10/11/11

အခန်း (၁) History of Welding


Technology ကို လေ့လာမဲ့၊ လေ့လာနေဆဲ ညီငယ်၊ ညီမငယ်များအတွက် တထောင့်တနေရာက အကျိုးပြုစေဖို့ ရည်ရွယ်ရေးသားလိုက်ပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဝင်မယ့်သူဟာ welding နဲ့ပတ်သတ်တဲ့ဗဟုသုတတွေကို အကြမ်းဖျင်းသိထားဖို့လိုပါတယ်။ ကျွန်တော်ကိုယ်တိုင်က လေ့လာနေဆဲဖြစ်တဲ့အတွက် အမှားများပါခဲ့ရင် စေတနာအမှားသာဖြစ်ပါကြောင်းနဲ့ ပွင့်လင်းစွာဝေဖန်အကြံပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။


CHAPTER 1
1.1 ABOUT  WELDING
Welding ဆိုတာဟာ သတ္တုတွေကိုဖြတ်(သို့)ဆက်စပ်တဲ့ နည်းပညာတစ်ရပ်ပါ။ Welding နည်းပညာအပြင် တခြားသော သတ္တုများကို ဆက်စပ်တဲ့နည်းပညာတွေကို ကျွန်တော်သိသလောက် ဖေါ်ပြလိုက်ပါတယ်။
Rivet                  (ရပ်ဘစ် ရိုက်ခြင်း/သံမှိုဆွဲခြင်း)
Screwing            (ဝက်အူရစ်ခြင်း)
Bolts and Nuts    (ဘို့ နဲ့ နပ် စုပ်ခြင်း)
Casting              (ကြိုတင်ပုံစံသွင်းထားခြင်း/mold လောင်းထားခြင်း)
ဟုတ်ပြီ။ ဒါဆိုရင်တခြားနည်းတွေထက် ဘာလို့ welding နည်းပညာကို တွင်တွင်ကျယ်ကျယ်သုံးနေတာလဲဆိုတာကို လေ့လာကြည့်ရအောင်။ welding နည်းပညာရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို ကြည့်ကြတာပေါ့။


1.1.1 အားသာချက်များ (Advantages)
၁) ကောင်းမွန်သော welding joint တစ်ခုသည် အနည်းဆုံး မူရင်းသတ္တုထက် မာကျောခြင်း
၂) ပုံမှန်အားဖြင့် welding နည်းပညာသည် အခြားနည်းပညာများထက် ကုန်ကျစားရိတ် သက်သာခြင်း
၃) အများအားဖြင့် ရွေ့ပြောင်းရလွယ်ကူသော စက်ကိရိယာများကို အသုံးပြုရခြင်း
၎) အမျိုးအစားမတူသော သတ္တုတော်တော်များများကို welding နည်းဖြင့် ဆက်နိုင်ခြင်း
၅) ဖိအားဒဏ်ခံနိုင်သော (pressure tight) welding joint ဖြစ်စေနိုင်ခြင်း

1.1.2 အားနည်းချက်များ (Disadvantages)
၁) အန္တရယ်များသော လှိုင်း၊ မီးတောက်တို့ ထုတ်လွှတ်ခြင်း
၂) မူရင်းသတ္တုပြား၏ ပုံသဏ္ဍန်ပျက်ရွင်းသွားခြင်း
၃) ဆက်မည့်သတ္တုပြားများ၏ အထူ(နှုတ်ခမ်းသားများ)အား ကြိုတင်ပြုပြင်ထားရခြင်း
၎) အရည်သွေးမြင့် လုပ်သားများ လိုအပ်ခြင်း
၅) welding joint များသည် မူရင်းသတ္တုများနှင့် ဖွဲ့စည်းပုံ မတူညီတော့ခြင်း
၆) welding ဆက်ခြင်းကြောင့် မူရင်းသတ္တုပြား နှင့် welding joint ပေါ်တွင် stress များပေါ်လာခြင်းနှင့်, ယင်းအားပြေပျောက်စေရန် heat treatment များလိုအပ်ခြင်း၊

ဒါဆိုရင် welding နည်းပညာက ဘယ်ကစပြီးပေါ်လာတာလဲ။


1.2 HISTORY
- Welding အတတ်ပညာကို ကြေးခေတ်ကတည်းက အီဂျစ်ပြည်မှာစတင်အသုံးပြုနေပြီလို့သိရပါတယ်။ အီဂျစ်တွေရဲ့ အသုံးအဆောင်ပစ္စည်းတွေမှာ weldingကိုအသုံးပြုခဲ့ကြောင်းအထောက်အထားတွေ တွေ့ရတယ်လို့ မှတ်သားကြဖူးပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် welding နည်းပညာတွေလိုတော့ အဆင့်မမြင့်သေးသလို အသုံးလဲမတွင်ကျယ်ခဲ့ပါဘူး။

- ၁၈၀၀ ပြည့်နှစ်မှာ အင်္ဂလိပ်လူမျိုးစာပေ သိပ္ပံ  ပညာရှင် Sir Humphrey Davy (ရူပဗေဒ သိပ္ပံ ပညာရှင် Michael Farady ၏ဆရာ) က Carbon Electrodes Arc ကို ဘက်ထရီနဲ့လည်ပတ်နိုင်တဲ့ကိရိယာလေးက ထုတ်နိုင်အောင်တည်ထွင်နိုင်ခဲ့တယ်။ Arc welding (လျှပ်စစ်ဓါတ်ခုန်ကူးခြင်းဖြင့် welding ဆော်ခြင်း) တွေရဲ့ကနဦးအစဖြစ်ပေမယ့် ထိထိရောက်ရောက်အသုံးမပြုနိုင်သေးပါဘူး။

- ၁၈၃၆ မှာတော့ သူ့ရဲ့ညီဝမ်းကွဲ Edmund Davy က Acetylene (အောက်ဆီဂျင်နှင့်ဓါတ်ပြုပြီး အပူချိန် ၃၅၀၀°C ပြင်းအားရှိသော မီးတောက်ကိုထုတ်လွှတ်ပေးနိုင်သည်) ကိုတွေ့ရှိခဲ့တယ်။ Acetylene gas (ethyne)နဲ့ welding ဆော်တဲ့နည်းကို Oxy-fuel welding လို့ခေါ်ပြီး လက်တွေ့မှာအသုံးပြုလို့အဆင်မပြေပဲ ၁၉၀၀ ပြည့်နှစ်လောက်မှသာ ဒီနည်းပညာဟာ လက်တွေ့အသုံးချနိုင်တဲ့အဆင့်ကိုရောက်လို့လာပါတယ်။ အစပိုင်းမှာတော့ Oxy-fuel welding ဟာ ရွှေ့ပြောင်းရလွယ်ကူခြင်း (portability)၊ ကုန်ကျစရိတ်သက်သာခြင်း (low cost) တို့ကြောင့်အသုံးများခဲ့ပေမယ့် နောက်ပိုင်းမှာ Arc welding တွေက အစားထိုးဝင်ရောက်လာပါတယ်။

- ၁၈၈၂ နှစ်မှာ ရုရှားပညာရှင် Nikolai Benardos က လျှပ်စစ်ဓါတ်ခုန်ကူးခြင်း(Electric Arc)ဖြင့် welding ဆော်ခြင်း၊ Carbon Arc Welding ကိုဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းလူအသုံးများလာပြီး တည်ဆောက်ရေးလုပ်ငန်းကြီးတွေအထိပါ အသုံးပြုလာကြပါတယ်။ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာပါ တွင်ကျယ်လာပြီး ပထမဆုံး Arc Weldingကို တစ်စီးလုံးအတိုင်းအတာအထိ အသုံးပြုနိုင်ခဲ့တဲ့သင်္ဘောကတော့ ဗြိတိန်သင်္ဘော Fulagar ဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း(၁၉၂၀)ကတည်ဆောက်ခဲ့တာပါ။

- ၁၉၁၉ မှာတော့ welding သမိုင်းမှာယခုတိုင် အရေးပါအရာရောက်တဲ့ American Welding Society (AWS) ကိုထူထောင်ခဲ့ပါတယ်။ Alternative Current (AC) သုံး Arc welding process ကိုလည်း ဒီနှစ်မှာပဲစတင်နိုင်ခဲ့ပါတယ်။

- ၁၉၂၀ မှာ Automatic Welding ကိုစတင်အသုံးပြုနိုင်ခဲ့ပါတယ်။ Weldingဆော်ရာမှာ အသုံးပြုမဲ့ electrode ချောင်းကို ခဏ ခဏ အသစ်လဲတပ်စရာမလိုအောင် electrode stick နေရာမှာ consumable electrode wire ကို ရစ်ဘီးနဲ့ခွေထားပြီး wire ကုန်သွားသလောက်ကို အနောက်က ရစ်ဘီးကအလိုက်သင့်ဆန့်ထုတ်ပေးတဲ့နည်းပါ။ Welder လိုအပ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ welding အရည်အသွေးဟာ welder ပေါ်မှာလုံးဝ မူတည်နေပြီးတော့ welding seam ထဲမှာ လေပေါက်တွေ (porosity) နဲ့ ကြွတ်ဆတ်ခြင်း (Brittleness) ဖြစ်နိုင်ခြင်းတို့ပါပဲ။

- ၁၉၃၀မှာ Submerged Arc Welding (SAW)ကို စတင်သုံးစွဲနိုင်ခဲ့ပါတယ်။ ဒီနည်းကတော့ ဘီးတတ်ထားတဲ့စက်(welding machine)က လူသတ်မှတ်ပေးလိုက်တဲ့ setting အတိုင်း သံလမ်းတလျှောက် weldingဆော်သွားပြီး၊ လောလောလတ်လတ်ဆော်ထားတဲ့ welding seamကို ပြင်ပလေနဲ့မထိအောင် သဲ(သို့)ချော်တို့နဲ့ အလိုအလျှောက် လိုက်အုပ်ပေးသွားတဲ့နည်းပါ။ ကလေးတွေဆော့တဲ့ သံပတ်ရထားလေး ပြေးလမ်းပေါ်သွားသလိုမျိုးပါပဲ။ Welder မလိုပါဘူး။ ပုံမှန်အားဖြင့် weldingသား အရမ်းကောင်းပေမယ့် ကုန်ကျစရိတ်မြင့်မားတာရယ်၊ နေရာတိုင်းအသုံးပြုလို့မရတာရယ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်သုံးလို့မရပြန်ပါဘူး။ တနှစ်ထဲမှာပဲ New York Navy Yard က Stud welding ကိုစတင်သုံးစွဲခဲ့ပြီး သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ်သုံးလာကြပါတယ်။

- ၁၉၃၂ခုနှစ်မှာ Underwater Weldingကို ရုရှားပညာရှင် KONSTANTIN  KHRENOV က ဖေါ်ထုတ်ခဲ့ပါတယ်။

- ၁၉၄၈မှာ Battelle Memorial Institute က Gas Metal Arc Welding (GMAW) နည်းပညာကို တင်ပြခဲ့ပါတယ်။ သူ့ရဲ့အားသာချက်က welding ဆော်နေစဉ်မှာ weldingသားကို ပြင်ပလေနဲ့ ဓါတ်မပြုနိုင်အောင် gas တစ်ခုနဲ့ ကာထားတာပါပဲ။ အဲဒီ့Gasကို Shield Gas လို့ခေါ်ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ Shield Gas တွေရဲ့ ဈေးနှုန်းမြင့်မားတာပါ။

- ၁၉၅၀မှာတော့  Lyubavskii နဲ့ Novoshilov ဆိုသူတွေက CO2 (carbon dioxide gas)ကို shield gas အဖြစ် စတင်အသုံးပြုခဲ့ရာကစပြီး CO2 welding ဆိုပြီးလူသိများပါတယ်။ ဒီနှစ်ထဲမှာပဲ  ချော်ကို electrode အပေါ်မှာ Flux-coated electrode သုံး Shield Metal Arc Welding (SMAW)ကို အဆင့်မြင့်အောင်တီထွင်နိုင်ခဲ့ပါတယ်။ လက်ရှိလူသုံးအများဆုံးနည်းပါ။

- ၁၉၅၇မှာ Plasma Weldingကို တွေ့ရှိခဲ့ကြပါတယ်။

- ၁၉၅၈မှာ Electrode Beam Weldingကို စတင်ခဲ့ပါတယ်။

- ၁၉၆၀မှာတော့ Laser Weldingအထိ တက်လှမ်းနိုင်ခဲ့ကြပါတယ်။

- ၁၉၉၁မှာ Friction Stiir Weldingကို စတင်တွေ့ရှိခဲ့ပါတယ်။

အပေါ်မှာရေးခဲ့တာတွေကိုဖတ်ပြီး ရှုပ်မသွားပါနဲ့ဦး။ အကြမ်းဖျင်းတီးမိခေါက်မိအောင် ရေးခဲ့တဲ့သဘောပါ။ နောက်မှတစ်ခုချင်းစီကို ပြန်ဆွေးနွေးပါ့မယ်။


TYPES OF WELDING
Welding နည်းပညာတွေ အမျိုးမျိုးရှိတဲ့အထဲက အဆောက်အဦး construction တွေ၊ သင်္ဘောတည်ဆောက်ရေးနဲ့ ပြုပြင်ရေးတွေမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ Welding အမျိုးအစား ၂ မျိုးကိုဖေါ်ပြလိုက်ပါတယ်။
၁) Gas Welding နဲ့
၂) Arc Welding ပါ။

မှာပါရစေ၊ ပြောပါရစေ


ကိုယ်သေရင် မငိုနဲ့၊ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွတ်နဲ့လွတ်ပြီးသား၊ ကျွတ်ပြီးသား။
ထမင်းမထုတ်နဲ့၊သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။
အိုးမခွဲနဲ့၊ အိုးမလိုဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့၊ပြန်လိုက်ရမယ့်အစားမဟုတ်ဘူး။
ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့၊သံသရာကြီးမှာလည်ခဲ့သူ။
 
ကိုယ်သေရင် မငိုနဲ့ကြိုကြိုပြီးသေထားသူ။
“ဘုရားရှင်ရဲ့ဂုဏ်တော်”ကိုမြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့ မရဏမင်းဆီပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ -
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကိုဆက်လုပ်ဖို့၊
ဟောဒီချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ်မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့၊ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ
လူသာဆုံးတာကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။ ။


မိုးဟိန်း (သားဂျာနယ်ကျော်)

သားဂျာနယ်ကျော်သည် ဂျာနယ်ကျော် ဦးချစ်မောင်နှင့်ဂျာနယ်ကျော်မမလေးတို့၏ သားအငယ်ဆုံးဖြစ်သည်။ လည်ချောင်းကင်ဆာဝေဒနာခံစားခဲ့ရပြီး မကွယ်လွန်မီတွင် ကင်ဆာရောဂါနှင့် ပတ်သက်သော စာအုပ်များပါရေးသားခဲ့သည်။


9/25/11

ဖိုးမောင်လာပြီ (ဝတ္ထုတို)

ချမ်းအေးလှသော အညာဒေသ၏ မိုးညတစ်ညဖြစ်သည်။ သော်တာလမင်းသည် အေးမြသောအလင်းရောင်ကို အရပ်ရှစ်မျက်နှာတစ်ခွင်လုံးအားလွှမ်းခြုံထိန်ညှီးပေးထားသော်လည်း နေ့ဘက်ကရွာခဲ့သောမိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးသည် မြူမှုန်တို့ဖြင့်ရစ်သိုင်းကာ မှိုင်းပြပြရှိနေလေ၏။
တနေ့တာပတ်လုံး လယ်ထဲ၌ ထွန်ယက်စိုက်ပျိုးနေခဲ့ရသော ရွာသူရွာသားတို့သည်လည်း ပင်ပန်းနွမ်းနယ်သမျှကို အိပ်စက်ခြင်းဖြင့်ဖြေဖြောက်နေသည်ရှိကြသဖြင့် သူတို့ရွာကလေးသည် တခါတရံမှပေါ်ထွက်လာသော ဇီးကွက်အော်သံ၊ သစ်ရွက်တို့ လေတိုးသဖြင့် လှုပ်ခတ်သံတို့မှလွဲလျှင် ပကတိတိတ်ဆိတ်စွာအိပ်မောကျနေလေသည်။
     “ဝုတ်…ဝုတ်…ဝုတ်”
     ဂုတ်ကျား၏ ကျယ်လောင်သော ဟောင်သံက ည၏ငြိမ်သက်မှုကို လှုပ်နှိုး၍သွားစေသည်။ အစာရှာနေသော ညဉ့်ငှက်အုပ်တို့လန့်ကာ “ဝုန်းကနဲ”ထပျံကြသည်။ လှုပ်လှုပ်ရှားရှားဖြစ်သွားသော အသံများကြောင့် ရွာစည်းရိုးအတွင်းဘက်ရှိ လင့်စင်ထက်၌ ငိုက်ကောင်းနေသော ကင်းသမားများနိုးနိုကြားကြားဖြစ်ကုန်သည်။ ရွာစည်းရိုးဟုဆိုသော်လည်း ကျွန်းပင်၊ ပျဉ်းကတိုး စသော အပင်ကြီးများကို အလုံးလိုက်ချောသတ်ပြီးမှစိုက်ထူထားသောကြောင့် အတော်အတန်ခိုင်ခံ့ယုံမျှမက မြင့်လည်းမြင့်မားလှပေသည်။ လင့်စင်ကိုကား စည်းရိုးအတွင်းဘက်မှကပ်လျက်ဆောက်ထားပြီး စည်းရိုးထက်မြင့်သောကြောင့် လင့်စင်ထက်မှ ရွာအဝင်တံခါးမကြီးနှင့်တကွ ရွာနီးအစပ်ပတ်ဝန်းကျင်များကိုပါ မြင်နိုင်လေသည်။ ကျေးရွာအတွင်းရှိကာလသားများကား ဤလင့်စင်ထက်၌ ရပ်ရွာလုံခြုံရေးအတွက် အလှည့်ကျစံနစ်ဖြင့် ကင်းစောင့်ရလေသည်။ အကြောင်းကြီးငယ်ရှိပါ ရွာသူရွာသားများစုဝေးနိုင်စေရန် ကြေးမောင်းကြီးတစ်ခုကိုလည်း လင့်စင်ထက်တွင် ချိတ်ဆွဲထား၏။ ထိုကဲ့သို့ စနစ်ကျသောအစီအမံများကြောင့်လည်း ဤရွာကလေးသည် ခိုးသား၊ဓါးပြဘေးမှ ကင်းလွတ်နေရသည်မဟုတ်ပါလား။
   “ဟေ့ကောင် နီတွတ်၊ ဂုတ်ကျားဟောင်သံကြားတယ် ထကြည့်စမ်း၊ မင်းကွာ တာဝန်ချိန်ခွဲထားရဲ့သားနဲ့ ကိုယ့်တာဝန်ချိန်မှာ အိပ်ပျော်နေရတယ်လို့။”
လန့်နိုးလာသောကာလသားခေါင်းညွန့်ဖေက အလှည့်ကျကင်းသမားနီတွတ်ကို လှမ်းကြိမ်းသည်။
   “မအိပ်ပါဘူး..ဟ။ .မှေးကနဲဖြစ်သွားတာပါ။ ဒီအချိန်ဆို ဖိုးမောင်ပြန်လာတာပဲနေမှာပေါ့..”ဟုရေရွတ်ယင်း နီတွတ်က ပြေလျော့နေသောလုံချည်စဆွဲကာ အိပ်မှုန်စုံဝါးဖြင့်ထရပ်သည်။ တိုင်တွင်ချိတ်ထားသော မီးတုတ်တစ်ချောင်းကိုဖြုတ်ကာ ရွာတံခါးကြီးဘက်သို့ကြည့်သည်။ ကြည့်ပင်ကြည့်ငြားသော်လည်း အိပ်ချင်စိတ်မပြေသေးသောမျက်လုံးများက ရောင်ပြန်ဟတ်နေသောမီးတောက်ကိုကျော်၍ အောက်ဘက်သို့ သဲသဲကွဲကွဲမမြင်ရချေ။
   “ဟေ့..အောက်ကဘယ်သူလည်းကွ..”
နီတွတ် …… လှမ်းအော်မေးသည်။
   “ဟေ့.. နီတွတ်လား…ကျုပ်.. ဖိုးမောင်ပါ။ ချောင်းထဲက ငါးထောင်ပြီးပြန်လာတာ”
   “အော်…အေး …ဟေ့ကောင်သံလုံး၊၊ ဖိုးမောင်ပြန်လာတာကွ၊ မလွယ်ပေါက်ဖွင့်ပေးလိုက်” ဟုအောက်ဘက်တံခါးမကြီးတွင်တာဝန်ကျသော သံလုံးကိုလှမ်းအော်ပြောလိုက်သည်။ ကျွီ..ကနဲ ပွင့်သွားသော မလွယ်ပေါက်တံခါးမှ ဖိုးမောင်လျှိဝင်လာသည်။ မလွယ်တံခါးကား တံခါးပေါက်ဟုဆိုသော်လည်း ပင်မရွာအဝင်တံခါးမကြီး၏ ဘေးဘက်မှ လူတစ်ကိုယ်ဝင်ဆံ့ရုံသာဖောက်ထားသောကြောင့် ခမောက်၊ ပစ်ကွန်၊ ပလိုင်းတို့ဖြင့် ငါးထောင်ပြီးပြန်လာသောဖိုးမောင်မှာ ကိုယ်တစောင်းအနေအထားကိုပင် ခါးကိုင်း၍ခဲရာခဲစစ် ဝင်ရလေသည်။
   “ဖိုးမောင်…မင်း..ဒီညပြန်လာတာ တယ်နောက်ကျပါလား။ ဟင်းစားရှာတာလဲ ရှာတာပေါ့။ သတိလေးဘာလေးလည်းထားဦး။ ခေတ်ကြီးက ကောင်းတာမဟုတ်ဘူးကွ။”
တံခါးဖွင့်ပေးသော သံလုံးကဖိုးမောင်ကို ခရီးရောက်မဆိုက်ဆီးကာဆူသည်။ ဒီရွာမှာမွေး၊ ဒီရွာမှာအတူကြီးပြင်းခဲ့ကြသော ဆိုးတူကောင်းဖက်သူငယ်ချင်းများဖြစ်သောကြောင့် တစ်ယောက်စိတ်ရင်းကို တစ်ယောက်ကောင်းကောင်းသိသည်။ မောမောနှင့်ပြန်လာသောသူအား နားပူအောင်လုပ်နေသည်ဟု ဖိုးမောင်မထင်ရက်ပါ။ သူ့အား ဘေးအန္တရာယ်ကင်းစေလိုသော ငယ်သူငယ်ချင်း၏ ဂရုဏာဒေါသကို ဖိုးမောင်အပြုံးဖြင့်တုန့်ပြန်ရမည်သာ။
   “အေးပါဟ…ခုတလော အမ(အမေ)က သိပ်မမာတော့ ယာဂုထဲကို ငါးလေးဘာလေးထည့်ပြုတ်ကျွေးရင် ခံတွင်းလိုက်တယ်ဆိုလို့ပါ။”
   “မင်းအတွက် စိုးရိမ်လို့ပါ။ အရင်လက ကိုရင်ခွေးပု ထင်းခွေသွားရင်း တောပုန်းတွေသေနတ်နဲ့လိုက်ပစ်လို့ပြေးရတာ မင်းအသိပဲမဟုတ်လား။”
   “ငါသိပါတယ် … ကနေ့မှ ချောင်းထဲလည်း ငါးတွေလွှတ်ပွက်တာကိုး။ နောက်နေ့တွေကျ စောစောပြန်တာပေါ့.. ဟုတ်ပြီလား။ ဒါနဲ့ မင့်အိမ်အတွက် ဟင်းစားယူသွားဦး။ ကနေ့မိတာတွေ အကုန်အကောင်ကြီးတွေချည်းပဲ။ မင့်တအိမ်စာတော့ ကောင်းကောင်းလောက်တယ်။”
ပြောပြောဆိုဆိုနှင့် ဖိုးမောင် ပလိုင်းထဲမှငါးတစ်ကောင်ထုတ်ကာ သံလုံးအားပေးသည်။
    “ဂုပ်ကျား… ကနေ့တော့မင်းနေ့ပဲဟေ့။ လာ..အိမ်လိုက်ခဲ့ကွာ။ အိမ်ရောက်မှ ငါးရံ့ခေါင်းနဲ့ ထမင်းနယ်ကျွေး..မကွ။”
သံလုံးနှင့် စကားပြောနေရင်းမှ နံဘေးတွင်ဝပ်နေသော ဂုပ်ကျားဘက်သို့လှည့်ကာ ပြောခြင်းဖြစ်သည်။ ဂုပ်ကျားကလည်း ဖိုးမောင်ပြောသည်ကို သဘောပေါက်သည့်အလား ဝပ်နေရမှ ခေါင်းထောင်လည်ဆံ့ကာ အမြှီးလှုပ်ပြသည်။ အမှန်ကား ဂုတ်ကျားကား ခွေးလေခွေးလွင့်တကောင်တည်း။ ဂုတ်ကျားဟူသောနာမည်မှာလည်း ကင်းသမားတို့ပေးထားသောကြောင့် တွင်နေခြင်းဖြစ်သည်။ ဖိုးမောင် ငါးရှာမှပြန်လာတိုင်း ဂုပ်ကျားအား အစာကျွေးမြဲဖြစ်သဖြင့် သံယောဇဉ်တွယ်ကာ ဖိုးမောင်ပြန်လာချိန်တိုင်း ဤနေရာမှလာရောက် ဆီးကြိုနှုတ်ဆက်နေလေသည်။ ထို့ကြောင့်ပင် ဤအချိန်မျိုးတွင် ရွာတံခါးမှခွေးဟောင်သံကြားပါက ဂုပ်ကျားဟောင်သံဖြစ်၍ “ဖိုးမောင်လာပြီ”ဟု ရွာမှလူများ ဆိုစမှတ်ပြုကြကုန်သည်။
    “အင်း..ငါသွားတော့မယ်။ မနက်ကျမှဆုံတာပေါ”့
    “သြော်…အေး…အေး”
စကားမဆုံးမီ လရောင်အောက်တွင် ခမောက်ဆောင်းလျက် ငါးပလိုင်းကိုစလွယ်သိုင်း၊ ပစ်ကွန်ကို လက်ယာဘက်ပုခုံးပေါ်တွင်လျှိလျက် ထွက်ခွာသွားသောဖိုးမောင်ကျောပြင်ကိုကြည့်ကာ ကိုရင်သံလုံး သက်ပျင်းရှည်ကြီးချမိသည်။ ဖိုးမောင်မှာ ဖခင်တိမ်းပါးသွားချိန်မှစ၍ မကျန်းမာသောမိခင်အိုကြီးကို တစ်ယောက်တည်း မငြိုမငြင်ပြုစုနေသူဖြစ်သည်။ ဖခင်မဆုံးမီကပင် ချစ်တီးထံပေါင်နှံခဲ့ရသော လယ်ယာများမှာလည်း ဖခင်တိမ်းပါးပြီးနောက် ချစ်တီးလက် ဝကွက်အပ်လိုက်ရသည့်အပြင် မကြေလည်သေးသော အတိုးများကို မိမိလယ်ကွက်၌ပင် သူရင်းဌားဝင်လုပ်ကာ လုပ်အားဖြင့်ပေးဆပ်နေရသေးသည်။ အလုပ်သိမ်း၍ အိမ်ပြန်လျှင်လည်း ထင်းခွဲ၊ရေခပ်သည်မှအစ အိမ်ဝေယျာဝစ္စများမှာလည်း ဖိုးမောင်၏တာဝန်တည်း။ အိမ်မှုကိစ္စများပြီးဆုံးချိန်တွင်တော့ ဖိုးမောင်တစ်ယောက် ပစ်ကွန်ကိုလွယ်ကာ ရွာအပြင်ဘက်ချောင်းရိုးတစ်လျောက် မြုံးထောင်၊ ငါးရှာ၊ ဖားရှာထွက်ရလေပြီ။ ယခင်အချိန်များကတော့ ဖိုးမောင်နှင့်အတူအခြားကာလသားများပါ ငါးရှာထွက်လေ့ရှိကြသော်လည်း ချောင်း၏တဖက်ကတောထဲတွင် မည်သို့ရောက်ရှိလာမှန်းမသိသော သေနတ်ကိုင်လူရမ်းကားတစ်စုလာရောက် စခန်းချသည်မှစ၍ ရွာသားများမသွားလာဝံ့တော့ချေ။ ဝက်၊ကျွဲ၊နွား ပေါ်မှ သား၊ငါးစားသုံးရသော ယင်းရွာကလေးသည် ဖိုးမောင်၏ကောင်းမှုကြောင့် လတ်လတ်ဆတ်ဆတ်ငါးဟင်း၊ ဖားဟင်းတို့ စားသုံးခွင့်ရကြလေသည်။ ထို့အတွက် ဖိုးမောင်ပြန်ရသော စေတနာအဖိုးအခများကား ဆန်၊ဆီ၊ဆားမှအစ အခြားသောမီးဖိုချောင်သုံးပစ္စည်းများတည်း။ တစ်ဦးလိုအပ်ချက်ကို တစ်ဦးဖေးမကူညီပေးတတ်သော ဤရွာကလေးတွင် ဖိုးမောင်သည်လည်း တတပ်တအားဝင်ရောက်ဖြည့်ဆည်းပေးလျက်ရှိနေသည်. မဟုတ်ပါလား။


ချမ်းအေးလှသော အလားတူညတစ်ညဖြစ်သည်။ အုံ့မှိုင်းနေသောမြူမှုန်များကြားတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အေးမြငြိမ်သက်နေ၏။ ပုစင်းရင်ကွဲတို့၏အော်မြည်သံ၊ ဇီးကွက်ဟောက်သံ၊ အိမ်မြှေင်စုပ်ထိုးသံတို့ကိုလည်း ဟိုမှ၊ဒီမှကြားနေရ၏။
“ဝုတ်..ဝုတ်…ဝုတ်”
ရုတ်တရက် ထိုးဟောင်လိုက်သော ဂုပ်ကျားဟောင်သံက ရွာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ဟော… ဖိုးမောင်ပြန်လာပြီ။
လင့်စင်ထက်က ကင်းသမားက ထုံးစံအတိုင်း မီးတုတ်ဆွဲကာ ရွာတံခါးဘက်လှမ်းကြည့်သည်။ ရွာတံခါးဝတွင် လူတစ်ဦး တွေတွေကြီးရပ်နေသည်ကိုတွေ့ရသည်။ ဘယ်သူလဲ။ ဘာလို့ရပ်နေရတာလဲ။ ဟင်..ဖိုးမောင် ပါလား။ ဟုတ်ပ….။ သူ့ပုံစံအတိုင်း ခမောက်ဆောင်းလျက် ပလိုင်းလွယ်ကာ ရွာတံခါးဝတွင် ရပ်ကာတံခါးမကြီးအား တွေဝေပြီးမော့ကြည့်နေခြင်းဖြစ်သည်။ နေပါဦး… ထူးဆန်းလိုက်တာ။ အရင်တုန်းကလိုမျိုး တံခါးဖွင့်ပေးပါလို့ ဘာကြောင့်များမဆိုရတာတုန်း။ စက္ကန့်ပိုင်းအတွင်း စီးဆင်းသွားသောမေးခွန်းများကို အဖြေရှာရန် ကင်းသမားကလှမ်းအော်သည်။
   "ဟေ့..တံခါးဝက.. ဘယ်သူလဲဟေ့"
ကင်းစောင့်သမား၏ အမေးကား တံခါးဝတွင်ရပ်နေသူ၏ စိတ်ဝိညာဉ်ကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်ကာ ပြန်လည်၍ဟစ်အော်လေသည်။
   "ကင်းသမားတွေ.. မောင်းထုကြဟေ့၊ မောင်းထုကြ..။  လူစုပြီးငါတို့ရွာကိုကာကွယ်ကြ…။ ဓါးမြတွေ ငါ့ကိုဖမ်းထား …….. "
ဒိုင်း…ဒိုင်း ..ဒိုင်း ဟူသော ယမ်းပေါက်ကွဲသံများက ဖိုးမောင်၏ ဟစ်အော်သံကို ဖြတ်တောက်တားဆီးလိုက်သည်။
   "ဒူ…ဒူ…ဒူ…ဒူ"
   "ဝုတ်…ဝုတ်…ဝုတ်"
ယမ်းပေါက်ကွဲသံနှင့်အပြိုင် လင့်စင်ထက်မှ မောင်းသံ၊ ဂုပ်ကြား၏ ရင်ကွဲတမျှဟောင်သံ၊ ကင်းသမားတို့၏ အော်ဟစ်သံကား ရွာပတ်ဝန်းကျင်တစ်ခုလုံးသာမက ချောင်းရိုးတလျောက်အထိပင် ပဲ့တင်ထပ်၍သွားလေပြီ။ ရွာတစ်ခုလုံးလည်း မီးရောင်တို့ဖြင့် လင်းထိန်သွားသည်။ မြူငွေ့တို့လည်းပျယ်ရလေပြီ။ လေး၊ မြှား လက်နက်တို့ဖြင့် စုဝေးရောက်လာကြသော ရွာသားတို့၏ ညီညွတ်မှုကြောင့် ဓါးမြတို့လည်း သေနတ်ဖောက်ကာ ပြေးလေပြီ။
         တစစဖြင့် တိတ်ဆိတ်အေးမြခြင်းက ပြန်လည်ကြီးစိုးလာသည်။ မအေးချမ်း၊ မငြိမ်သက်နိုင်သည်မှာကား ရွာသူ၊ ရွာသားများ၏ ရင်ထဲမှသောကအပူမီးများသာလျှင်တည်း။ သွေးအိုင်ထဲ လဲလျောင်းနေရသော ဖိုးမောင်၏ ဖြစ်တည်မှုသည် မကြာမီဆုံးခန်းတိုင်ရောက်တော့မည်ကို သူတို့အားလုံးရင်ထဲတွင် လက်မခံချင်ပဲ၊ လက်ခံနေရသည်။ အိမ်မက်မဟုတ်မှန်းသိရက်နဲ့ အိမ်မက်ဖြစ်ပါစေကြောင်း ဆုတောင်းနေကြသည်။ တခဏအတွင်းဖြစ်ပျက်ခဲ့သောအရာများမှာ မယုံနိုင်အောင်များပြားလှသည်။ ငယ်ရွယ်သူတို့ကား တရှူံ့ရှူံ့ငိုနေကြလေပြီ။ ယောက်ျားသားများက ပါးရိုးများပေါ်သည်အထိ အံကိုကြိတ်ကာလက်သီးဆုတ်ထားကြသည်။ သက်ကြီးသူတို့ပင်လျှင် အကြောင်းမဲ့မျက်တောင်ပုတ်ခတ်ပုတ်ခတ် ခတ်ကာ၊ မျက်နှာတဖက်သို့လှည့်ထားရလေသည်။ သြော်…..ဒီညအဖို့..ညတာရှည်လွန်းပါတကား....။
        ကျွန်တော့်မျက်လုံးတွေက ဘာကိုမှ သဲသဲကွဲမြင်နိုင်စွမ်းမရှိတော့ပါ။ နားများမှာလည်း အူနေပြီး မသဲမကွဲ ဗလုံးဗထွေးအသံများသာကြားနေရပါတယ်။ ကျွန်တော့်နှုတ်ခမ်းတွေက သွေ့ခြောက်ကာ မလုပ်ရှားနိုင်တော့ချေ။ ရင်ထဲက စကားလုံးတွေက လည်ချောင်းဝမှာတင် ဆို့တစ်လို့နေပါတယ်။ ကိုယ်ခန္ဖာအနှံ့အပြားမှာလည်း နာကျင်မှုဒဏ်များကို အပြင်းအထန်ခံစားနေရပြီး ဝင်သက်ထွက်သက်တိုင်းဟာ ကျွန်တော့်နှလုံးသားကို ဆုတ်ချေနေသလိုခံစားနေရပါတယ်။ ဒါပေမယ့် ကျွန်တော်ကျေနပ်ပါတယ်။ မိမိကိုယ်က ထွက်တဲ့သွေးနဲ့ မိမိကိုမွေးဖွားခွင့်ပေးခဲ့သော ဤမြေ၊ ဤရွာ၊ ဤဆွေမျိုးများကို ကျေးဇူးဆပ်နိုင်ခဲ့ပြီလေ။ ခုတော့ ဒီရွာကလေး လုံခြုံသွားပြီ။ အန္တရာယ်ကင်းလွတ်သွားပြီ။ မကြာခင် ရောင်နီလာတော့မယ်။ ခွဲခွရတော့မယ်.။ မွေးသမိခင်ကျေးဇူးရှင်ကိုလည်း သားမောင် ဒီနေရာကကန်တော့ခဲ့ပါတယ်။ အပြစ်များရှိရင်ကျေပါစေ။ အခွင့်ရှိသေးရင်တော့ ဒီရွာကလေးကို နောက်တခေါက်လောက် မြင်ခဲ့စမ်းချင်ပါတယ် ..တဖြည်းဖြည်းနှင့် မြင်ကွင်းများတွေဝါးလာလေပြီ ……
ဂုပ်ကျား ဆွဲဆွဲငင်ငင်အူသည်……
“အူ…. အူ …… အူ…………”
တိုက်ဆိုင်စွာ ကောင်းကင်မှ ကြယ်တစ်ပွင့် လွင့်ကြွေသွားသည်။ ……

မိုးရာသီမှ ဆောင်းရာသီ … ဆောင်းရာသီမှနွေရာသီ ….. နွေရာသီမှမိုးရာသီ။ ရာသီတွေအလီလီပြောင်းလဲခဲ့ပါပြီ။ ဒါပေမယ့် သူတို့ရွာကလေးမှာ မပြောင်းလဲတဲ့ဖြစ်စဉ်တစ်ခုတော့ရှိနေပါသေးတယ်။ မပြောင်းလဲတာကတော့ ……

ချမ်းအေးလှသော မိုးညတစ်ညဖြစ်သည်။ အုံ့မှိုင်းနေသောမြူမှုန်များကြားတွင် ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း အေးမြငြိမ်သက်နေ၏။ ပုစင်းရင်ကွဲတို့၏အော်မြည်သံ၊ ဇီးကွက်ဟောက်သံ၊ အိမ်မြှေင်စုပ်ထိုးသံတို့ကိုလည်း ဟိုမှ၊ဒီမှကြားနေရ၏။
   “ဝုတ်..ဝုတ်…ဝုတ်”
ဂုပ်ကျားရုတ်တရက်ထိုးဟောင်သည်။
လင့်စင်ပေါ်ကကင်းသမားက ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာနေရမှ တစ်ကိုယ်တည်းခေါင်းညိမ့်ရင်း တီးတိုးပြောသည်
“ဖိုးမောင်လာပြီ” ……


ဝန်ခံချက်
ကဗျာဆရာ၊ ဆရာကြီးမင်းသုဝဏ် (၅-၁၂-၁၉၆၂) မှာ ရေးသားခဲ့တဲ့ ဖိုးမောင်လာပြီ ကဗျာကို ဖတ်ရတော့ ကျွန်တော် ရင်ထဲနင့်သွားအောင်ကို ခံစားရပါတယ်။ ဆရာ့ရဲ့ကဗျာအရေးအသားဟာ ရှင်းလင်းပြေပြစ်ပြီး စကားပြေပြန်စရာမလိုအောင်ကို ပြောင်မြောက်ကောင်းမွန်လှတဲ့ အရေးအသားပါ။
ဒီကဗျာလေးရဲ့ မူရင်းဇတ်အိမ်က ကောင်းလွန်းနေတာကြောင့် ဇတ်လမ်းတပုဒ်အနေနဲ့ပြန်ရေးကြည့်ဖို့ကြိုးစားပြီး ဒီဇတ်လမ်းလေးကို ရေးခဲ့မိတာပါ။ ဆရာ့ကဗျာဟာ အဆင့်အတန်းမြင့်မားလွန်းလို့ ကျွန်တော့်လိုငချွတ် တစ်ယောက်အနေနဲ့ ဒီလိုပြန်မရေးသားသင့်ဘူးလို့ နားလည်မိပေမယ့် ဆရာ့ကိုပူဇော်တဲ့အနေနဲ့ရော၊ ညီငယ်၊ညီမငယ်တွေကိုပါ ဇတ်လမ်းတစ်ခုအနေနဲ့ နားလည်သင့်တယ်လို့ ထင်မိတဲ့အတွက်ကြောင့်ပါ ရေးသားမိတာပါ။
ဇတ်လမ်း၊ ဇတ်အိမ် ကောင်းမွန်ပါက ဆရာမင်းသုဝဏ်၏ မူရင်းဇတ်အိမ် အင်မတန်ကောင်းမွန်ခြင်းကြောင့်ပါလို့ ရိုးသားစွာဝန်ခံလိုပြီး၊ တင်ပြချက်ညံ့ဖျင်းပါက ကျွန်ုပ်၏ညံ့ဖျင်းမှုသက်သက်သာဖြစ်ပါကြောင်း ပွင့်လင်းစွာဝန်ခံပါရစေ..။ ။



ကျေးဇူးတင်စွာဖြင့်
လွယ်အိတ်
၁၃.စက်တင်ဘာ.၂၀၁၁
(ခေတ္တတရုတ်ပြည်)

9/12/11

မင့်အိမ်


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေတည့်
နေထိကြွေမည့် ပန်းယဉ်အိ။
 
လှိုင်းအိအယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့ . . .
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့ . . .
ဝေးက မျှော်မှန်း၊ မင်းယော်ယမ်းသည်
ပန်းအိနေထိ ကြွေတော့မည်။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်းတက်ဖာပေါ့
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့ အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဥာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း ။ ။

ဆရာဇော်ဂျီ

  (ကျွန်တော်အပါအဝင် ဗမာပြည်သားညီငယ်၊ ညီမငယ်တွေ အလေးအနက်ထားစေဖို့ပါ။)

9/7/11

ပျောက်ဆုံးခဲ့သော မြန်မာပြည်

ချမ်းမွန် Wednesday, 24 November 2010 13:17 မြန်မာပြည်မှပေးစာ


ဟိမ၀န္တာ တောင်ခြေက နီပေါနိုင်ငံငယ်လေးရဲ့ မြို့တော် ခတ္တမန္ဒူကို ခြေချမိတယ်ဆိုရင်ပဲ လှပတဲ့ ရောင်စုံ ဆာရီဝတ်စုံတွေနဲ့ နီပေါပျိုမေတွေ လှုပ်ရှားသွားလာနေဟန် မြင်ကွင်းက ရောင်စုံပန်းခင်းကြီး တခုအလား ကျမကို ဆီးကြိုနေခဲ့တယ်။

လူမှုဖွံ့ဖြိုးရေး သင်တန်းတခုအတွက် ဒီအရပ် ဒီဒေသမှာ ၃ လတာ နေထိုင်ရမယ်ဆိုတဲ့ အသိနဲ့အတူ နီပေါရဲ့လူမှုဘ၀ကိုလည်း အထိုက်အလျောက် လေ့လာခွင့်ရခဲ့ပါတယ်။ တောင်အာရှရဲ့ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံငယ်လေးတခုလို့ သိထားခဲ့တဲ့ ကျမအတွက် ခတ္တမန္ဒူမြို့ နေရာတော်တော်များများဟာ မြန်မာနိုင်ငံနဲ့ ဆင်ဆင်တူနေသလို ခံစားရပါတယ်။

ဒီလိုနဲ့ မထင်မှတ်တဲ့တနေ့မှာ မြန်မာစကားပြောတဲ့ အသက် ၇၀ ကျော် အဘိုးအိုတယောက်ကို အမှတ်မထင် သိကျွမ်းခွင့် ရလိုက်တယ်။ အဘိုးက မြန်မာနိုင်ငံမှာ မွေးပြီး ၂၃ နှစ်လောက်အထိ မြန်မာပြည်မှာပဲ နေခဲ့တာ။ မြန်မာပြည်မှာ ကြီးတယ်လို့ ပြောရမှာပေါ့။ သူက ဂေါ်ရခါးလူမျိုးပါ။ နီပေါကို ပြန်ပြောင်းလာတာ နှစ်ပေါင်း ၅၀ ကျော်ရှိပြီလို့ ပြောပြပါတယ်။

ကျမကို မြန်မာနိုင်ငံက လာမှန်းသိသိချင်း သူမေးလိုက်တာက “နီပေါမှာ နေလို့တတ်ရဲ့လား” တဲ့။ သူ့ကိုကြည့်ရတာ ကျမကို နီပေါမှာ ၃ လ နေရမယ်ဆိုလို့ သနားနေတဲပုံ ရပါတယ်။

“ဘာလို့လဲ” လို့ ကျမမေးတော့ “နီပေါမှာ မီးကို အချိန်ပိုင်းနဲ့ ပေးတာ၊ တနေ့ကို ၂ နာရီ ပျက်တယ်။ မိုးရွာပြီးရင်လည်း လမ်းမပေါ်မှာ ရွံ့ဗွက်တွေနဲ့ ညစ်ပတ်နေရော၊ နေလို့တတ်ရဲ့လား” တဲ့။ “ဒီကလူတွေက မြန်မာတွေလိုမဟုတ်ဘူး၊ မယဉ်ကျေးဘူး၊ သမီး တော်တော် သည်းခံနေရမှာနော်” တဲ့။

လွန်ခဲ့တဲ့နှစ် ၅၀ ကျော်က မြန်မာနိုင်ငံရဲ့ ပုံရိပ်တွေထဲက မထွက်နိုင်သေးတဲ့ နီပေါအဘိုးဟာ ကနေ့ခေတ် နီပေါရဲ့ အခြေအနေကို မြန်မာနိုင်ငံကလာတဲ့ ကျမများ စိတ်ညစ်စိတ်ပျက်နေမလား စိုးရိမ်စိတ်နဲ့ ပြောနေရှာပါတယ်။

ပထမက ကျမကို အဘိုးက စနေတယ်လို့တောင် ထင်လိုက်တာ။ ဘာဖြစ်လို့လဲဆိုတော့ သဘာဝ သယံဇာတတွေနဲ့ လှပနေတဲ့နိုင်ငံလို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းခဲ့ရတဲ့ ကျမတို့ မွေးလာကတည်းက ဒီအချိန်အထိ မြင်နေရတာကတော့ မီးမမှန် ရေမလာနဲ့၊ နွေဆို ရေရှားပြီး မိုးတွင်းဆို မိုးရွာလို့ လမ်းပေါ်ရေလျှံနေတာ၊ ဒါတွေဟာ ကျမအတွက် နေ့စဉ် မြင်နေကျ မြင်ကွင်းတွေ ဖြစ်နေပြီ။ ကျမ မမွေးခင် နီပေါအဘိုးအို နေထိုင်ခဲ့စဉ်က မြန်မာနိုင်ငံကလည်း ဒီလိုပဲလို့ ကျမထင်ခဲ့တာပါ။

တကယ်တော့ နီပေါမှာ တနေ့ကို ၂ နာရီ မီးမလာဘူးဆိုတာ တပတ်မှာ ကြာသပတေး တရက်တည်း မလာတာ။ ကျမထင်တာ ကျမနေတာ မြို့တော်မို့လို့ မီးမှန်တာလားလို့ပေါ့။ ကျမ ရွာဘက်ကို သွားတော့ မြင်သမျှ မြင်ကွင်းအားလုံးက မြန်မာနိုင်ငံက ကျေးလက်ဒေသတွေ အတိုင်းပါပဲ။ ဒါပေမယ့် လူတိုင်းက ဟမ်းဖုန်းနဲ့၊ ဆိုင်ကယ်နဲ့၊ ၂၄ နာရီ မီးလာတယ်။ ပြောရရင် တော်တော် အံ့သြသွားတယ်။ ကျမ မလာခင်က နီပေါဟာ တော်တော်ဆင်းရဲတာပဲ၊ ဘာညာနဲ့ ကျမ ကြီးကျယ်နေခဲ့သေးတာ။ ကျမထင်တာ တော်တော်ကြီး လွဲသွားတယ်။

အဘိုးစကားကြောင့် ကျမ စဉ်းစားကြည့်မိတယ်။ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်က ကျမတို့နိုင်ငံ ဘယ်လောက်လှလိုက်မလဲ။ မြန်မာတွေ ဘယ်လောက် အဆင့်အတန်း ရှိလိုက်မလဲ ကျမ မြင်ယောင်မိတယ်။  ဒီနေရာမှာ ကျမ ပြောချင်တဲ့ အဆင့်အတန်းဆိုတာ လူနေမှုအဆင့်အတန်း ပညာရေး ကျန်းမာရေး အားလုံးကို ဆိုလိုချင်တာပါ။ ဒီလိုဆိုရင် မြန်မာလို့ပြောရမှာ ကြောက်နေ၊ ရှက်နေတဲ့ မြန်မာတွေ ဘယ်ကလဲလို့မေးရင် “ဖမာ့” လို့လည်း ရဲရဲတင်းတင်း ပြောလို့ရပြီလို့ ဝမ်းနည်းစွာ တွေးလိုက်မိတယ်။

အဘိုးက မြန်မာပြည်ကို တော်တော်ချစ်ပုံရပါတယ်။ အဘိုးက ကတ္တီပါဖိနပ်ကိုပဲ စီးထားပါတယ်။ မြန်မာပြည်ကနေ မှာယူတာလို့ ပြောပါတယ်။ ကျမကို အခုမှမြင်ဖူးပေမယ့် တော်တော်ဂရုစိုက်တယ်။ တပတ်လောက် မသွားရင် ဖုန်းဆက်ပြီး မေးတတ်တယ်။ မြန်မာစကား ပြောချင်လို့ပါတဲ့။

ကျမတို့နဲ့ အပြင်သွားတော့ အဘိုးက သူရဲ့ချွေးမကိုတောင် မြန်မာပြည်မှာနေဖူးတဲ့ အဆက်အနွယ်ထဲကမို့ သူတို့နဲ့ မျိုးနွယ်မတူဘဲနဲ့ လက်ခံခဲ့တာ လို့ပြောပါတယ်။ နီပေါတွေက မျိုးနွယ်စုကို ဘယ်လောက်အရေးထားလဲဆိုတာ သိတဲ့ ကျမအတွက် အဘိုးရဲ့ မြန်မာချစ်စိတ်က ကြက်သီးထစေပါတယ်။ ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ သူတို့လယ်မြေတွေကို သိမ်းလိုက်လို့ နီပေါကို ပြောင်းခဲ့ရပေမယ့် အဘိုးက မြန်မာကို ချစ်နေဆဲပါပဲ။

ကျမ နီပေါကို မလာခင် သူငယ်ချင်းက Passport Cover လေးတခု လက်ဆောင်ပေးပါတယ်။ အနက်ရောင်လေးပါ။ ပြီးတော့ ဘာပြောလဲဆိုရင် အနီရောင် Passport ကိုင်သွားရင် နီပေါလေဆိပ်မှာ ရစ်မှာစိုးလို့တဲ့။ ကျမ ဝမ်းနည်း ဒေါသ ခံစားချက်ပေါင်းစုံနဲ့ မြန်မာနိုင်ငံကမို့လို့ မြန်မာ Passport ကိုင်တာ ဖုံးကွယ်စရာမလိုဘူးလို့ ပြန်ပြောခဲ့ပါတယ်။

အဘိုးကို တွေ့လိုက်ရတော့ ကျမ တော်တော် အားတက်ပါတယ်။ ဝမ်းလည်း ဝမ်းသာသွားတယ်။ အဘိုးပြောတဲ့ မြန်မာနိုင်ငံကို ကျမ တကယ်မြင်ချင်ပါတယ်။ ကျမတို့တတွေ ရေမြေသယံဇာတ ပြည့်စုံတဲ့နိုင်ငံမှာ ယဉ်ကျေးတဲ့ လူမျိုးဖြစ်ပေမယ့် ညံ့ဖျင်းတဲ့ အုပ်ချုပ်ရေးစနစ်ကြောင့် မြန်မာတွေရဲ့ လူမှုအဆင့်အတန်း နိမ့်ကျနေတာကတော့ ရင်နင့်စရာပါပဲ။

နီပေါလို နိုင်ငံငယ်လေးတောင်မှ မြန်မာပြည်သူတွေထက် လွတ်လပ်မှုရှိနေတာတွေ့ရတော့ ကျမတို့ လွတ်လပ်ချင်လှပါပြီ။



www.irrawaddy.org/bur မှာ ဖတ်ခဲ့ဖူးတာလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်။
ပိုင်ရှင်ထံမှာ ခွင့်တောင်းခွင့်မကြုံတာကြောင့် ဒီအတိုင်းတင်ထားရတာပါ။  
ကျေးဇူးတင်ပါတယ်။

9/6/11

တို့တိုင်းပြည်


ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာ၊ တို့မြေ၊ တို့ရွာမြေ၀ယ်
စေတီ၊ စပါးများလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှို့းညှိုးနှင့်
ပုထိုး မြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှ မတင်နိုင်ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့
တို့ရွာတို့မြေ၊ တို့မြေရွာဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးမြားမြောင်၊ ဥာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ရွာလဲ
ဤယာစပါး၊ ဘယ်သူ့စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ပန်း၍
တ၀မ်းတစိတ် ညီစေသတည်း.....။

ဆရာဇော်ဂျီ

သင်သေသွားသော်


သြော် . . . လူ့ပြည်လောက၊ လူ့ဘ၀ကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည့်။
သို့တပြီးကား၊ သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတက်မြင့်၊ ကျန်ကောင်းသင့်၏
သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။


ဆရာဇော်ဂျီ