငယ်ချင်းရေ.. ဒါလေးကို ပြန်ဖတ်ခွင့်ရအောင် ဝေမျှပေးလို့။
ReplyDeleteဒါလည်း ဟုတ်တာပဲ။
ReplyDelete